ရတနာပုံတက္ကသိုလ်မှာဆန္ဒပြခဲ့ တဲ့ကျောင်းသားတွေ ကျောင်းထုတ်ခံရ

ရတနာပုံတက္ကသိုလ်မှာဆန္ဒပြခဲ့ တဲ့ကျောင်းသားတွေ ကျောင်းထုတ်ခံရ
January 26, 2018 Fame Asian

4:39 pm
ရတနာပုံတက္ကသိုလ်မှာဆန္ဒပြခဲ့ တဲ့ကျောင်းသားတွေ ကျောင်းထုတ်ခံရ

27332021_1674832839227341_9070928055993581377_n

မန္တလေး၊ ဇန်န၀ါရီ ၂၆

ပညာရေးဘတ်ဂျက်တိုးမြှင့်ပေးဖို့ ရတနာပုံတက္ကသိုလ်အထဲမှာ ဆန္ဒပြသပိတ်မှောက်ခဲ့တဲ့ ကျောင်းသားတွေကို ကျောင်းကနေ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ပဲ ကျောင်းကနေထုတ်ပယ်ကြောင်းအကြောင်းကြားတဲ့စာရောက်လာခဲ့ပြီး စုစုပေါင်း ကျောင်းသား ၁၀ ယောက်ကျော် ကျောင်းကနေထုတ်ပယ်ခံခဲ့ရတယ်လို့ ထုတ်ပယ်ခံလိုက်တဲ့ ဆန္ဒပြကျောင်းသား ကိုရဲမျိုးဆွေက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“စုစုပေါင်း ၁၀ ဦးကနေ ၁၅ ဦးကြားရှိတယ်။ ကျွန်တော်တို့ မိဘတွေထံ ပြန်အပ်ခံရတဲ့ကျောင်းသားတွေ အားလုံးပါပဲ” လို့ သူကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သူ့ဆီကို ဒီကနေ့ ရောက်ရှိလာတဲ့စာထဲမှာတော့ ၂၆ ရက်နေ့ ရက်စွဲတပ်ထားပြီး ပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာန ဌာနမှူး ဦးဇော်မင်းဦးက လက်မှတ်ရေးထိုးထုတ်ပြန်ထားတယ်လို့ ကိုရဲမျိုးဆွေက ဆိုပါတယ်။

နောက်ထပ် ကျောင်းထုတ်ခံလိုက်ရတဲ့ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်သီဟရဲကျော်က “ကျွန်တော်တို့ အကုန်လုံးထုတ်ခံရတာ။ လောလောဆယ် ၈ ယောက်ဆီကိုတော့ ထုတ်တဲ့စာတွေရောက်ပြီ” လို့ ဆိုပါတယ်။

လောလောဆယ် စာလက်ခံရရှိတဲ့ ၈ ဦးကတော့ ကိုကျော်သီဟရဲကျော် ၊ ကိုရဲမျိုးဆွေ ၊ မအင်ကြင်းကိုကို၊ ကိုမျိုးသူရ၊ မအိရွှေစင်၊ ကိုနိုင်လင်းအောင်၊ ကိုအောင်ပြည့်ဖြိုး၊ မမြတ်စုစုအောင် တို့ ဖြစ်ပါတယ်။

ကျောင်းသားတွေကျောင်းထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ပညာရေးဝန်ကြီးဌာန ၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က “ဒါကတော့ တက္ကသိုလ်ဒီဂရီ ကောလိပ်တွေရဲ့ စီမံခန့်ခွဲခွင့်ကို စီမံခန့်ခွဲရေးကော်မတီဆိုတာရှိပါတယ်။ ကျွန်တော်တို့ အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ကတော့ တက္ကသိုလ်တွေကို အထောက်အပံ့ပေးရတာလောက်ပါပဲ စီမံခန့်ခွဲခွင့်က တက္ကသိုလ်ရဲ့ပါချုပ်ဆီမှာရှိပါတယ်။ ပါချုပ်တစ်ယောက်တည်းလည်းမဟုတ်ပါဘူး။ စီမံခန့်ခွဲခွင့်ပညာရေးဘုတ်အဖွဲ့တွေနဲ့ ဆွေးနွေးဆုံးဖြတ်ပြီးတော့လုပ်ဆောင်တာဖြစ်ပါလိမ့်မယ်” လို့ ပေါ်ပြူလာနယူးစ်ထံ ပြောပါတယ်။

ဒီကနေ့ ကိုရဲမျိုးဆွေထံရောက်လာတဲ့ စာထဲမှာတော့ ဇန်န၀ါရီ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ အထိ ရတနာပုံတက္ကသိုလ်လေးထပ်ဆောင်ရှေ့ နဲ့ ရတနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်း စာသင်ခန်းတွေမှာ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဒုတိယနှစ် ဥပဒေအထူးပြုကျောင်းသား မောင်ရဲမျိုးဆွေ ဟာ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာပြစ်မှုပြစ်ဒဏ် များ အပိုဒ်(ဃ) အပိုဒ် (၁) အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများအမှတ်စဉ်(၆) ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာပြစ်မှုများ အမှတ်စဉ်(၁) တို့ကို ဖောက်ဖျက်ကျူးလွန်တာကြောင့် ဇန်န၀ါရီ ၂၆ ရက်နေ့ကပြုလုပ်တဲ့ ရတနာပုံတက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက် အရ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်ကစတင်ပြီး သင်တန်းကနေ ရပ်စဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ရဲ့ စည်းကမ်းထိန်းသိမ်းရေး ဆိုင်ရာပြစ်မှုပြစ်ဒဏ် များ အပိုဒ်(ဃ) အပိုဒ် (၁) မှာတော့ “(၁)စာသင်ခန်းအတွင်း/အပြင်၌ သင်ကြားမှုကို အနှောက်အယှက်ဖြစ်စေရန် ပြောဆိုခြင်း ပြုမူခြင်း လုပ်ဆောင်ခြင်း (၂) ကျောင်းတွင်း/ပြင် ခိုက်ရန်ဖြစ်ပွားခြင်း (၃) ကျောင်းတွင်း /ပြင် အရက်သေစာသောက်စားမူးယစ်ခြင်း (၄) ကျောင်းမှ အခါအားလျော်စွာ ချမှတ်ထားသော ကျောင်းစည်းကမ်းများကို မလိုက်နာခြင်း (၅) တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်နှင့်သိပ္ပံများ၏ ဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေမည့် ကိစ္စများကို ပြောဆိုခြင်း ပြုမူခြင်း လုပ်ဆောင်ခြင်း” စတဲ့ အချက်တွေကိုလုပ်ရင် ကျောင်းကထုတ်ပယ်နိုင်သလို ပြင်းထန်စွာသတိပေးခြင်းတို့ကို ပြုလုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

တစ်ကယ်လို့ အဆိုပါကျောင်းသားတွေဟာ ပြစ်မှုဆိုင်ရာဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရရင် ကျောင်းက ထုတ်ပယ်နိုင်တယ် လို့ လည်း ထည့်သွင်းရေးသားထားပါတယ်။

YL + PHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*