ကြောင်တုပ်ကွေး ရောဂါအကြောင်း

ကြောင်တုပ်ကွေး ရောဂါအကြောင်း
January 19, 2017 Asian Fame

3:15 pm
ကြောင်တုပ်ကွေး ရောဂါအကြောင်း

cat-fluဆောင်းရာသီ၏ အဓိက ကာလဖြစ်သော ဒီဇင်ဘာလတွင် လည်း ရာသီဥတုက မအေး၊ ခရစ်စမတ်ဝန်း ကျင်မှာလည်း အနွေးထည် ဝတ်စရာ မလိုအပ်ခဲ့သော ဆောင်းဥတု က လွတ်လပ်ရေးနေ့ ကျော်လာချိန် ၌ အေးမြသည့် အရိပ်အယောင် ပြ လာခဲ့သည်။  ပုံ မှန် ဆောင်းဥတုအတိုင်း ချမ်းအေး သည်ဟု ကြားရပါသည်။

ရန်ကုန်မှာ အအေးပိုလာ ကြောင်း သိသာသည့် လက္ခဏာများ ကတော့ ဆေးခန်းသို့ လာကြသည့် အိမ်မွေး တိရစ္ဆာန်ပိုင်ရှင်များ နှပ် တရှုံ့ရှုံ့ ဖြစ်လာခြင်း၊ ချောင်းဆိုးကြ ခြင်းနှင့် ”တုပ်ကွေးဖြစ်နေလို့ပါ ဆရာမရေ” ဟု နှုတ်ဆက် စကား ပြောကြခြင်း တို့ကြောင့် ဖြစ်ပါ သည်။

ထို့နည်းတူစွာ မျက်ရည်ကျ၊ မျက်စိနာသော ကြောင်များကို ဆေးခန်း လာပြခြင်းလည်း တိုးပွား လာ၏။ နှာရည်ကျပြီး ပါးစပ်လေး ဟကာ အသက်ရှူနေ ရသော ကြောင် ကလေး များလည်း တွေ့မြင်ရသည်။ ချောင်းဆိုးနေသော ကြောင်ကလေး များ၊ ပါးစပ်နာပြီး အစာ မစားနိုင် သောကြောင်များ၊ ပါးစပ်မှ သွား ရည်တများများ ကျနေသော ကြောင် များလည်း ပေါများလာသည်။

ထိုကြောင်များ၏ ရောဂါလက္ခ ဏာများသည် ကြောင်တုပ်ကွေး ရောဂါကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်ဟု ပြောသော အခါ ကြား ဖူးနားဝ ရှိသူများက ”ကြောင်တုပ် ကွေးရာသီပြန်စ လာပြီပေါ့” ဟု ဆို ကြ၏။ ထဲထဲဝင်ဝင် ပိုမိုသိသူများ က ”ဒါဆိုတခြားကြောင်တွေကို မ ကူးအောင် ခွဲထားရမှာပေါ့နော်” ဟု ဆိုကြပြီး တစ်ကြိမ် တစ်ခါမှ မ ကြားဖူး မသိဖူးသေးသော ပိုင်ရှင် များက ”သြော်..လူတွေမှာ တုပ် ကွေး ဖြစ်တတ်သလို ကြောင်တွေမှာ လည်း တုပ်ကွေး ဖြစ်တတ်တာပဲ လား”ဟု တအံ့တသြ ဆိုကာ ရောဂါ အကြောင်း မေးမြန်း တတ်ကြပါသည်။

Influenza ဟုခေါ်သော တုပ် ကွေးရောဂါသည် လွန်ခဲ့သော နှစ် ပေါင်းများစွာ ကပင် လူနှင့် တိရစ္ဆာန် တို့ကို ရောဂါ ကျရောက်စေနိုင်သော အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတစ်မျိုးဖြစ်သည်။ တုပ်ကွေး (Flu) ဟုခေါ်သော အမည်သည် ၁၅ ရာစု အစောပိုင်း ကာလတွင် အီတ လီနိုင်ငံ၌ ပေါ်ပေါက်ခဲ့ပြီး ဥရောပ တစ်ခွင်သို့ ပျံ့နှံ့သွားခဲ့သည်။ ထို ရောဂါသည် ရုတ်တရက် ဖြစ်ပေါ် တတ်ပြီး လျင်မြန်စွာ ပျံ့နှံ့လေ့ရှိ သည်။ ထို့ကြောင့် ဤရောဂါကို ကြယ်များ၏ လွှမ်းမိုးမှု အောက်၌ ဖြစ်ပေါ်တတ်သော ရောဂါဟု တွေး ထင်ယူဆခဲ့ကြသည်။ အမှန်စင်စစ် ဤရောဂါသည် တုပ်ကွေး ဗိုင်းရပ်စ် ကြောင့် ဖြစ်ပေါ်လာသော ရောဂါ ဖြစ်ပြီး ရောဂါ လက္ခဏာများ အနေ နှင့် အဖျားတက်ခြင်း၊ ချမ်း၍ တုန်ခြင်း၊ ချောင်းဆိုးခြင်း၊ အာသီး ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ကျခြင်း၊ ကိုယ်လက်ကိုက် ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ မောပန်း ခြင်း၊ အချို့လူများတွင် အော့အန် ခြင်းနှင့် ဝမ်းပျက် ဝမ်းလျှောခြင်း တို့ ဖြစ်တတ်သည်။

လူများတွင် တုပ်ကွေးရောဂါ ဖြစ်ပွားတတ် သကဲ့သို့ တိရစ္ဆာန်များ တွင်လည်း တုပ်ကွေး ရောဂါ ဖြစ် ပွားတတ်ပါသည်။ ကြက်ငှက် တုပ် ကွေး ရောဂါ ကဲ့သို့ တုပ်ကွေးရောဂါ သည် လူကိုဖြစ်စေ၊ အခြားတိရ စ္ဆာန်များ ကိုဖြစ်စေ ကူးစက်သော အခါ အသက်ဆုံးရှုံးသည် အထိ ဆိုးရွားပြင်းထန် တတ်ပါသည်။

ဝက်များတွင် ဝက်တုပ်ကွေး ရောဂါ၊ ခွေးများတွင် ခွေးတုပ်ကွေး ရောဂါဖြစ်ပွား တတ်ပြီး ကြောင်များ တွင် ကြောင် တုပ်ကွေး ရောဂါဖြစ် ပွားတတ်သည်။

ကြောင်တုပ်ကွေး ရောဂါသည် လူတွင်ဖြစ်ပွားသော တုပ်ကွေး ရောဂါ ကဲ့သို့ပင် နှာရည်ကျခြင်း၊ မျက်ရည် ကျခြင်း၊  အာခံတွင်းရောင်ခြင်း တို့ ဖြစ်တတ်သည်။ အခြား ရောဂါလက္ခ ဏာများ အနေနှင့် ကြွက်သားများ၊ အရိုးအဆစ် များရောင်ခြင်း၊ ပါးစပ် ထဲမှာ အနာ များဖြစ်ခြင်း ၊ နှာချေ ခြင်း၊ နှာရည်တစ်စက်စက် ကျခြင်း၊ အသံဝင်ခြင်းနှင့် အဖျားတက်ခြင်း တို့ကိုလည်း တွေ့ရမည်။

အရွယ်ရောက်ပြီး ကြောင်တို့ တွင် တုပ်ကွေးရောဂါ ဖြစ်ပါက အ နည်းငယ် ခံနိုင်ရည် ရှိနိုင်သော်လည်း တုပ်ကွေး ရောဂါဝင်သည့် ကြောင် တိုင်းအား ဆရာဝန် ထံပြသပြီး ကုသ သင့်ပါသည်။ ငယ်ရွယ် နုနယ်သော ကြောင့်လေး များမှာ အခြေအနေ ပိုမို ဆိုးရွားတတ်သည်။ သို့သော် အရွယ်ရောက် ကြောင်များတွင် ရောဂါပိုး ပြင်းထန်စွာ ကျရောက် လျှင်လည်း အခြေအနေ ဆိုးရွား တတ်ကြောင်း တွေ့ရှိရသည်။

ကြောင်တုပ်ကွေး ရောဂါကို ဖြစ်ပွားစေသော ရောဂါပိုးများတွင် ဗိုင်းရပ်စ်ပိုး နှစ်မျိုးနှင့် ရံဖန်ရံခါတွင် အချို့သော ဘက်တီးရီးယားများ လည်း ပါဝင်ကြသည်။

ရောဂါပိုး ဝင်သွားသည်နှင့် ကြောင်သည် မျက်ရည်ကျခြင်း၊ နှာ ရည်ကျခြင်း၊ ပါးစပ်မှ သွားရည်ကျ ခြင်းတို့ ဖြစ်လာမည်။ ထိုအရည် များထဲတွင် ကြောင်တုပ်ကွေးရော ဂါပိုးများ ပါရှိတတ်သည်။ ကြောင် တုပ်ကွေး ရောဂါ ခံစားနေရသော ကြောင်သည် အခြားကြောင် များကို ရောဂါပိုး ကူးစက် စေနိုင်သော အဓိက အရင်းအမြစ် ဖြစ်သော်လည်း အ ပြင်ပန်း အမြင်အားဖြင့်  ကျန်းမာ သော အသွင်အပြင် ရှိပြီး ရောဂါပိုး သယ်ဆောင် ထားသော Carrier ကြောင်များကို လျှော့၍ မတွက်သင့် ပါ။  Carrier ကြောင် များသည် ရော ဂါဖြစ် ပွားနေသော ကြောင် များကဲ့သို့ပင် ရောဂါပိုးများကို စွန့် ထုတ်နိုင်သည့် အတွက် သူတို့၏ အစာခွက်၊ ရေခွက်၊ အရုပ်များအား ထိတွေ့ မိသော အခြားကြောင်များ ကို ရောဂါ ကူးစက်စေနိုင်သည်။ တုပ်ကွေးရောဂါ ဖြစ်နေသော ကြောင်ကို ပိုင်ရှင်က ပွေ့ချီပြီးမှ အ ခြားကြောင် များကို ထပ်မံပွေ့ချီ လျှင် လူ၏ အဝတ်အစားများမှာ ပေကျံသွားသော နှာရည်၊ မျက် ရည်၊ သွားရည် တို့မှတစ်ဆင့်ရောဂါ ပိုး ကူးစက်တတ်သည်။

ကြောင်တုပ်ကွေး ရောဂါသည် ဗိုင်းရပ်စ် ရောဂါဖြစ်သောကြောင့် ထိုဗိုင်းရပ်စ်ကို တိတိကျကျ နှိမ်နင်း နိုင်သည့် ဆေးဝါး မပေါ်ထွန်းသေး ပါ။ သို့သော် တုပ်ကွေး ဗိုင်းရပ်စ် ကြောင့် အသက်ရှူလမ်းကြောင်း တစ်လျှောက်ရှိ အပေါ်ယံအလွှာ များ ပျက်စီးသွားပြီး ဘက်တီးရီး ယားရောဂါပိုးများ ဝင်ရောက်နိုင် သဖြင့် အဆုတ်ရောင်သည် အထိ ပြင်းထန် ဆိုးရွားတတ်ပါသည်။

နှာခေါင်း ပိတ်ခြင်းသည် အ သက်ရှူရန် ခက်ခဲ စေသောကြောင့် ပါးစပ်နှင့် အသက်ရှူ ရသည်။ ပါး စပ်ထဲမှာ အနာ များဖြစ်ခြင်းသည် အစာမစားနိုင်ခြင်းကို ဖြစ်စေသည်။ ထို့ပြင် နှာခေါင်း ပိတ်နေသော ကြောင့် အစားအစာ ၏ အနံ့အရ သာကို မသိတော့ပေ။ ရေသောက် လျှင် သီးတတ်သဖြင့် ကြောင်သည် အစာမစားနိုင်၊ ရေလည်း မသောက် နိုင်ချေ။ ကြောင်၏ ခန္ဓာကိုယ် အသွင်အပြင်ကို အကဲခတ် ကြည့် လျှင် ရေဓာတ် ဆုံးရှုံးမှု အလွန် သိသာ သည်။ အချို့ကြောင်များသည် အ ဖျားတက်ခြင်းကြောင့် ကိုယ်ပူနေ မည်။ မျက်စိနာသော လက္ခဏာ ကို မကုသပါက ပိုမို ဆိုးရွားလာပြီး မျက်စိ ထိခိုက်စေတတ်သည်။ ငယ် ရွယ်သော ကြောင်ကလေး များတွင် မျက်စိနာခြင်းသည် ပိုမို ထင်ရှားပြီး အချို့ကြောင်များ၏ မျက်စိသည် မျက်ချေးများ ပိတ်ပြီး ရောင်ကိုင်းဖူး မို့နေတတ်သည်။ မျက်စိကိုသန့်ရှင်း ရေးလုပ်ပေးပြီး ဆွဲဖွင့်ပါက အတွင်း မှာအောင်းနေသော ပြည်ရည်များ ပန်းထွက် လာတတ်သည်ကိုတွေ့ရ သည်။ အလွန် ဆိုးရွားသော အခြေ အနေ၌ မျက်စိမှာ အနာဖြစ်ခြင်း၊ တတိယ မျက်ခွံရောင်ရမ်းခြင်းနှင့် မျက်စိ တိမ်စွဲသည်အထိ ဖြစ်တတ် သည်။

ကြောင်တုပ်ကွေး ရောဂါဖြစ် လျှင် မိမိ၏ ကြောင်ကို တိရစ္ဆာန် ဆေးကုဆရာဝန် ထံ အမြန်ဆုံးခေါ် သွားပြီး ကုသသင့်ပါသည်။ အချို့ အိမ်များတွင် ကြောင်ကောင်ရေ လေးဆယ်၊ ငါးဆယ်အထိ မွေးမြူ ထားကြရာ ကြောင်နှစ်ကောင်တုပ် ကွေးရောဂါဖြစ်ပါက နောက်နေ့ မှာလေးကောင်၊ နောက်တစ်နေ့ မှာ ရှစ်ကောင် စသဖြင့် ရောဂါ ကူးစက် နှုန်းမြန်သကဲ့သို့ ငယ်ရွယ်နုနယ် သော ကြောင်လေး များ သည် ရောဂါ ဒဏ်ကိုမခံနိုင်ဘဲ အသက်သေဆုံး ကြသည်လည်း ရှိသည်။

အချို့ အိမ်မွေး တိရစ္ဆာန်ပိုင် ရှင်များက မိမိနေအိမ်ရှိ ကြောင်များ ကြောင်တုပ်ကွေး ရောဂါ ဖြစ်ပွား နေမှ ကျန်ရှိနေသော ကြောင်များ ကို ကာကွယ်ဆေးထိုး ချင်ပါသည် ဟု တောင်းဆိုတတ်ကြသည်။ အ မှန်မှာ ကာကွယ် ဆေးထိုးသင့်သော အခြေအနေသည် မိမိ၏ ကြောင် ကျန်းမာရေး ကောင်းမွန်နေသော အခြေအနေ ဖြစ်ရမည်။ ကူးစက် ရောဂါ တစ်ခုဖြစ်ပွားနေသော အိမ် တွင် ကျန်ရှိနေသော ကြောင်များ သည် အမြင်အားဖြင့် ကျန်းမာသည် ဟု ထင်ရသော်လည်း ရောဂါပိုးကူး စက်ပြီး လက္ခဏာ မပြသေးသော ကြောင်များ လည်း ဖြစ်နိုင် သည်။ ရောဂါပိုးကို သယ်ဆောင်ထား သော  Carrier ကြောင်များလည်း ဖြစ်နေနိုင်သည်။

ကာကွယ်ဆေး မှန်မှန်ထိုးထား သောကြောင်များကပင် ရောဂါပိုး ကိုသယ်ဆောင်ထားသော Carrier ကြောင်များ ဖြစ်နေနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် တုပ်ကွေး ရောဂါ ဗိုင်းရပ်စ်၏ သဘာဝသည် မျိုးကွဲ (Strain) အမျိုးမျိုးပြောင်းလဲ နိုင်သော စွမ်းရည် ရှိနေသောကြောင့် ပင်ဖြစ်ပါသည်။ ကာကွယ်ဆေးထိုး ထားသော ကြောင်များသည် ကာ ကွယ်ဆေးထဲမှာ ပါဝင်သော Virus Strain တစ်ခု၊ နှစ်ခုအတွက် ကိုယ် ခံအား ရှိနေနိုင်သော်လည်း ပြောင်း လဲသွားသော ရောဂါပိုး Strain ဝင် ရောက်လျှင် ရောဂါဖြစ်ပွားတတ် သည်ကို တွေ့ရသည်။

အိမ်မွေး တိရစ္ဆာန် ပိုင်ရှင်များ အနေနှင့် မိမိ၏ ကြောင် အသက် နှစ်လတွင် ကာကွယ်ဆေး စတင် ထိုးသင့်သည်။ ကိုယ်ခံအား မြှင့်တင် ရန် ထပ်မံ ထိုးရသော Booster Vaccine သည် ကာကွယ်ဆေးထုတ် လုပ်သော ကုမ္ပဏီ ပေါ်လိုက်၍ အ ချိန်ကာလ အနည်းငယ် ကွာခြားကြ သည်။ သို့သော် နှစ်စဉ် မှန်မှန်ထိုး ရမည်ဆိုသော အချက် ကတော့ တူ ညီပါသည်။ ကြောင်ရောဂါကာ ကွယ်ဆေးများသည် ခွေး၏ ကာ ကွယ်ဆေးများထက် ဈေးပိုကြီးကြ သည်။ ဤသို့ ဖြစ်ရခြင်းသည် ထုတ် လုပ်သူ၏ စရိတ်စက ပိုမိုကုန်ကျမှု ကြောင့် မဟုတ်ပါ။ တင်သွင်းသူ များက ဝယ်လိုအား အပေါ် ချိန်ဆ တွက်ချက်ပြီးမှ  မှာယူ တင်သွင်းကြရ သောကြောင့် ဖြစ်ပါသည်။

မြန်မာမိသားစု တို့၏ ကြောင် မွေးမြူပုံ အလေ့အထမှာ အရေအ တွက် ကန့်သတ်၍ မွေးမြူခြင်း မဟုတ်ဘဲ ချစ်ခင်ကြင်နာ သနား တတ် သောကြောင့် မွေးမြူခြင်း ဖြစ်ရာ အိမ်တစ်အိမ်၌ အနည်းဆုံးကြောင် ကောင်ရေ လေးငါးခြောက်ကောင် မှ ကောင်ရေ ၄ဝ-၅ဝအထိ ရှိတတ် ကြ၍ အချို့က ကာကွယ် ဆေးမထိုး ကြပေ။ အချို့က မိမိတို့နှင့် လက် ပွန်းတတီး ရှိသော လေးငါးခြောက် ကောင်ကိုသာ ကာ ကွယ်ဆေး ထိုး ကြသည်။ ထို့ကြောင့် ကြောင်တုပ် ကွေးရောဂါ မဖြစ်ပွားအောင် ကာ ကွယ်သည့်အပိုင်းမှာ အားနည်းနေ ဆဲ ဖြစ်သည်။

အထူး သဖြင့် ကြောင်ကယ် ဆယ်စောင့်ရှောက်ရေး စင်တာများ တွင်းသို့ ယူဆောင် လာသည့် ကြောင် အသစ်များသည် ကြောင် တုပ်ကွေး ရောဂါ ပိုး သယ်ဆောင် သူများ ဖြစ် နေနိုင်သည်။ ထိုကြောင် များကို မူလရှိရင်း စွဲကြောင်များနှင့် ချက် ချင်း ရောနှော ထားလိုက် ပါက ရောဂါ ကူးစက်နိုင်သည်ကို သတိ ပြုသင့်ပါသည်။

ထို့ကြောင့် အိမ်မွေးကြောင် ချစ်သူများ အနေနှင့် မိမိ၏အိမ်မွေး ကြောင်မှာ ကြောင်တုပ်ကွေးလက္ခ ဏာများဖြစ်ပွားလာပါက-

– တိရစ္ဆာန်ဆေးကု ဆရာဝန်ထံချက် ချင်းခေါ်ဆောင်သွားပြီး ကုသပါ။
– ဆရာဝန်၏ ညွှန်ကြားချက် အ တိုင်း လိုက်နာပါ။
– ကျန်းမာသော ကြောင်များနှင့် မရောနှောစေရန် ခွဲခြားထားပါ။
– နေမကောင်းသော ကြောင်ကို ကိုင်တွယ်ပြီးလျှင် အဝတ်အစားလဲ၊ ရေမိုးသန့်စင်ပြီး၊ လက်ကို သေချာ စွာ ဆေးကြောပြီးမှ အခြားကောင် ကို ကိုင်ပါ။
– အစာခွက်၊ ရေခွက်သီးသန့်ထားပါ။
– ယခုမှစပြီး ကြောင်မွေးမည်ဆိုလျှင် ဆရာဝန်နှင့် တိုင်ပင်ပြီး ကာကွယ် ဆေးထိုးပါ၊ နှစ်စဉ်မှန်မှန်ထိုးပါ။

ကြောင်တုပ်ကွေး ရောဂါသည် ကြောင်အချင်းချင်းသာ ကူးစက် တတ်ပြီး လူကို မကူးစက်ပါ။ သို့ သော် လူမှာ တုပ်ကွေးရောဂါ ဖြစ် ပွားနေပါက အိမ်မွေးခွေး၊ အိမ် မွေးကြောင်များကိုကူးစက်ပြီး တုပ် ကွေးရောဂါ ဖြစ်ပွားစေကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာ ခင်စန်းမော်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*