မန်းအစိုးရရဲ့ ၀ယ်ယူခွင့်စာသာပါပြီး ကျန်လက်မှတ်တွေ ဘာမှမပါဘဲသယ်လာတဲ့ နွားအကောင် ၅၀၀ကို ကသာမှာရဲကဖမ်း

မန်းအစိုးရရဲ့ ၀ယ်ယူခွင့်စာသာပါပြီး ကျန်လက်မှတ်တွေ ဘာမှမပါဘဲသယ်လာတဲ့ နွားအကောင် ၅၀၀ကို ကသာမှာရဲကဖမ်း
September 27, 2017 Fame Asian

1:35 pm
မန်းအစိုးရရဲ့ ၀ယ်ယူခွင့်စာသာပါပြီး ကျန်လက်မှတ်တွေ ဘာမှမပါဘဲသယ်လာတဲ့ နွားအကောင် ၅၀၀ကို ကသာမှာရဲကဖမ်း

21766516_1557962447581048_1113419861743372667_n

ကသာ ၊ စက်တင်ဘာ ၂၇

စက်တင်ဘာ ၂၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် ထဲမှာ ဧရာဝတီမြစ်အတိုင်း သင်္ဘောနဲ့ ၂စီးနဲ့သယ်ဆောင်လာတဲ့ နွားအကောင် ၅၀၀ ကို ဖမ်းဆီးရမိလိုက်ပါတယ်။ဒီနွားအကောင် ၅၀၀ ရဲ့ပိုင်ရှင်ကတော့ ဗန်းမော်မြို့က ဖြစ်ပြီး သူတို့ဟာ မန္တလေးမြို့ကနေ ဧရာဝတီမြစ် အတိုင်းဗန်းမော်ကို သယ်ဆောင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပိုင်ရှင်ကတော့ ကချင်/တရုတ်လူမျိုးလို့သိရပါတယ်။

မသင်္ကာလို့ အာဏာပိုင်တွေက စစ်ဆေးရာမှာတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသယ်ယူပို့ဆောင်ခွင့် လက်မှတ်မပါဘဲ သယ်ဆောင်လာကြောင်းတွေ့ရှိရတယ်လို့ ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး ဥာဏ်ထွန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“တရားမ၀င်မှောင်ခိုသယ်လာတာရယ်လို့တော့မဟုတ်ဘူး။ စစ်ကိုင်းတိုင်း ဖြတ်သန်း သယ်ဆောင်ခွင့်လက်မှတ်မပါတာ။ မနေ့ညနေက မှ ဆိုတော့ ခုမှ နွားတွေကို ကောင်ရေရေတွက်တာလုပ်နေရတယ်။ အမှုကတော့မဖွင့်ရသေးဘူး” လို့ အဆိုပါဒုရဲမှူးကဆိုပါတယ်။

သင်္ဘော ၂စီးပေါ်မှာတော့ လူအယောက် ၃၀ ပါလာတယ်လို့သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရကတော့ ဒီကိစ္စအပေါ် ၄င်းတို့အနေနဲ့ ကချင်ပြည်နယ်အစိုးရရဲ့တောင်းဆိုမှုအရ ထောက်ခံစာရေးပေးခဲ့တာလို့ပဲ ပေါ်ပြူလာနယူးစ်ရဲ့ဆက်သွယ်မေးမြန်းမှုကို ပြန်ဖြေပေးပါတယ်။

“ကချင်နဲ့မန္တလေးနဲ့ထောက်ခံချက်နဲ့လုပ်ပေးတာပါ၊ ကချင်ပြည်နယ်မှာအသားတိုးကိစ္စတွေမွေးမြူမယ်ဆိုပြီးတော့ ကချင်ပြည်နယ်က request ကြောင့် ကျွန်တော်တို့ဆီက ထောက်ခံပေးတာပါ၊ ကျွန်တော်တို့ထောက်ခံချက်ပါတယ်ဆိုတာဟုတ်ပါတယ်၊ ပြည်သူလူထုအတွက် အသားတိုးကိစ္စရပ်တွေ လုပ်မယ်ဆိုလို့ ပြည်သူအတွက်အထောက်အကူဖြစ်အောင်လုပ်တာပါ၊ အစိုးရကတရားဝင်ခွင့်ပြုလိုက်တာပါ၊ ကျန်တဲ့အပိုင်းတော့ကျွန်တော်မသိပါဘူး” လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အတွင်းရေးမှူးဦးမြင့်တင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ ကတော့ “ကသာထိဆိုရင်လည်း ကြားထဲမှာ ရေကင်းတွေ ကင်းစခန်းတွေရှိတယ်။ ကြားထဲကနေ ဘယ်လို တွေလွတ်လာခဲ့လဲတော့မသိဘူး ” လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာ စစ်ကိုင်းတိုင်းစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက “၂၆ ရက်နေ့ ၂ နာရီခွဲလောက်မှာ ဧရာဝတီမြစ်အတိုင်း ညောင်ခြေထောက်ကျေးရွာ နားမှာ နယ်မြေရဲကင်းကတွေ့လို့ မြို့နယ်ရဲကိုအကြောင်းကြားတာ။ ဒီတော့ အနီးစပ်ဆုံး တုံးဘောကျေးရွာကို ကပ်ခိုင်းလိုက်တယ်။ သံခွံသင်္ဘော ၂စီးနဲ့ ။ သူ့မှာက မန်းအစိုးရအဖွဲ့က ကနေ နွားအကောင် ၅၀၀ ကိုဝယ်ယူခွင့် ပြုပါတယ်ဆိုတဲ့ ထောက်ခံစာပါတယ်။ ပြီးတော့ နွားကျန်းမာရေးကောင်းကြောင်းထောက်ခံချက်တစ်ခုပါတယ်။ကျန်တာဘာမှမပါဘူး။ တစ်ကယ်လို့ မန္တလေးကနေ ဗန်းမော်ထိသယ်မယ်ဆိုရင် စစ်ကိုင်းတိုင်းကိုဖြတ်မယ် ဒီတော့ စစ်ကိုင်းတိုင်းဖြတ်သန်းခွင့်လက်မှတ်လိုမယ်။ ပြီးတော့ ဗန်းမော်ထိ သယ်မှာဖြစ်တဲ့အတွက် ကချင်ပြည်နယ် ဖြတ်သန်းခွင့် လက်မှတ်လိုမယ်။ဒါတွေစုံမှသယ်ရမှာလေ။ အခုတော့ ရဲတပ်ဖွဲ့က စစ်ဆေးတဲ့ ကိစ္စတွေလုပ်နေပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မန္တလေးက နေ စစ်ကိုင်းတိုင်းအထိကို ကြားထဲမှာ မင်းကွန်း (ကင်းရုံး) ၊ သစ်ဆိမ့် ၊ ရှိန်းမကား ၊ အင်ဒေါင်း ၊ မှော်ဦး ၊ ထုံးကြီး ၊ စဥ့်ကူး ၊ ကျောက်မြောင်း (ကင်းရုံး) ၊ မအူ ၊ ရွှေကျင် ၊ ကဘွက် ၊ အညာသီဟတော ၊ သပိတ်ကျင်း ၊ မလယ် ၊ တကောင်း၊ ကြံညှပ် ၊ ထီးချိုင့်၊ မြတောင် (ကင်းရုံး) စတဲ့ စစ်ဆေးရေးဂိတ်တွေနဲ့ကင်းရုံးကြီးတွေတည်ရှိနေတယ်လို့ သိရပါတယ်။

ဒီနွားအကောင် ၅၀၀ တင်သင်္ဘော ၂စီးဟာ အဆိုပါ စစ်ဆေးရေးဂိတ်တွေအားလုံးကိုကျော်ဖြတ်ပြီး စစ်ကိုင်းတိုင်း ကသာရောက်မှသာ စစ်ဆေးတွေ့ရှိဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

Ye Lwin, Saw Htwe
Photo – မြင့်ဦး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*