ပြည်တွင်းစစ်ဘေး ငြိမ်းချမ်းရေးဆေးဖြင့်သာ

ပြည်တွင်းစစ်ဘေး ငြိမ်းချမ်းရေးဆေးဖြင့်သာ
November 2, 2016 Asian Fame

9:09 am
ပြည်တွင်းစစ်ဘေး ငြိမ်းချမ်းရေးဆေးဖြင့်သာ
In Letters from Editor

ပြည်တွင်းစစ်ဘေး ငြိမ်းချမ်းရေးဆေးဖြင့်သာ

နိုင်ငံတစ်ခု၏တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးနှင့်ဆက်စပ်နေသည်။   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်၏ နိုင်ငံတော်တည်ငြိမ်ရေး နှင့် တရား ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို စိန်ခေါ်နေသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ လက်ရှိ NLD  အစိုးရလက်ထက်တွင်လည်း ယင်း စိန်ခေါ်မှုသည်မြင့်တက် နေဆဲဖြစ်သည်။

အချို့က သမိုင်းတစ်လျှောက်တွင် တပ်မတော်ကျောထောက်နောက်ခံပြု အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား လက်နက်ကိုင် များ၏အရေးကို နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာသော နည်းလမ်းတို့ကိုမသုံးဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်း နည်းကိုသာ အားသန်ခဲ့၍ ဤပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ သက်ဆိုးရှည် နေခြင်းဖြစ်သည်။

အရပ်သားစစ်စစ်အစိုးရလက်ထက်တွင် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာသော နည်းလမ်းကိုသုံး၍ ဆောင်ရွက်ပါ က အောင်မြင် မှုရနိုင်မည်ဟု အယူအဆရှိကြသူများလည်းရှိသည်။ အတိုင်းအတာတစ်ခုအထိမှန်သင့်သလောက်လည်းမှန်သည်။ သို့သော် လက်ရှိ NLD အစိုးရလက်ထက် တွင်လည်းထိုသို့သော နည်းအမျိုးမျိုးကိုသုံး၍ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုဦးစားပေး   ဆောင် ရွက်နေသည်သာဖြစ်သည်။ ၂၁ ရာစုပင်လုံဟူသော သမိုင်းဝင် ညီလာခံကြီး ကိုပင် အောင်အောင်မြင်မြင် ကျင်းပကာ ကမ္ဘာကပင် အသိအမှတ်ပြုခဲ့ရသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်ကိုလည်း အားလုံးအသိပင်ဖြစ်သည်။ သို့ရာတွင် အချို့ သော စစ်ရေး ပဋိပက္ခများသည် ၂၁ ရာစုပင်လုံအလွန်ကာလများတွင် တစ်ကျော့ ပြန်ဖြစ်ပေါ်လာခြင်းဖြစ်ရာ ထိုပကတိအခြေအနေကိုလည်းကောင်း၊ ၂၁ ရာစု ပင်လုံညီလာခံတွင် တင်သွင်းခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏တင်ပြ ချက်စာတမ်းပါ လိုလားချက်များကို လည်းကောင်း ထည့်သွင်းသုံးသပ်စဉ်းစားဖို့လိုသည်။ စစ်ရေးသည် နိုင်ငံရေး၏ နည်းလမ်းတစ်ခုဖြစ်သည်။ ခေတ်အဆက်ဆက် ဖြစ်ပေါ် ခဲ့သော လက်နက်ကိုင်ပဋိပက္ခများသည် နိုင်ငံရေးနည်းဖြင့် မပြေလည်ခဲ့၍သာ စစ်ရေးနည်းဖြင့် ဖြေရှင်းနေကြရခြင်း လည်း ဖြစ်နိုင် သည်ဟူသော အယူအဆ တစ်ခုကိုလည်း သတိပြုကြရမည်ဖြစ်သည်။

လတ်တလောအခြေအနေတွင် တပ်မတော်အနေဖြင့် မြောက်ဘက်တွင်KIA လက်နက်ကိုင်အဖွဲ့၊ အနောက်ဘက်တွင် ဘာသာခြား အကြမ်းဖက်တိုက်ခိုက်သူ များနှင့် AA လက်နက်ကိုင်အဖွဲ့၊ ကရင်ပြည်နယ်တွင်DKBA  ခွဲထွက် စောဆန်း အောင်အဖွဲ့နှင့် စစ်ရေး အရရင်ဆိုင်မှုများရှိနေသလို ပုံမှန်လုံခြုံရေးတာဝန်များကိုလည်း ဖြန့်ကြက်ထမ်းဆောင်လျက်ရှိရာ စစ်အသုံးစရိတ် ပိုမိုသုံးစွဲရသလို အင်အား စုစည်းမှုနှင့် စစ်မြေပြင်စီမံခန့်ခွဲမှု၊ အုပ်ချုပ်ထောက်ပံ့မှု အပိုင်းများတွင် အထိုက်အ လျောက် အင်အားလျော့နည်းသွားမည် သာဖြစ်သည်။ အစိုးရ၏ အဓိကအင်အားစု ကြီးဖြစ်သော တပ်မတော်အင်အားလျော့ပါးလာမှုသည် အစိုးရ၏အခြားသောစီမံခန့် ခွဲမှုအပိုင်းများတွင်ပါ သက်ရောက်မှုရှိလာနိုင်သည်။

ထိုသို့သော အခြေအနေတွင် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော UWSA အဖွဲ့နှင့် အခြေအနေတင်း မာမှုထပ်မံဖြစ်ပေါ်လာခြင်းမှာ ကောင်းသော အလားအလာမဟုတ်ကြောင်းဖော်ပြလိုသည်။ စစ်ပွဲ၏အကျိုးဆက် သည် နှစ်ဖက်စစ်ရေး အရပစ်ခတ်တိုက်ခိုက်ကြသည့်အခါမှသာ ဖြစ်ပေါ်သည်မဟုတ်၊ ယခုကဲ့သို့ အခြေအနေတင်းမာသည့် အဆင့်မှာပင်လျှင် ကြီးမားသော စစ်ပြင်ဆင်မှု များကို ပြုလုပ်ရ၍ စစ်အသုံးစရိတ်များမြင့်တက်လာသဖြင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု များဖြစ်ပေါ်လာသည်။ ဒေသခံများနေ ရပ်စွန့်ခွာ တိမ်းရှောင်မှုများ ဖြစ်လာသည်။ ကုန်သွယ်မှုများ ရပ်ဆိုင်းသွားသဖြင့် နေထိုင်စားသောက်စရိတ် ကြီးမားလာသည်၊ ပညာ သင်ကြားရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများရပ်တန့်ကုန်သည်။ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ကုန်သည် စသည့်စစ်၏ မကောင်းသော နောက်ဆက် တွဲဆိုးကြိုးများကို ဒေသခံပြည်သူတို့ ခံစားနေကြရပြီဖြစ်သည်။

တပ်မတော်က နောက်ဆုံးသတ်မှတ်ပေးထားသည့် ရက်ကျော်လွန်သွားသည်အထိUWSA အဖွဲ့အနေဖြင့် နောက်ဆုတ်ပေးခြင်း မရှိသည့်တိုင် တိုက်ပွဲများမဖြစ်ပေါ်လာသည်ကိုကြည့်ခြင်းအားဖြင့် အစိုးရရော တပ်မတော်ကပါ အခြေအနေကို အတော်ပင် ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်နေကြောင်း သိသာစေပါသည်။

အချုပ်အားဖြင့်ဆိုရသော် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအားလုံး အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစားပြီး နောက် ဆုံး မတတ်သာသည့်အခြေအနေမှသာ စစ်ရေးနည်းလမ်းကိုရွေးချယ်ရန်နှင့် ငြိမ်း ချမ်းသောနည်းလမ်း ကိုသာ ဖြစ်ပေါ်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းရေးသား ဖော်ပြအပ်ပါသည်။

အယ်ဒီတာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*