သူတို့အမြင်

သူတို့အမြင်
May 25, 2017 Asian Fame

12:45 pm
သူတို့အမြင်

Opinionလျှပ်စစ်မီးပြတ်တောက်မှု အသံများ လူထုကြားမှ မပြတ်ကြားနေ ရသည်ကို အားလုံး အသိပင်ဖြစ်သည်။ သက်ဆိုင်ရာ တာဝန်ရှိ သူများ မှာလည်း ယင်းပြဿနာကို အတတ်နိုင်ဆုံး ဖြေရှင်းနေကြသည့် ကြားကပင်လျှင် မပြေမလည် ဖြစ်နေသော ပြဿနာ ပင်ဖြစ်လေ၏ ။ ပြည်သူတွေ ဘက်မှလည်း ရာသီဥတု ပူအိုက်ရသည့်အထဲ မီးကပြတ်လေသောအခါ အပူပေါ် အပူဆင့်သလို ခံစားကြရ သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများ ဘက်ကလည်း အတတ်နိုင်ဆုံး ဖြေရှင်းနေသည့် ကြားကပင် မနိုင်ဝန်ထမ်းနေရသည့် သဖွယ် ဖြစ်နေလေ ၏။ ထို့ကြောင့် လောလောဆယ် ဖြစ်ပေါ်နေသော လျှပ်စစ်စွမ်းအား ဆိုင်ရာပြဿနာနှင့် ပတ်သက်၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနမှ ဒုတိယအတွင်းဝန် အပါအဝင် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်တို့၏ အမြင်များကို စုစည်း တင်ပြလိုက်ရပါသည်။

ဦးစိုးမြင့်
ဒုတိယအမြဲတမ်း အတွင်းဝန်
(လျှပ်စစ်)
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား တွေကို အဓိကအားဖြင့် ရေအားက နေရတဲ့လျှပ်စစ်နဲ့ ဂက်စ်တာဘိုင်က နေရတဲ့ လျှပ်စစ်၊ ဒီ ၂ ခုကနေ ဖြန့် ဖြူးပေးနေပါတယ်။ အခုဖြစ်ပေါ်နေ တဲ့ မီးအားမကောင်းဘူး၊ မီးအား အပြည့်အဝမရဘူး ဆိုတဲ့ အကြောင်း အရာတွေကို အဆင်ပြေအောင် နည်း လမ်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။ မီးအား မကောင်းတာကတော့ ဟိုး တုန်းက လျှပ်စစ်သွယ်တန်းတဲ့ စနစ် ပေါ့။ အဲဒါတွေက အခု အိုမင်းနေပြီ၊ ဟောင်းနွမ်းနေပြီ၊ ပြင်ဆင်ဖို့ လိုအပ် နေပြီ။ ဒါတွေကို ကျွန်တော်တို့ အ ဆင့်လိုက် လုပ်ဆောင်နေ ပါပြီ။ လူ အားလည်း လိုအပ်တာဖြစ်တဲ့ အတွက် တစ်ပြိုင်တည်း အားလုံးမလုပ်နိုင် သေးပါဘူး။ သို့သော် အပိုင်းလိုက် အပိုင်းလိုက် ဆောင်ရွက်နေပါတယ်။ ဝန်အားတွေ ကိုလည်း မျှပေးနေပါ တယ်။ အပိုင်းလိုက်ပေါ့ဗျာ။ မီးအား တွေ ကောင်းအောင်ပေါ့။  နောက် တစ်ခု မီးအားတွေ ငြိမ်အောင် ရှုပ် ထွေးနေတဲ့၊ အတားအဆီး ဖြစ်နေတဲ့ အပင်တွေ ခုတ်တာ ကိုလည်း လုပ် နေပါတယ်။ တစ်နိုင်ငံလုံး လျှပ်စစ် လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင် ဖို့ ကျွန်တော်တို့ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အေ ဂျင်စီ၊ ကမ္ဘာ့ဘဏ်စတဲ့ အဖွဲ့အစည်း တွေနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေ ပါတယ်။

ဦးစိုးမြင့်
(အတွင်းရေးမှူး)
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး
ကော်မတီ)

လျှပ်စစ် ဓာတ်အားတွေ လုံ လောက်စွာ ပေးနိုင်ဖို့ အတွက် အ ကောင်အထည် ဖော်နေတဲ့ စီမံကိန်း တွေ နိုင်ငံမှာ ရှိနေပါတယ်။ သူတို့ တွေဟာ နောင် လေးငါးနှစ် ကြာလို့ ရှိရင် စီမံကိန်း ပြီးစီးပြီးလို့ လျှပ်စစ် ဓာတ်အားတွေ ဖြန့်ဖြူးပေးနိုင်မှာပါ။ ဒီတစ်နှစ်၊ နှစ်နှစ် အတွင်း မီးပေးနိုင် မယ့် မဂ္ဂါဝပ် ၂ဝဝ ကျော်ကျော် လောက် ထွက်မယ့် စက်ရုံတစ်ရုံ၊ နှစ် ရုံလောက် ရှိနေပါတယ်။ ဒါတွေပြီး ရင်တော့ နိုင်ငံရဲ့ လျှပ်စစ်လိုအပ် ချက်ဟာ အတိုင်းအတာ တစ်ခုအထိ လျော့နည်း သွားပါလိမ့်မယ်။ ကျွန် တော်တို့ နိုင်ငံရဲ့ လျှပ်စစ်ဖြန့်ဖြူး ရောင်းချမှုကို အစိုးရက အရှုံးခံပြီး လုပ်နေတာ ကို တွေ့နေရပါတယ်။ ပြည်သူလူထုတွေ ဝန်ထုပ်ဝန်ပိုး မဖြစ် စေဖို့ အတွက် ထမ်းပေးနေတဲ့ ပမာ ဏဟာ မနည်းလှပါဘူး။ ဒါဟာ ရေ ရှည်ဆိုရင်တော့ ကောင်းမှာပါ။ ဒါ့ အတွက် ဆွေးနွေးမှုကို လုပ်နေကြပါ တယ်။ လျှပ်စစ် မီတာခနဲ့ ပတ်သက် လို့ပါ။ နောက်ပြီး လျှပ်စစ်နဲ့ပတ်သက် တဲ့ မူတစ်ခု ကျွန်တော်တို့ လုပ်နေပါ တယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီး က လျှပ်စစ်ဝန်ကြီးတွေ၊ ပြည်ထောင်စု ဝန်ကြီးဌာန၊ လွှတ်တော်က ရေးရာ ကော်မတီ။ ဒါတွေ စုပေါင်းပြီး လုပ် နေတာပါ။ သိပ်ပြီး မကြာတော့ပါ ဘူး။ တိကျခိုင်မာတဲ့ မူဝါဒတစ်ခု ချမှကို ဖြစ်မှာပါ။ ရေအား လျှပ်စစ်နဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ စစ်တမ်း တွေ လုပ်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် အဲဒီ စစ်တမ်းကောက်ယူ မှုဟာ တော်တော်လေး ကြာနေပေ မယ့်ရလဒ် ထွက်မလာသေးပါဘူး။

ဦးကျော်ခိုင်
(ဒုတိယဥက္ကဋ္ဌ၊
မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း)

မြန်မာပြည်မှာ လျှပ်စစ်မဂ္ဂါဝပ် ၃ သောင်းရရင် တော်တော်လေး အဆင်ပြေ သွားလိမ့်မယ်။ အဲဒီ လောက် မရရင်လည်း ၆ ထောင် လောက် ရရင်ကိုပဲ တော်တော်လေး ဟုတ်သွားမယ်။ အခုဟာက မဂ္ဂါဝပ် ၃ ထောင်ပတ်ချာလည် လောက်ပဲ ဆိုတော့ တော်တော်လေး အခက် တွေ့နေတယ်။ ရန်ကုန်မြို့တစ်ခုတည်း ကတင် အခုထွက်နေတဲ့ လျှပ်စစ် ဓာတ်အားရဲ့ ၅ဝ ရာခိုင်နှုန်း လောက် ကိုယူသုံးနေကြတယ်။ ဒီတော့ လျှပ် စစ်နဲ့ ပတ်သက်လာရင် ကဏ္ဍစုံ၊ ပုဂ္ဂိုလ် အစုံ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေ ကြရပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်က အထိ လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး စက်ရုံတွေ တိုးချဲ့မှုတွေဟာ မရှိသ လောက် ဖြစ်နေ တာကို တွေ့ရပါ တယ်။ အခု လူဦးရေ ကလည်း အ ရင်ကနဲ့ မတူတော့ဘူး။ တိုးလာပြီ။ လုပ်ငန်းတွေလည်း တိုးတယ်။ ကွန် ဒိုတွေလည်း တိုးတယ်။ ဒီဘက်က တိုးလာပေမယ့် လျှပ်စစ်ပေးနိုင်တဲ့ မဂ္ဂါဝပ်က တိုးမလာဘူး။ အဆုံးသတ် အဖြေကတော့ တစ်ခုပဲ ရှိတယ်။ အဲ ဒါ ဘာလဲ ဆိုတော့ နိုင်ငံတော်မှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မရှိလို့ပဲ။ ဒါ့ကြောင့်လည်း မြန်မာနိုင်ငံရဲ့ ၃၃ ရာခိုင်နှုန်းလောက်က လျှပ်စစ်ဓာတ် အားကို အသုံးပြု ခွင့်ရနေသေးတယ်။ ဒီလိုပဲ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တွေမရှိနေဘူး ဆိုရင် ဒီအတိုင်းပဲ ဆက်ရှိနေ ပါလိမ့်မယ်။ ကျွန်တော်တို့ နိုင်ငံမှာ လျှပ်စစ် ဓာတ်အားဟာ ရေ အားလျှပ်စစ်နဲ့ တည်မှီနေရတယ်။ ကျန်တာကတော့ သဘာဝဓာတ်ငွေ့ တို့၊ ကျောက်မီးသွေးတို့ပေါ့ဗျာ။ ရေ အားလျှပ်စစ်နဲ့ လုပ်မယ် ဆိုရင်လည်း ပဲ ဆန္ဒတွေက ပြကြတယ်။ ကျောက် မီးသွေးနဲ့ လုပ်မယ် ဆိုတော့လည်း ဆန္ဒတွေ ကပြကြတယ်။ ဒီတော့ အ စိုးရတွေဟာ ရှေ့ဆက်တိုး လို့ကို မရ ဘူးဖြစ်နေတာ ကိုတွေ့ရတယ်။ ကျွန် တော် ကြားရသလောက် အခုအစိုးရ က ကျောက်မီးသွေး စက်ရုံ ၁ဝ ရုံကို မဖြစ်မနေ ဆောက်ရမယ် ဆိုတဲ့ သတင်းစကားပဲ။ ကျွန်တော် ကတော့ သဘော တူတယ်။ ပြီးမှ သန့်စင်တဲ့ စွမ်းအင်ကိုလုပ်ပေါ့။ ကမ္ဘာကြီး ပူ နွေးစေတဲ့နိုင်ငံတွေထဲမှာ ကျွန်တော် တို့ နိုင်ငံမပါဘူး။ ပါနေတာတွေက ခုတိုးတက်နေတဲ့ နိုင်ငံတွေပဲ။ ကျွန် တော်တို့နိုင်ငံက လူနေချုံကြား စိတ် နေဘုံဖျားလားတော့ မသိဘူး။ Clean  Energy တအား လိုချင်တယ်။ Clean  Energy က တအားဈေးကြီးတော့  ဒီအစိုးရ လည်း ရှေ့ မဆက်နိုင် ဘူးဖြစ် နေတယ်။ နိုင်ငံခြားကလည်း လာ မယ်ပြောပြီး မယ်မယ်ရရ ဘယ်သူမှ ရောက်မလာဘူး။ လက်ရှိ အချိန်မှာ တော့ အားလုံးဟာ လျှပ်စစ်နဲ့ ပတ် သက်ပြီး တော်တော်လေး အခက် တွေ့နေပါတယ်။ ပြည်သူလူထုရဲ့ ဆန္ဒကို အလေးထားတယ် ဆိုရင် လူ နည်းစုရဲ့ ဆန္ဒကို အလေးထားမှာ လား၊ လူများစုရဲ့ ဆန္ဒကို အလေးထား မှာလားဆိုတဲ့ မေးခွန်း မေးဖို့လိုနေ ပါပြီ။ အခု ဘယ်လိုဖြစ်နေလဲ ဆိုရင် လူတစ်ယောက်က ထကန့်ကွက်လိုက် တာနဲ့ ရပ်ဆိုပြီး ဖြစ်နေတယ်။ ကျွန် တော်ဆိုလိုတဲ့ သဘောက တကယ် အကျိုးရှိမယ့် အလုပ်တွေကို ကန့် ကွက်တဲ့သူတွေကို ပြောတာပါ။

ဦးကျော်မျိုးထွန်း
(စီးပွားရေးပညာရှင်)

အခြေခံ အဆောက်အအုံတွေမှာ လျှပ်စစ်က အဓိက နေရာမှာ ရှိနေပါ တယ်။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်လောက် က ကမ္ဘာကျော် ဆမ်ဆောင်း ကုမ္ပဏီ က မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ် နှံလိုကြောင်း ဆိုခဲ့ဖူးပါတယ်။ သူတို့ ရဲ့တောင်းဆိုချက် တွေထဲမှာ မီးလုံးဝ မပျက်စေရ ဘူးလို့ ဆိုတဲ့ အချက်ပါပါ တယ်။  အဲဒီအချိန်တုန်းက တာဝန် ရှိသူတွေဟာ အာမခံမပေးနိုင်ပါဘူး။ ဒါ့ကြောင့်လည်း ဆမ်ဆောင်းဟာ ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့ကို နောက်ဆုတ် သွားပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် လျှပ်စစ်မီး လိုအပ်ချက်ဟာ နိုင် ငံရဲ့ ရှေ့ဆက်အနာဂတ် ခရီးလမ်းကို အနှောင့်အယှက် ကောင်းကောင်း ကြီးပေးနေပါတယ်။ ဒါကိုမှ နှစ်တို၊ နှစ်ရှည် စီမံကိန်းတွေနဲ့ မဖြေရှင်းဘူး ဆိုရင် နိုင်ငံဟာ ဘယ်တော့မှ တိုး တက်တော့မှာ မဟုတ်ဘူး။ လက်ရှိ ကျွန်တော်တို့ နိုင်ငံက ပြည်သူအများ စုဟာ ရေအား လျှပ်စစ်၊ ကျောက်မီး သွေး ဒါတွေနဲ့ပတ်သက်လို့ ခံယူထား တဲ့ စိတ်သဘောထားဟာ တော်တော် လေး အမှား ဖြစ်နေတာကို တွေ့ရပါ တယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးတယ် ဆိုတဲ့အမြင်ပဲ ရှိကြပါ တယ်။ အဆင့်တွေ ကျော်တက်ပြီး ဈေးကြီးတဲ့ နျူကလီးယား ကနေ လျှပ်စစ် ဓာတ်အား ထုတ်လုပ်ချင်နေ တဲ့သဘောမှာ ရှိနေပါတယ်။ ဒီအ ဆင့်ကို ရောက်ဖို့ မလွယ်သေးပါဘူး။ အခု အဓိက လုပ်သင့်တာက သက် ဆိုင်ရာဝန်ကြီးတွေပါ။ သူတို့တွေအ နေနဲ့ ပြည်သူ လူထုကို ထွက်ပြော သင့်ပါတယ်။ ကျွန်တော်တို့တော့ ဘယ်လိုအခက်အခဲတွေ ရှိနေတယ်၊ ဘယ်လို နည်းလမ်းနဲ့ လျှပ်စစ်ဓာတ် အားထုတ်မှကို ရတော့မယ်။ ဒီလိုမှ မဟုတ်ရင် မဖြစ်တော့ဘူး စတဲ့ စကားတွေ ပြောရတော့မယ်။ ပြည် သူကို ယုံအောင် လုပ်ရတော့မယ်။ အခုဟာက ဘယ်လိုလဲ ဆိုတော့လူထု ကို ချမပြဘူး။ နားလည်အောင်ကို ပြောတာနော်။ လူထုက ထပြီးကန့် ကွက်လိုက်တော့မှ ချက်ချင်းရပ်တယ်။ ဒါတွေပဲလုပ်နေတာ အဲဒါဟာ အဖြေ မှ မဟုတ်တာ။ အဲဒါနဲ့ပဲ မုန့်လုံးစက္ကူ ကပ်။ အခုအချိန်ဟာ ကြက်ဥနဲ့ ကြက်မ မခွဲနိုင်တဲ့ အနေအထား မျိုး ဖြစ်နေပါတယ်။ ဒါကို အစိုးရက စခွဲ ပေးရပါမယ်။ တိုးကောက်သင့်တဲ့ အခြေအနေ ရောက်လာရင်လည်း တိုး ကောက်မှု ပြုပေးရပါမယ်။ မီးတော့ မှန်မှန်ပေးဖို့ လိုတာပေါ့။ ကိုယ့်ဘက် က တိကျတဲ့ စည်းမျဉ်းတွေ မရှိဘူးဆို ရင် ပြည်ပကလာမယ့် ရင်းနှီးမြှုပ်နှံ တာတွေဟာလည်း ရှိလာမှာ မဟုတ် ဘူး။ ဘာပဲဖြစ်ဖြစ် အနှစ်ချုပ်ပြီး ပြော ရရင် စီးပွားရေးပေါ်လစီနဲ့ သွားပြီး တိုက်ရိုက်သက်ဆိုင်နေပါတယ်။ လျှပ် စစ်၊ လမ်း၊ အခြေခံ အဆောက်အအုံ ဒါတွေဟာ စီးပွားရေး ပေါ်လစီကို သွားပြီး တည်မှီနေပါတယ်။ နောက် ပြီး တစ်ခုပြောချင်တာ က အစိုးရရဲ့ လုပ်ပုံလုပ်နည်းတွေ။ တကယ်လိုအပ် တယ်၊ အရေးကြီးတယ် ဆိုရင် လျှောက် ထားလာတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ရှည်ကြာစွာ မစစ်ဆေးသင့်ပါဘူး။ ကမ္ဘောဒီးယားတို့၊ ဗီယက်နမ် တို့ဆို ရင် နိုင်ငံအတွက် အရမ်း အရေးကြီး တဲ့ ကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှု လာ ရင် လျင်လျင်မြန်မြန် ခွင့်ပြုပေးနိုင် အောင်လို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားပါ တယ်။ ဒီမှာလည်း ဒီလိုလုပ်ဖို့လိုနေ ပါပြီ။

ဦးထွန်းထွန်း
(အလုပ်အမှုဆောင်၊
အထည်ချုပ်လုပ်ငန်းရှင်များ အသင်း)

တယ်လီဖုန်း အားသွင်းတာက အစ လျှပ်စစ်နဲ့ လုပ်နေရတဲ့အတွက် လျှပ်စစ်မီးမှန်ရေး ဟာ အရေးကြီး တယ်လို့ ပြောနေစရာ မလိုတဲ့ အချိန် ပါ။ အစိုးရကို ဘာလုပ်ပါဆိုတာတော့ ပြောစရာမရှိပါဘူး။ အစိုးရက သူ လုပ်ရမယ့် အလုပ်ကို သူသိပြီးသားပဲ ဖြစ်မှာပါ။ နည်းလမ်းတွေ လည်း ရှာ ဖွေပြီး ဖြစ်မယ်လို့လည်း ယုံကြည်ပါ တယ်။ ပြည်သူတွေဘက်ကတော့ အ လေအလွင့်မရှိအောင် သုံးရမယ်။ မသမာတဲ့ နည်းလမ်းနဲ့ သုံးတာကို ရှောင်ကြဉ်ရမယ်။ ကျွန်တော်တို့ အထည်ချုပ်လုပ်ငန်းရှင်တွေမှ မဟုတ် ပါဘူး။ စက်မှုဇုန်တိုင်း မီးမရှိ လို့ မဖြစ် ပါဘူး။ မီးမရတဲ့အတွက် ကိုယ်ပိုင် မီးစက်ကြီးတွေ ဝယ်ရပါတယ်။ စက် သုံးဆီတွေ ဝယ်ရပါတယ်။ ဒါတွေနဲ့ လျှပ်စစ် အသုံးပြုနေ ရပါတယ်။ အစိုးရ ရောင်းပေးတဲ့ လျှပ်စစ် ၁ ယူနစ်ဈေး ထက်ငွေအများကြီး အကုန်ခံပြီး သုံး နေရပါတယ်။ ဒါဟာ စက်မှုဇုန် တိုင်း ဖြစ်နေကြပါတယ်။ တစ်ခုလိုချင်ရင် တစ်ခုကတော့ ပြန်ပေးဆပ်ရတာ ချည်းပါပဲ။ ကျွန်တော် အပါအဝင် ပြည်သူတွေ ကတော့ မီးလာစေချင် ကြပါတယ်။ လျှပ်စစ်ဓာတ်အား ထုတ် လုပ်မယ့် စီမံကိန်းတွေ ကန့်ကွက်ပြီး တော့ အမှောင်ထဲ ဘယ်သူမှတော့ မနေချင်ကြပါဘူး။ အထိခိုက်အနည်း ဆုံးလုပ်ရမှာကတော့ အစိုးရရဲ့ တာ ဝန်ပါပဲ။

ဒေါက်တာ ကြည်မို့မို့လွင်
(အဖွဲ့ဝင်၊
ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ)

မြန်မာနိုင်ငံမှာ လာရောက်ရင်း နှီးမြှုပ်နှံလိုကြတဲ့ နိုင်ငံခြားသားတွေ ကော်မတီဆီကို လာရောက် စုံစမ်းတဲ့ အခါတိုင်း မေးလေ့မေးထ ရှိတဲ့ စုံ စမ်းမေးမြန်းမှုတစ်ခုက လျှပ်စစ်မီးရ မှာလားဆိုတဲ့စကားပါပဲ။ ပြီးတော့မှ လမ်း၊ အခြေခံ အဆောက်အအုံတွေ၊ နောက်မြေဈေး ဒါတွေ ဆက်မေးကြ တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး၊ ဘဏ္ဍာ ရေး ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လျှပ် စစ်က အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ ဒါကိုလည်း တာဝန်ရှိ တဲ့သူတွေ  ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။ အလားတူ ပဲ ဒေသ တွင်း ဖွံ့ဖြိုးတိုးတက်ဖို့ လျှပ်စစ်မီးလို အပ်နေပါတယ်။ ကျွန်မရဲ့ မဲဆန္ဒ နယ်မြေကို ဆင်းတိုင်း ပြည်သူလူထု က လျှပ်စစ်မီး တအား လိုချင်နေတဲ့ အကြောင်း အမြဲပြောလေ့ရှိကြပါ တယ်။ လိုချင်လွန်းလို့ကို ကိုယ်ထူ ကိုယ်ထတွေ လုပ်တယ်။ ဒါပေမယ့် မပြီးပြတ်တော့ တန်းလန်းကြီးတွေ ဖြစ်၊ မီးမရ ဒီလိုတွေလည်း ရှိနေကြပါ တယ်။

ဦးသိန်းထွန်း
(သာပေါင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ကျွန်တော့် မဲဆန္ဒနယ်မှာ ကျေး ရွာပေါင်း ၄ဝဝ ကျော်ရှိတယ်။ ၃ ရွာလောက်ပဲ မီးရသေးတယ်။ ကျန်တဲ့ ရွာတွေက မရသေး ဘူး။ ကျေးရွာလူ ထုတွေဟာ မီးရရှိ ရေးအတွက်ကို တော်တော် လိုလားနေတယ်။ သူတို့ ရဲ့ဘဝတွေ ပိုမို တိုးတက်သွားစေဖို့ လျှပ်စစ်မီးက အရေးပါ နေပါတယ်။ ဒီလိုပါပဲ။ ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့ လျှပ်စစ်မီးက အရေးပါ နေပြန်ပါတယ်။ အစိုးရက ကျေးလက် နဲ့ မြို့ပြဟန်ချက် ညီပြီး ဖွံ့ဖြိုးတိုးတက် ဖို့ လုပ်ဆောင် သွားနိုင်ရင်တော့ အ ကောင်းဆုံးပေါ့။ နိုင်ငံတော်ဟာ အ မျိုးသား လျှပ်စစ် စီမံကိန်း မူဝါဒတွေ ကိုရေးဆွဲပြီး အဲဒီအတိုင်း အကောင် အထည်ဖော်နေတာ တွေ့နေရပါ တယ်။ ကျွန်တော် တို့ နိုင်ငံ အတွက် လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားကို ရေအားနဲ့ ဖြေရှင်းသွားဖို့ရှိနေတယ်လို့ လည်း ကြားသိနေရပါတယ်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားကြမယ် လို့ပြောဆိုနေတာ တွေလည်း ကြား နေရပါတယ်။ ဒီတော့ကာ ရေရှည် မှာ လိုအပ်နေ တဲ့ လျှပ်စစ်ဓာတ်အား ကို နိုင်ငံတော်အပိုင်းက ဖြည့်ဆည်း ပေးနိုင်မှာပါ။ ပြည်သူလူထုဘက်က လည်း အစိုးရရဲ့ ဆောင်ရွက် ချက် တွေကို ပူးပေါင်း ပေးရင်းနဲ့ စီမံကိန်း တွေ အောင်မြင်အောင် ကူညီသင့်ပါ တယ်။

ဦးကျော်ကျော်ထွန်း
(လှိုင်မဲဆန္ဒနယ် အမှတ်-၁၊  
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်)

မီးပျက်တာက ဒီအစိုးရခေတ် မှာမှ မဟုတ်ဘူး။ အရင်တုန်းကလည်း ပျက်ခဲ့တာပဲ။ အရင်တုန်းကတော့ အလှည့်ကျ မီးပေးစနစ်ကို ကျင့်သုံး တယ်။ အခုကြတော့ တိုင်းအစိုးရက  အဲဒီစနစ်ကို မကျင့်သုံးချင်ဘူး။ ဒီ တော့ အကုန်လုံး ကိုပေးတယ်။ ဘာ ကြုံရလဲဆိုတော့ မီးအားမနိုင်တာ။ မီးတွေ ခဏခဏပြုတ်ပြုတ်ကျတာ။  ဒါကိုလည်း သက်ဆိုင်ရာ လျှပ်စစ်ဌာ နက ကြိုးစားဖြေရှင်းပေးနေတာပဲ။ ဒါပေမဲ့ ဘယ်လိုပဲ လုပ်လုပ် သုံးစွဲသူ များတော့ မီးအားက မနိုင်တော့ဘူး ဖြစ်သွားတယ်။ အခုဟာက ဓာတ် အားခွဲရုံတွေ အထိ တော်တော်ပြဿ နာရှိနေပြီ။ အနှစ်နှစ် အလလ လုပ်ခဲ့ တဲ့ စက်ပစ္စည်းတွေက အခုအိုမင်း ဟောင်းနွမ်းလာပြီ။ ဒီတော့ အသစ် လို ဘယ်ကောင်းနိုင်တော့မလဲ။ မီး အားမလုံလောက်မှု ပြဿနာက ရုတ် ချည်း ထလုပ်လို့ မရတဲ့အတွက် အ ခက်အခဲတွေကတော့ ဆက်လက်ရင် ဆိုင်နေရဦးမှာပဲ။ အစိုးရဘက်က တော့ တတ်နိုင်သလောက်တော့ ဖြေ ရှင်းပေးသွားမယ်လို့ထင်တယ်။

ဦးလှဌေး
(မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ် အမှတ်-၁၊  ရန်ကုန်တိုင်းလွှတ် တော်ကိုယ်စားလှယ်)

မနှစ်ကတော့ တူရကီက သင်္ဘော ကြီးကနေ မဂ္ဂါဝပ် ၃ဝဝ ထုတ်မယ်။ ပြီးတော့ ကြည့်မြင်တိုင် တစ်ဖက် ကမ်းမှာ မဂ္ဂါဝပ် ၃ဝဝ ထုတ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဆောက် မယ်။ အဲ့ဒါတွေနဲ့ ရန်ကုန်ကို မီး အားပေးမယ်။ ဒီနွေမှာ မီးသိပ်မပျက် နိုင်ဘူးဆိုတဲ့ သတင်းတွေ မီးလုံးဝ မပျက်စေရဘူး ဆိုတဲ့ အာမခံသတင်း တွေ ဖတ်လည်းဖတ်ခဲ့ရတယ်၊ ကြား လည်းကြားခဲ့ရတယ်။ အခုတော့ အဲ့ ဒါတွေက ကြက်ပျောက် ငှက်ပျောက် ဖြစ်နေပြီ။ ဘာမှ ပြောသံလည်း မ ကြားရတော့သလို ဆက်လုပ်တာ တွေလည်း မတွေ့ရတော့ဘူး။ လျှပ် စစ်ကဏ္ဍနဲ့ ပတ်သတ်လို့ ကျွန်တော်တို့လွှတ်တော် ကိုယ်စားလှယ်တွေ ကို တိုင်းအစိုးရက ဘာမှ ပြောတာမရှိ ဘူး။ ဘာဆက် လုပ်သွားမယ် ဆိုတာ လည်း ကျွန်တော်မသိဘူး။ ဒါပေမဲ့ ရန်ကုန်မြို့ မြို့နယ်တွေ တော်တော် များများမှာ မီးအားတွေ အပြည့်မရ ပဲ တအား ကျနေတယ်။ မီးတွေ ခဏ ခဏပျက်တယ်။ ရာသီဥတုကပူ မီး ကပျက်  အဲကွန်းက ဖွင့်လို့မရတဲ့အခါ ကျတော့ မီးပျက် တိုင်းတော်တော် လေးစိတ်ရှုပ် နေရတယ်လို့ မြင်နေ တွေ့နေရတယ်။ နောက်ပြီး လျှပ် စစ်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ ပျက်ကျတယ်လို့ ဆိုတယ်။ မီးအား က တက်လိုက် ကျလိုက် ဖြစ်နေတဲ့ အတွက်ကြောင့်လို့ ပြောကြတယ်။  ဒီပြဿနာကို အစိုးရကတော့ ဖြေ ရှင်းပေးမှ ရတော့မယ်။ လက်တ လော မဖြေရှင်းပေးနိုင်လည်း ဒီအ ကြောင်းကို ထွက်ပြောဖို့တော့ လိုနေ ပြီ။ ရှေ့ဆက်လုပ်မယ့် အစီအစဉ် တွေလည်း ထည့်ပြောရင်းပေါ့။ ကျွန် တော့် မဲဆန္ဒနယ်မှာ အခက်အခဲတွေ ကြုံတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ တွေက လိုက်ပြီး ဖြေရှင်းပေးနေတာ ပဲ။ ဒါပေမယ့် စက်ပစ္စည်းတွေမှာ ချို့ယွင်းချက်တွေရှိနေတော့ အခက် အခဲကတော့ ရှိနေတာပါပဲ။

ဦးကျော်ဦး
(လျှပ်စစ်အင်ဂျင်နီယာ)

လျှပ်စစ်ဆိုတာ ဘယ်နိုင်ငံ ဖြစ် ဖြစ် အတူတူပါပဲ။ အဲတော့ သူများ နိုင်ငံ မီးမပျက်ရင် ကိုယ့်နိုင်ငံလည်း မပျက်ရပါဘူး။ သူများနိုင်ငံ မီးအား ပြည့်ရင် ကိုယ့်နိုင်ငံလည်း ပြည့်ရမှာ ပေါ့။ နောက်တစ်ချက်က ဒီလိုပုံမျိုးနဲ့ ဘယ်လိုမှ စက်မှုလုပ်ငန်းတွေ အဆင် မပြေပါ ဘူး။ ပြေရင်လည်း ဈေးကြီး တဲ့ ထုတ်ကုန်တွေပဲ ဖြစ်မှာပါ။  တခြား နိုင်ငံတွေမှာတော့ ကိုယ်နိုင်ငံလို ပင့် ကူတွေလို ရှုပ်ထွေးနေတဲ့  ကြိုးတွေ တွေ့ရခဲပါတယ်။ တွေ့ရရင်လည်း ဗေဒင် မမေးပါနဲ့။ သူလည်း မီးပျက် တဲ့ နိုင်ငံပါပဲ။ နှစ်ပေါင်း များစွာ ပြီး စလွယ်လုပ်ခဲ့တဲ့ ဒဏ်တွေကတော့ ခံ ရဦးမှာပါပဲ။ လျှပ်စစ်မှာ မီးပျက်ရတဲ့ အကြောင်းရင်း ၃ ခုပဲရှိတယ်။ over-load, earth fault, short circuit ပါ။
Overload  ဆိုတာက မနိုင်ဘဲနဲ့ မီး တွေ ပေးနေတာပါ။ Earth fault ဆို တာက လျှပ်စစ်ဓါတ်တွေ မြေကြီးထဲ စိမ့်ဝင်နေတာပါ။ Short circuit က တော့ မီးလိုင်းတွေ တစ်ခုနဲ့ တစ်ခု ပူးသွားတာပါ။ သုံးတာနဲ့ ပေးတာနဲ့ မနိုင်ရင်  overload  ဖြစ်မှာပါပဲ။ အဲ ဒါတွေ မီးအားတွေမပြည့်။ စက်တွေ ထိုးရင် ဖြစ်မှာပါပဲ။ နောက် ပါဝါပေး တဲ့လိုင်းတွေကို မတွက်ချက်ဘဲ  မသပ် မရပ်ဆွဲထားရင် ပစ္စည်းတွေ အရည် အသွေးညံ့ရင် မီးအားနည်းမယ် (volt drop), earth fault, short circuit တွေ ဖြစ်မယ်။ စနစ်တကျ မလုပ်ခဲ့ရင် လျှပ်စစ်ဖြန့်တဲ့အခါ အဲ ဒါတွေ ကြုံမှာပါပဲ။ မြန်မာပြည်မို့ ဆင်းရဲလို့ မတတ်နိုင်လို့ လျှပ်စစ်က အဲဒါတွေ ရှောင်လွှဲ သွားမှာ မဟုတ် ပါဘူး။ သူ့ကို မလေးစားရင် သူက လည်း လေးစားမှာ မဟုတ်ပါဘူး။  သူများနိုင်ငံလို ဖြစ်ချင်ရင် သူများ တွေလုပ်တဲ့ နည်းအတိုင်း စနစ်တကျ တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားရင် ရပါတယ်။ ဒါတွေက high tech  မဟုတ်ပါဘူး။ လွယ်ပါတယ်။ electrical protection တွေခံပြီး သင့် တော်တဲ့ အရည်အသွေး ရှိတဲ့ ပစ္စည်း တွေနဲ့ တည်ဆောက်သွားရင် လျှပ်စစ် ပြဿနာ ဖြစ်ရင်တောင် တစ်နေရာ ကွက်ပြီးပဲဖြစ် မှာပါ။ အခုလို မြို့နယ် အလိုက်ကြီး မဖြစ်ပါဘူး။ တစ်မြို့လုံး ကြီး မမှောင်ပါဘူး။ တစ်နိုင်ငံလုံး မမှောင်နိုင်ပါဘူး။  အစိုးရက ဘာလုပ် သင့်လဲ ဆို ပြည်သူတွေကို ပညာပေး သင့်ပါတယ်။ ဝန်ထမ်းတွေခြစားမှု မရှိအောင် လုပ်သင့်ပါတယ်။ အဓိက နေရာတွေမှာ အရည်အသွေး ရှိတဲ့ လျှပ်စစ် ပစ္စည်းတွေကို သုံးစေရမှာပါ။
စစ်ဆေးရေး ဌာနတွေကို စနစ်တကျ ပြင်ဆင်ပြီး စနစ်မကျတဲ့ နည်းလမ်း တွေကို လျှပ်စစ်သုံးစွဲခွင့် ပိတ်ရမှာပါ။ မလုပ်ချင်ရင်တော့ ခက်ပါတယ်။ လုပ်ချင်ရင်တော့ လွယ်ပါတယ်။ plan တွေတော့ စနစ်တကျချပြီး လုပ်ရမှာပါ။ ချက်ချင်းကြီးတော့ မဖြစ် ဖူးပေါ့။ တစ်ခုကတော့ မလုပ်ရင် တစ်သက်လုံး မဖြစ်ပါဘူး။

နောက်တစ်ချက်က power generation  အနေနဲ့လည်း တစ်ခု တည်း အားမကိုးဘဲ ကျောက်မီးသွေး ရေအား၊ gas turbine၊ နေ အား၊ လေအား အစရှိသဖြင့် တဖြည်းဖြည်း မြှင့်သွားရပါမယ်။ ဆန့်ကျင်လို့လည်း မကောင်းပါဘူး။ အလွန်အကျွံ လုပ်လို့လည်း မကောင်းပါဘူး။

နောက်ဆုံး Power generation တွေ ဘယ်လောက် ထုတ်ထုတ် အခု လျှပ်စစ်မီးပေးနေတဲ့ စနစ်ကို မပြင် ရင်တော့ မီးပျက်တယ်ဆိုတာ ရှိနေဦး မှာပါ။ ကျွန်တော်သာ လျှပ်စစ်ဌာန က တာဝန်ရှိသူဆို ဒီလို ဆိုးဆိုးဝါးဝါး ဖြစ်နေတာတွေ  ဘာတွေလုပ်သင့်လဲ ဆိုတဲ့ think tank လို အဖွဲ့အစည်း မျိုးဖွဲ့မယ်။ မြန်မာပြည်က ကျောင်း တက်နေတဲ့ လျှပ်စစ် ကျောင်းသား တွေကို internship အနေနဲ့ အား လပ်ရက်တွေ မှာ ခေါ်ပြီး စနစ်တကျ training  တွေပေးပြီး တစ်နိုင်လုံးမှာ အဖွဲ့လိုက် ဖြစ်ပေါ်နေတာတွေကို data  တွေကောက်ခိုင်းပြီး  report  တွေရေးခိုင်း၊ ဘာလုပ်သင့်လဲ ဆိုတာ တွေဆွေးနွေး ပြီးတော့ တစ်ဆင့်ချင်း လျှပ်စစ် ဝန်ထမ်းတွေနဲ့ အဆိုးဆုံးနေ ရာကနေ စပြင်သွားမယ်။ ကျောင်း သားတွေလည်း ပညာရ၊ နောက်ပိုင်း သူတို့လည်း အကြီးအကဲ နေရာရ လာရင် ဘာလုပ်ရမလဲဆိုတာ သိ လာမယ်။  တစ်ချက်ခုတ် နှစ်ချက်ပြတ် ပေါ့။ ပြီးစလွယ် လုပ်တဲ့ mind-set ကနေ စနစ်တကျလုပ်တာကို ပြင်ရ မယ်။ ရေတို ထက် ရေရှည် ဆိုတာ ကြည့်တဲ့ အင်ဂျင်နီယာတွေ ဖြစ်အောင် train သင့်တယ်။ ပတ်ဝန်းကျင်မှာ အမြင်မတော်တာ တွေ့ရင် ဖြေရှင်း ချင်တဲ့ အင်ဂျင်နီယာတွေ ဖြစ်အောင် လုပ်ရမယ်။ အဲဒါမှ လျှပ်စစ်လုပ်ငန်း ကြီး တိုးတက်ဖွံ့ဖြိုးလာမှာပါ။ ဒါက တော့ ကျွန်တော့်အမြင်ပါ။ တူချင်မှ တူမယ်ပေါ့။

ပေါ်ပြူလာနယူးစ် အဖွဲ့
 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*