အော်တိုအိတ်ချိန်းလိုင်းပျက်လို့ မတူပီမြို့ရှိတစ်ခုတည်းသော စီးပွားရေးဘဏ်ရဲ့ ငွေပို့/ငွေလွှဲခြင်းရပ်ဆိုင်းခဲ့တာ ၆လနီးပါးရှိ

အော်တိုအိတ်ချိန်းလိုင်းပျက်လို့ မတူပီမြို့ရှိတစ်ခုတည်းသော စီးပွားရေးဘဏ်ရဲ့ ငွေပို့/ငွေလွှဲခြင်းရပ်ဆိုင်းခဲ့တာ ၆လနီးပါးရှိ
June 13, 2018 Fame Asian

5:45 pm
အော်တိုအိတ်ချိန်းလိုင်းပျက်လို့ မတူပီမြို့ရှိတစ်ခုတည်းသော စီးပွားရေးဘဏ်ရဲ့ ငွေပို့/ငွေလွှဲခြင်းရပ်ဆိုင်းခဲ့တာ ၆လနီးပါးရှိ

35143829_1823288497715107_7109525383011106816_n

မတူပီ၊ ဇွန် ၁၃

မတူပီမြို့ရဲ့ အော်တိုအိတ်ချိန်းဖုန်းလိုင်း မကြာခဏပျက်လို့ တစ်ခုတည်းသော စီးပွားရေးဘဏ်ရဲ့ ငွေပို့ငွေလွှဲခြင်းကို ရပ်ဆိုင်းထားရတာ ၆လနီးပါးရှိပြီလို့ မတူပီမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကပြောပါတယ်။

ချင်းပြည်နယ်မဲဆန္ဒနယ် ၁၀ မတူပီမြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန် က “ချင်းပြည်နယ် မတူပီမြို့မှာ ၂၀၀၉ မတ် ၂၂ ရက်နေ့မှာ အော်တိုအိတ်ချိန်းဖုန်းလိုင်းကိုစတင်တပ်ဆင်အသုံးပြုခဲ့ပါတယ်။ အခု ၉နှစ်ကျော်ကြာလာပြီနဲ့အမျှ လိုင်းဟာမကြာခဏပျက်နေပြီး မတူပီမြို့ပေါ်ရှိ ဌာနဆိုင်ရာများနဲ့ မိမိတို့နဲ့သက်ဆိုင်သည့် ခရိုင်/ တိုင်းဒေသကြီး/ ပြည်နယ်ရုံး / နေပြည်တော်အထိ fax လုပ်ငန်းနဲ့ သာ အသွားအလာလုပ်တဲ့အချိန်မှာ မကြာခဏဆိုသလိုအမြဲတန်းဒုက္ခများစွာရင်ဆိုင်ခဲ့ရပါတယ်။ ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုရင် မတူပီမြို့နယ်ရှိ ဌာနဆိုင်ရာပေါင်းစုံ နဲ့ ပြည်သူလူထုအားကိုးသော တစ်ခုတည်းသော မြန်မာ့စီးပွားရေးဘဏ်ဆိုရင် ငွေပို့ခြင်း/ငွေလွှဲခြင်းကို မကြာခဏ ရပ်ဆိုင်းခဲ့ရပါတယ်။ မတူပီမြို့ဟာ အခြားပုဂ္ဂလိက ဘဏ်တွေလည်းမရှိသေးတာကြောင့် ငွေကြေးစီးဆင်းလည်ပတ်မှုကိုလည်းများစွာ ထိခိုက်ပါတယ်။ ၂၀၁၇ ဒီဇင်ဘာလနောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ၆လ နီးပါးငွေပို့ခြင်း/ငွေလွှဲခြင်းကို လည်းရပ်ဆိုင်းခဲ့ရပါတယ်” လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် က ဒီကနေ့ ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ” ချင်းပြည်နယ်မတူပီမြို့တွင် မကြာခဏလိုင်းပျက်နေသော အော်တိုအိတ်ချိန်း ဖုန်းလိုင်းကို စက်ကိရိယာ အသစ်လဲလှယ်၍ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ” ဆိုပြီးမေးခွန်းတစ်ရပ်မေးမြန်းခဲ့ပါတယ်။

အဆိုနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ပြည်ထောင်စုဒုဝန်ကြီး ဦးသာဦးက ယခုလက်ရှိ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကိုဆက်သွယ်ပေးတဲ့ ဖိုက်ဘာဆက်သွယ်ရေးဆက်ကြောင်းကိုတည်ဆောက်လျက်ရှိပြီး စက်ပစ္စည်းများတပ်ခြင်းလုပ်ငန်းတွေဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၈ခုနှစ် စက်တင်ဘာလကုန် ခန့်မှာစတင်အသုံးပြုနိုင်ဖို့လျာထားကြောင်း ပြန်လည်ဖြေကြားပါတယ်။

“အဆိုပါ micro wave ဆက်ကြောင်းဆောင်ရွက်ပြီးစီးချိန်တွင် မတူပီအိတ်ချိန်း ရဲ့အဝေးဆက်သွယ်မှုစနစ်ကိုလည်း v-satellite ဂြိုလ်တုစနစ်မှ micro wave ဆက်ကြောင်းစနစ်ပြောင်းလဲချိတ်ဆက် အသုံးပြုသွားမည်ဖြစ်ပြီးလက်ရှိ အသုံးပြုနေသည့် အော်တိုအိတ်ချိန်းကိုလည်း ခေတ်မှီ အမ်ဆန်လို့ခေါ်တဲ့ multi services အိတ်ချိန်းအမျိုးအစားအသစ်များဖြင့် တစ်ပါးတည်းအဆင့်မြင့်တင်လဲလှယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနဲ့ အဲဒီလုပ်ငန်းတွေဆောင်ရွက်ပြီးစီးပါက ချင်းပြည်နယ်မတူပီ မြို့နယ်အတွင်းအော်တိုတယ်လီဖုန်း လိုင်းများပိုမိုကောင်းမွန်စွာဆက်သွယ်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်” လို့ ဒုဝန်ကြီး ဦးသာဦးက ပြောပါတယ်။

မတူပီမြို့ဟာနယ်မြေဒေသအနေအထားအရ အဝေးဆက်သွယ်မှုဆက်ကြောင်းရရှိနိုင်ရေးအတွက် micro wave ဆက်ကြောင်းနဲ့ ဖိုက်ဘာကေဘယ်ဆက်ကြောင်းတွေတည်ဆောက်ဖို့အခက်အခဲရှိကြောင်း ၊ ဒါကြောင့် အိတ်ချိန်းရဲ့ အဝေးဆက်သွယ်မှုစနစ်ကို v-satelliteဂြိုလ်တု စနစ်အသုံးပြုပြီးတော့ transit အိတ်ချိန်းဖြစ်တဲ့ ရန်ကုန် EWSD အီလက်ထရောနစ်စနစ်နဲ့ ချိတ်ဆက်အသုံးပြုခဲ့တာဖြစ်ကြောင်း၊ ဒီလိုအသုံးပြုခဲ့ရာမှာ မူလအစကတော့ အဆင်ပြေခဲ့ပေမယ့် အချိန်ကြာမြင့်လာတာနဲ့အမျှဝန်ဆောင်မှုအရည်အသွေးတွေကျဆင်းလာတာ၊ စက်အရံပစ္စည်းဝယ်လို့မရနိုင်တာတွေဖြစ်ခဲ့ကြောင်း၊ ဒါကြောင့် ၎င်းအိတ်ချိန်းတွေကို ဖြုတ်သိမ်းခဲ့ပြီး ခေတ်မှီ အိတ်ချိန်းတွေနဲ့ အစားထိုးပြောင်းလဲတပ်ဆင်ခဲ့ရာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာကစပြီး နည်းပညာပိုင်းဆိုင်ရာတယ်လီဖုန်းဆက်သွယ်ရာမှာ အဆင်မပြေမှုတွေဖြစ်ပေါ်ခဲံ့ရတာအမှန်ပဲဖြစ်တယ်လို့ ပြည်ထောင်စုဒုဝန်ကြီး ဦးသာဦးက ဆိုပါတယ်။

မတူပီအော်တိုအိတ်ချိန်းရဲ့အဝေးဆက်သွယ်မှုဟာ v-satellite ပြိုလ်တုစနစ်ဖြစ်ပြီး soft switch အိတ်ချိန်းတွေနဲ့ ပြောင်းလဲ ချိတ်ဆက်ခဲ့ရာမှာ နည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေအရ အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် တယ်လီဖုန်းဆက်သွယ်မှုကောင်းမွန်စေရေးအတွက် ဂြိုလ်တုမြေပြင်အခြေစိုက် စခန်းမှာစက်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲခြင်းနဲ့ v-satellite ဂြိုလ်တုစနစ်ရဲ့လိုင်းwaveကိုတိုးမြှင့်ခြင်း၊ နည်းပညာပိုင်း ဆိုင်ရာချိန်ညှိခြင်းတို့ကို တိုးမြင့်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်မေလ ၁၀ ရက်နေ့ ကနေစပြီး တယ်လီဖုန်းဆက်သွယ်မှုနဲ့ Fax ပေးပို့ခြင်းတွေကို ပုံမှန်ဆောင်ရွက်နိုင်ပြီလို့ သိရှိရကြောင်း၊ ဒါပေမဲ့ မတူပီအော်တိုအိတ်ချိန်းရဲ့အဝေးဆက်သွယ်မှုဟာဆိုရင် ဂြိုလ်တုစနစ်ကိုအသုံးပြုထားရတဲ့အတွက် တယ်လီဖုန်း ဆက်သွယ်ရာမှာအဆင်ပြေပေမယ့် ဆက်သွယ်တဲ့ နေရာဒေသပေါ်မူတည်ပြီး အဝေးဆက်သွယ်ရေးဆက်ကြောင်း ချိတ်ဆက်မှုအရ နောက်ကျချိန် delay time ရှိခြင်း ၊ ရာသီဥတုအပေါ်မူတည်ခြင်း၊ အသုံးပြုချိန်လှိုင်းဝင်အပြည့်အ၀မရခြင်းတို့ကြောင့် fax ပေးပို့ရာမှာတော့ တစ်ခါတရံ အဆင်မပြေမှုများနဲ့ကြုံတွေ့နိုင်ကြောင်း ၊ မတူပီမြို့ပေါ်မှာ မိုဘိုင်းလ်တယ်လီဖုန်းဆက်သွယ်မှုရရှိစေဖို့ GSM မိုဘိုင်းလ် စခန်းတစ်ခုကို ၂၀၁၈ခုနှစ်မတ်လ အတွင်းဖွင့်လှစ်ပေးခဲ့သေးကြောင်း ပို့ဆက် ဒုဝန်ကြီး က ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ချင်းပြည်နယ်မတူပီမြို့မှာ အော်တိုအိတ်ချိန်းဖုန်းလိုင်း ကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် မတ်လ ၂၂ ရက်နေ့ကစတင်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ စတင်အသုံးပြုစဉ်က ဖုန်းလိုင်း ၅၀၀ တပ်ဆင်အသုံးပြုခဲ့ပေမယ့် ဒီကနေ့ မှာတော့ ဖုန်းလိုင်း ၂၈၉ လိုင်းသာတပ်ဆင်အသုံးပြုနေရပါတယ်။

မတူပီမြို့နယ်ဟာဆိုရင် မကြာသေးခင် ၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတရုံးအမိန့်နဲ့ ခရိုင်မြို့အဖြစ်ပြောင်းလဲသတ်မှတ်ပေးလို့ မကြာခင် ခရိုင်ရုံးတွေဖွင့်လှစ်ရုံးထိုင်တော့မယ့် မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

ယခင်ကာလကတော့ မတူပီမြို့နယ်ကို ချင်းပြည်နယ်ရဲ့ ဒုတိယမြို့တော်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*