၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ကို တရားစွဲရန် ၁၉၉ဝ ရွေးကောက်ခံ အမတ်ဟောင်းအချို့ စီစဉ်နေဟုဆို လွှတ်တော်ထဲမှသာ ပြင်ဆင်နိုင်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ မှတ်ချက်ပြု

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ကို တရားစွဲရန် ၁၉၉ဝ ရွေးကောက်ခံ အမတ်ဟောင်းအချို့ စီစဉ်နေဟုဆို လွှတ်တော်ထဲမှသာ ပြင်ဆင်နိုင်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ မှတ်ချက်ပြု
May 3, 2017 Asian Fame

11:18 am
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်ကို တရားစွဲရန် ၁၉၉ဝ ရွေးကောက်ခံ အမတ်ဟောင်းအချို့ စီစဉ်နေဟုဆို လွှတ်တော်ထဲမှသာ ပြင်ဆင်နိုင်မည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ မှတ်ချက်ပြု

ရန်ကုန်၊ မေ၂

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို တရားစွဲဆိုသွားရန်ရှိကြောင်း ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဒေးဗစ်လှမြင့် က ပြောသည်။

တရားစွဲမှုကို ၁၉၉ဝ ရွေး ကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁၅ ဦးက ဦးဆောင်မည်ဖြစ်ပြီး၊ တရား စွဲသွားမည် ဆိုသည့် အကြောင်းကို အစိုးရထံ မေလ ၂ ရက်နေ့ ရက်စွဲ ဖြင့် အသိပေးအကြောင်းကြားပြီးပြီဟု သူက ဆက်ပြောသည်။ တရားစွဲဆိုရခြင်းမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်း စဉ် ဖော်ပြခဲ့သည့် ထောက်ခံခဲ့သူ အရေအတွက်မှာ အမှန်တကယ် ရှိနေသည့် စာရင်းထက် လွဲမှားနေသည့်အတွက်ကြောင့် တရားစွဲဆို ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ၁၅ ဦးတို့နှင့်အတူ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းဖော်ထုတ်ရေး ကော်မတီ၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ UNDO ၊ ကရင်အမျိုးသမီး အစည်းအရုံးတို့က ပူးပေါင်းပါဝင် ရန် ရှိနေသည်ဟု သိရသည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကိုထောက်ခံသူအရေအတွက်က ၂၂ သန်းကျော်ရှိသည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်က ကြေညာထားသည်။ မဲပေးသူ အရေအတွက်ကိုမူ ၅၇ သန်းကျော်ရှိသည်ဟု ဖော်ပြခဲ့သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအာဏာ မတည်မီက အစိုးရနှင့်ချုပ်ဆိုထားခဲ့သော ပဋိညာဉ်များနှင့်စပ်လျဉ်း၍ ဖြစ်စေ၊ တာဝန်များနှင့် စပ်လျဉ်း၍ ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအား တရားစွဲဆိုနိုင် သော အခွင့်အရေးအရ တရားစွဲရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင် စုအစိုးရအား တရားစွဲဆိုနိုင်သည် ဟု ဖော်ပြထားသည်။ ယင်းအပြင် တရားစွဲဆိုခြင်းကို ခံနိုင်သည်ဟု ဖော်ပြပါရှိထားသည်။ ၁၉၉ဝ ရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့်၂ဝ၁၅ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ မှ ဒေါ်ခင်စန်းလှိုင်က NLD သည် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်ကတည်းက ဖွဲ့စည်းပုံကို ပြင်နိုင်ရန် ကြိုးပမ်းမည်ဟု ပြော ကြားခဲ့ကြောင်း၊ ယခုလည်း လွှတ်တော်ထဲက တစ်ဆင့် ပြင်နိုင်ရန် ကြိုးပမ်းနေကြောင်းဆိုသည်။ ”အခု တရားစွဲမယ်ဆိုတဲ့ အဖွဲ့နဲ့ အဆက်အစပ် မရှိပါဘူး”ဟု သူမက ပြောသည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ဥပဒေပြဋ္ဌာန်းချက်အရ တရားစွဲဆိုလိုပါက စွဲဆိုနိုင်ကြောင်း၊ ယင်းအပေါ် မှတ်ချက် မပေးလိုကြောင်း ပြောသည်။ ”အခြေခံဥပဒေဆိုတာ လွှတ်တော်ထဲမှာ ပြင်မှပဲရမယ်” ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် ၂ဝ၁၄ခုနှစ် က လူထုလက်မှတ်များ ကောက်ခံခဲ့ဖူးသေးသလို၊ ပြည်ခိုင်ဖြိုးပါတီကလည်း ပထမ အကြိမ်လွှတ်တော် သက်တမ်း မကုန်ဆုံးမီက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ရန် လွှတ်တော်တွင် အဆိုတင်ပြီး ဆန္ဒမဲခွဲဆုံးဖြတ်မှုဖြင့် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ဖူးသည်။သို့သော်လည်း နှစ်ခုစလုံး အောင်မြင်မှုမရှိခဲ့ပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*