ကျောက်မဲ-ကွန်ကော်ကျေးရွာအုပ်စုကြားဆက်သွယ်ထားတဲ့ ပန်ကျိုင်းတံတား ၂ စင်း ယနေ့မနက်က မိုင်းခွဲဖျက်စီးခံရ

ကျောက်မဲ-ကွန်ကော်ကျေးရွာအုပ်စုကြားဆက်သွယ်ထားတဲ့ ပန်ကျိုင်းတံတား ၂ စင်း ယနေ့မနက်က မိုင်းခွဲဖျက်စီးခံရ
April 24, 2018 Fame Asian

4:59 pm
ကျောက်မဲ-ကွန်ကော်ကျေးရွာအုပ်စုကြားဆက်သွယ်ထားတဲ့ ပန်ကျိုင်းတံတား ၂ စင်း ယနေ့မနက်က မိုင်းခွဲဖျက်စီးခံရ
31265300_1767541706623120_2078658154291265536_n

ပန်ကျိုင်းကြိုးတံတားနှင့်သစ်သားတံတားကို ၂၀၁၆ ခုနှစ်အတွင်းက မြင်တွေ့ရပုံ

ကျောက်မဲ၊ ဧပြီ ၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် နဲ့ ကွန်ကော်ကျေးရွာအုပ်စုကို ဆက်သွယ်ထားတဲ့ ပန်ကျိုင်းကြိုးတံတား နဲ့ သစ်သားတံတား စုစုပေါင်း တံတား ၂ စင်းဟာ ဒီကနေ့ မနက်ကပဲ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ကျောက်မဲမြို့ဒေသခံတွေက ပေါ်ပြူလာနယူးစ်ကို ဆက်သွယ်သတင်းပေးပို့လာပါတယ်။

ဒီကနေ့ မနက်ပိုင်းက အဆိုပါ ပန်ကျိုင်းကြိုးတံတားနဲ့ သစ်သားတံတား ၂ စင်းစလုံးဟာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး အခု တံတား ၂ စင်းလုံးပျက်စီးသွားတဲ့အတွက် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုကြား လမ်းပန်းဆက်သွယ်ရေးလုံးလုံးပြတ်တောက်သွားပြီလို့ သတင်းပေးပို့လာတဲ့ ကျောက်မဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

ကွန်ကော်ကျေးရွာအုပ်စုအထဲမှာဆိုရင်တော့ ပလောင်ရွာ ၃ ရွာဖြစ်တဲ့ ကွန်ကော်၊ တော့ဖယ်၊ အုံအွီး နဲ့ ရှမ်းရွာတစ်ရွာဖြစ်တဲ့ မန်စန်းရွာတို့ ပါဝင်ပါတယ်။

ဒါကြောင့် လက်ရှိမှာ အဆိုပါ ရွာ ၄ ရွာစလုံးနဲ့ ကျောက်မဲမြို့ကြားလမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေတယ်လို့ကျောက်မဲမြို့နယ် ဇီဝိတလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင်မောင်သိန်းက ပြောပါတယ်။
“ကျောက်မဲနဲ့ ကွန်ကော်အုပ်စုကို ဆက်သွယ်ထားတဲ့ တစ်လမ်းတည်းသော လမ်းပဲ။ တံတား ၂ စင်းစလုံးအခွဲခံလိုက်ရတယ်” လို့ သူကဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သတ်လို့ ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းညဏ်ကတော့ “အဲဒီဘက်က တိုက်ပွဲဖြစ်ပြီးကတည်းက အရပ်အသွားအလာမရှိတော့ဘူးလို့ဆိုရမယ်။ မိုင်းတွေလည်းရှိတော့။ လက်နက်ကိုင်တွေဘဲ အသွားအလာရှိတယ်။ သွားလို့ရသလောက်က အောင်ချမ်းသာရွာအထိပဲသွားလို့ရတယ်။ ဟိုဘက်အခြမ်းကြတော့ဆက်သွားလို့မရတော့ဘူး။ တံတားတွေဖျက်ဆီးခံရတယ်ဆိုတာတော့ကြားတယ်။ ဒါပေမဲ့ သတင်းကိုအတည်ပြုဖို့ခက်နေတယ် ” လို့ပြောပါတယ်။

လက်ရှိ အဆိုပါ နယ်မြေမှာ တအာန်း/ပလောင်လက်နက်ကိုင်အဖွဲ့ TNLA နဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ RCSS တို့ကြား အဓိက တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာ့တပ်မတော်ကလည်း လှုပ်ရှားသွားလာမှုလည်းရှိနေပါတယ်။

ဖျက်ဆီးခံလိုက်ရတယ်လို့ဆိုတဲ့ တံတား ၂ စင်းမှာ ပထမကြိုးတံတားဟာ နတလ(နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန) က ဆောက်ထားခဲ့တဲ့တံတားဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းက ဆောက်လုပ်ထားခဲ့တာဖြစ်ကြောင်း ၊ ဆိုင်ကယ်နဲ့လူတွေသွားလာလို့ရတဲ့တံတားဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ လက်ထောက်အတွင်းရေးမှူး ဦးစိုင်းထွန်းညို က “ကျွန်တော်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့ ပြည်နယ် ၇ ခု၊ တိုင်း ၂ တိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခု ၊ စုစုပေါင်းမြို့နယ် ၁၆၈ မြို့နယ်အထဲမှာ ကျောက်မဲမြို့နယ်မပါဘူးခင်ဗျ။ ဒီတော့ အခု တံတားဟာ ကျွန်တော်တို့ ကြိုးတံတားတော့ မဖြစ်နိုင်ဖို့ ၉၀ ရာခိုင်နှုန်းသေချာတယ်။ ဒါပေမဲ့ ကျွန်တော် ပြန်ပြီး စီစစ်ပေးပါ့မယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

နောက်ထပ် တံတားတစ်စင်းကတော့ ကားအသုံးပြုလို့ရအောင်ဆောက်လုပ်ထားတဲ့ တံတားဖြစ်တယ်လို့ သိရပါတယ်။

“ကျောက်မဲမှာရှိတဲ့ မိုးကောင်းဆရာတော်ဆိုတာရှိတယ်။ သူကဦးဆောင်ပြီး လမ်းပန်းဆက်သွယ်ရေးကုန်စည်စီးဆင်းမှု အားကောင်းအောင် ဒေသခံတွေအဆင်ပြေအောင်ဆိုပြီး စုပေါင်းအင်အားနဲ့ဆောက်ထားတာ။ သိန်းထောင်ကျော်တယ် ကုန်ကျစရိတ်က” လို့ ကျောက်မဲဒေသခံတစ်ဦးက ရှင်းပြပါတယ်။

ကွန်ကော်ကျေးရွာအုပ်စုအတွင်းမှာဆို ပြီးခဲ့တဲ့လပိုင်းက TNLA နဲ့ RCSS ကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ တိုက်ပွဲကြားကထွက်ပြေးတိမ်းရှောင်လို့မရအောင် ပိတ်မိခဲ့ပါသေးတယ်။

အဆိုပါပိတ်မိတဲ့ ဒေသခံတွေကို ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတွေက လူနာတင်ယာဉ်တွေနဲ့ သွားရောက်ခေါ်ဆောင်ခဲ့ပေမယ့် တိုက်ပွဲနဲ့မိုင်းကြောင့် လမ်းတစ်ဝက်ကနေပြန်လှည့်လာရတဲ့ဖြစ်စဉ်လည်းရှိခဲ့ဖူးပါတယ်။

AF – 178
Photo Credit – SaiKyawLay

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*