ကျား/မ ၅၂ ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ခေါ်လာသူ ၂ဦးကိုဖမ်း

ကျား/မ ၅၂ ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ခေါ်လာသူ ၂ဦးကိုဖမ်း
February 22, 2018 Fame Asian

5:32 pm
ကျား/မ ၅၂ ဦးကို တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ခေါ်လာသူ ၂ဦးကိုဖမ်း

28279302_1701499216560703_5706598217293133558_n

မန္တလေး၊ ဖေဖေါ်ဝါရီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အမျိုးသားအမျိုးသမီး ၅၂ ဦးကို တရုတ်နိုင်ငံ စက်ရုံတစ်ခုမှာ အလုပ်လုပ်ဖို့ခေါ်လာသူနှစ်ဦးကို ယမန်နေ့ညပိုင်းက မန္တလေး ပုသိမ်ကြီးမြို့နယ် အုန်းချောကျေးရွာ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးအရေးယူလိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဆီကသိရပါတယ်။

“ဦးဆောင်ခေါ်လာသူက တရုတ်ပြည်မှာ အလုပ်လုပ်နေတယ် လစာလည်းကောင်းမယ် လိုက်ချင်လိုက်ခဲ့ကြဆိုပြီး အနီးအနားကျေးရွာတွေက လူတွေကိုခေါ်လာတာပါ အလုပ်မရှိသူတွေက လိုက်မယ်ဆိုပြီးလိုက်လာကြတာပါ” လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်ဆွေလင်းက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းအကူဌာနစုမှ တာဝန်ရှိသူတွေ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဝင်တွေဟာ သတင်းအရ မြင်းခြံမြို့နယ်ကနေထွက်ခွာလာတဲ့ ကြယ်တံခွန်မှန်လုံယာဉ်လိုင်း စင်းလုံးငှားယာဉ်တစ်စီးကို အုန်းချောကျေးရွာ ၁၆ မိုင်စစ်ဆေးရေးဂိတ်မှာ စောင့်ဆိုင်းစစ်ဆေးတာမှာ မြင်းခြံကနေမူဆယ်မြို့ဆီခေါ်လာတာဖြစ်ကြောင်း ယာဉ်ပေါ်မှာ အမျိုးသား ၄၄ ဦး အမျိုးသမီး ၈ ဦး စုစုပေါင်း ၅၂ ဦးပါလာကြောင်း သိရတာဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။

ဆက်လက်စစ်ဆေးမှုအရ ဒီအဖွဲ့ဟာ တရုတ်နိုင်ငံ ဟွေ့ကျုံးပြည်နယ်၊ တုံကွမ်မြို့က ပရိဘောဂစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြင်းခြံမြို့နယ် ကူရွာနေကိုကျော်စိုးလင်း နဲ့ မကျီးသမျှားကျေးရွာနေ ကိုအောင်လင်းတို့က ၄င်းတို့အလုပ်လုပ်နေတဲ့ နေရာမှာ တစ်လလုပ်အားခ မြန်မာငွေ ၅ သိန်းကျပ် ရကြောင်းပြောကြောင်း ကိုကျော်စိုးလင်းက ၂၆ ဦးအား တစ်ဦး ခရီးစရိတ် ၅၂၀၀၀၀ ကျပ် နဲ့ ကိုအောင်လင်းက ၂၆ ဦးအား တစ်ဦး ၅၅၀၀၀၀ ကျပ်နဲ့ ခေါ်ဆောင်လာကြောင်း ပေါ်ပေါက်ခဲ့တယ်လို့ ရဲမှတ်တမ်းအရသိရပါတယ်။

“လူကုန်ကူးမှုနဲ့တော့ စွဲမရဘူး၊ ပြည်ပအလုပ်အကိုင် ရှားဖွေရေး ဥပဒေနဲ့တော့ အရေးယူထားပါတယ်” လို့လည်း ၄င်းကဆိုပါတယ်။

လက်ရှိအခြေအနေမှာ အလုပ်လုပ်ဖို့ခေါ်လာသူ ၅၂ ဦးကို အုန်းချောရွာအုပ်ချုပ်ရေးမှူးအကူအညီနဲ့ အုန်းချောရွာဓမ္မာရုံမှာစောင့်ရှောက်ထားပြီး တရားဝင်လိုင်စင်မရှိဘဲ အလုပ်သမားစုဆောင်းသယ်ဆောင်လာသူကိုကျော်စိုးလင်း နဲ့ ကိုအောင်လင်းတို့ကိုတော့ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းက (ပ)၂၇/၂၀၁၈ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ နဲ့အရေးယူ ထားကြောင်းသိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*