မွန်ပြည်နယ်အကြီးအကဲများကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့သည့်အတွက်ကြောင့် သထုံမြို့မှ ဦးအောင်ကိုကိုလွင် ဆိုသူ အမှုဖွင့်အရေးယူခံထားရ

မွန်ပြည်နယ်အကြီးအကဲများကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့သည့်အတွက်ကြောင့် သထုံမြို့မှ ဦးအောင်ကိုကိုလွင် ဆိုသူ အမှုဖွင့်အရေးယူခံထားရ
January 8, 2018 Fame Asian

2:09 pm
မွန်ပြည်နယ်အကြီးအကဲများကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ခဲ့သည့်အတွက်ကြောင့် သထုံမြို့မှ ဦးအောင်ကိုကိုလွင် ဆိုသူ အမှုဖွင့်အရေးယူခံထားရ

26196093_1657192357658056_1491467198331810030_n

သထုံ၊ ဇန်န၀ါရီ ၈ 

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှတ်ချက်ပြုရေးသားခဲ့သည့် အတွက်ကြောင့် သထုံမြို့မှ ဦးအောင်ကိုကိုလွင် ဆိုသူကို ဒေသခံတစ်ဦး၏ အမှုဖွင့်တိုင်တန်းမှုအရ သက်ဆိုင်ရာက လက်ရှိတွင် အရေးယူထားကြောင်း သထုံမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက Popular News ကိုပြောသည်။

ဦးအောင်ကိုကိုလွင် ဆိုသူသည် Aung Ko Ko Lwin အကောင့်ဖြင့် လူမှုကွန်ရက်ပေါ်တွင် မွန်ပြည်နယ်အကြီးအကဲများကို ပုတ်ခတ်ရေးသားခြင်း၊မြို့၏ ဂုဏ်သိက္ခာ၊မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာ၊ပြည်နယ်မှတာဝန်ရှိသူများ၏ ဆောင်ရွက်လုပ်ကိုင်နေမှုများကို အပြုသဘောဆောင် ဝေဖန်ထောက်ပြခြင်းမျိုးမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း၊ ထိခိုက်စေရန် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းတို့ကြောင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု ကို ကာကွယ်ရေး ဥပဒေ အရ အရေးယူပေးပါရန် သထုံဒေသခံ ဦးစောကျော်မိုးဆိုသူ၏ တိုင်စာပေးပို့ တိုင်တန်းမှုအရ စစ်ဆေးပြီး ဦးအောင်ကိုကိုလွင် ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှု နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကိုကာကွယ်ရေးဥပဒေ ပုဒ်မ(၁၀)ဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု အထက်ပါရဲအရာရှိက ရှင်းပြသည်။

ယင်းဥပဒေပုဒ်မသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၆လ သို့ ဒဏ်ငွေ ၃သောင်းကျပ် မှ ထောင်ဒဏ် ၃နှစ် သို့ ငွေဒဏ် ၁၅သိန်းကျပ်အထိ ပြစ်ဒဏ်ချမှတ်ခံနိုင်ရသည့် ဥပဒေပုဒ်မ ဖြစ်သည်။

အမှုဖွင့်ခံထားရသည့် ဦးအောင်ကိုကိုလွင်က ”ဟင်းတစ်နပ် လျှော့စားဖို့ ပြောတဲ့ ဟာကိုလည်း ကျွန်တော် ဖေ့ဘုတ်ပေါ်မှာ တင်ခဲ့တယ်။ ပြီးတော့ မြို့နယ်ရဲ့ လျှပ်စစ်မီးကိစ္စကိုလည်း ကျွန်တော် တင်ခဲ့တယ်။ ဈေးကိစ္စတွေလည်းပါတယ်။တိုင်တဲ့ သူကတော့ ကျွန်တော်တင်ခဲ့တဲ့ ဟာတွေကို သက်သေတင်ပြီး တိုင်တာလို့ သိရတယ်”ဟု ပြောသည်။

ရဲမှတ်တမ်းများအရ ပြည်သူတစ်ယောက်၊နိုင်ငံသားတစ်ယောက်၏ တာဝန်သိရှိမှုဖြင့် သထုံဒေသခံ ဦးစောကျော်မိုးဆိုသူက တိုင်တန်းခြင်းဖြစ်သည်ဟု သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးမင်းကြည်ဝင်းက ယခုကဲ့သို့ အမှုဖွင့်ရန် ပြည်နယ်အစိုးရအဖွဲ့က မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖိအားပေးစေခိုင်းခဲ့ခြင်း မရှိကြောင်း ပြောသည်။

”ဝေဖန်လို့ အမှုဖွင့်ခံထားရတယ် ဆိုတဲ့သတင်းတောင် မကြားမိဘူး”ဟု ပြည်နယ်ဝန်ကြီးက ပြောသည်။

သထုံမြို့မရဲစခန်းက ရဲအရာရှိက ဦးအောင်ကိုကိုလွင်ကို တိုင်တန်းမှုအရ ၂၀၁၈ခုနှစ် ဇန်န၀ါရီ ၆ရက်နေ့ က (ပ)၆/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေးပြီး ယခုတွင်မူ အာမခံပေးထားကြောင်း ပြောသည်။

အမှုဖွင့်တိုင်တန်းခဲ့သူ သထုံဒေသခံ ဦးစောကျော်မိုး ကို Popular News က ဆက်သွယ်ရာ အဆက်အသွယ်မရခဲ့ပေ။

ဦးအောင်ကိုကိုလွင် ဆိုသူသည် ဇန်န၀ါရီလ ၃ရက်နေ့က သထုံမြို့တွင် ပြုလုပ်သည့် မွန်ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ၊မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ နှင့် ဒေသခံတို့ တွေ့ဆုံပွဲတွင် ၀န်ကြီးချုပ်ကို လျှပ်စစ်မီးကိစ္စအပါအ၀င် မေးခွန်း (၃)ခု မေးမြန်းခဲ့သူ ဖြစ်သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*