တနိုင်းဒေသမှော်တွေအထဲက တိုက်ပွဲရှောင်လာတဲ့ လူ ၃၀၀၀ ခန့် လမ်းခရီးတွင် ပိတ်မိနေ

တနိုင်းဒေသမှော်တွေအထဲက တိုက်ပွဲရှောင်လာတဲ့ လူ ၃၀၀၀ ခန့် လမ်းခရီးတွင် ပိတ်မိနေ
January 29, 2018 Fame Asian

11:23 am
တနိုင်းဒေသမှော်တွေအထဲက တိုက်ပွဲရှောင်လာတဲ့ လူ ၃၀၀၀ ခန့် လမ်းခရီးတွင် ပိတ်မိနေ

img

တနိုင်း ၊ ဇန်န၀ါရီ ၂၉

တိုက်ပွဲပြင်းထန်လို့ ထွက်ပြေးလာတဲ့ တနိုင်းဒေသမှော်တွေအထဲက လူ ၃၀၀၀ လောက်ဟာ လမ်းခရီးမှာပိတ်မိနေတယ်လို့ သိရပါတယ်။

အဆိုပါ လူ ၃၀၀၀ လောက်ဟာ ကချင်ပြည်နယ် တနိုင်းဒေသအတွင်း ရွှေနဲ့ပယင်းမှော်တွေမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် ထွက်ပြေးတိမ်းရှောင်လာခဲ့သူတွေလည်းဖြစ်ပါတယ်။

လောလောဆယ် အဆိုပါ ထွက်ပြေးတိမ်းရှောင်သူတွေဟာ တနိုင်းမြို့မရောက်ခင် စနောက်ချောင်း အနားကိုရောက်ရှိနေပြီး ဖြတ်သန်းခွင့်စောင့်ဆိုင်းနေတယ်လို့ အဆိုပါ ဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဦးစိမ်းရုံက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“စစ်တပ်က ထိုင်ထားတဲ့ စနောက်ချောင်းဆိုတဲ့ နေရာကိုရောက်နေပြီ ။ စုစုပေါင်း လူဦးလေရ ၃၄၀၀ ကျော်လောက်ရှိတယ်။ မနေ့ကတစ်ညလုံးကတော့ လမ်းပေါ်မှာပဲအိပ်လိုက်ကြတယ်။ လမ်းဘေးလည်းမဆင်းရဲဘူး။ မိုင်းထိမှာစိုးလို့ ။ လောလောဆယ် သောက်ရေကိုတော့ တပ်မတော်က လာပေးထားတယ်။ တော်တော်ဒုက္ခရောက်နေတယ်။ ကူညီကြပါဦးဗျာ။ ဒဏ်ရာရတဲ့သူတွေ ၊ မိုင်းစမှန်ထားတဲ့သူတွေ ၊ နေမကောင်းတဲ့သူတွေလည်းပါတယ်။ သူတို့ကတော့ အထက်က ဖြတ်သန်းခွင့်ပြုတာနဲ့ ခွင့်ပြုပေးမယ်ပြောတယ်” ၎င်းကဆိုပါတယ်။

ယင်းထွက်ပြေးလာတဲ့သူတွေကိုတော့ သွားကြိုဖို့ အဆင်သင့်ဖြစ်နေပြီလို့ တနိုင်းမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေသိရပါတယ်။

လောလောဆယ်မှာ ကယ်ချင်တဲ့သူတွေကလည်း သွားလို့မရတဲ့အနေအထားကြောင့် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သူတို့ကဆိုပါတယ်။

“သွားသယ်ခွင့်ပေးမယ်ဆိုရင်တော့ ဒီဘက်မှာသွားဖို့အဆင်သင့်ပါပဲ။ မှော်ထဲက ဆင်းလာတဲ့သူတွေက တနိုင်းချောင်း ၊ နမ့်ကွမ်းချောင်း အနားတောင်မရောက်ကြသေးဘူးလို့ သိရတယ်။ မနေ့ကတော့ဖုန်းအဆက်အသွယ်ရတယ်။ ဒီနေ့တော့ ဖုန်းအဆက်သွယ်မရသေးဘူး ။ ဒီနေ့အခြေအနေကိုသေချာမပြောနိုင်သေးဘူး။ ထွက်ပြေးလာတဲ့သူတွေကကြားထဲမှာပိတ်မိနေတဲ့အနေအထားရှိတယ်” လို့ ကယ်ဆယ်ရေးအတွက် ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကို သွားရောက်ကူညီကယ်ဆယ်ဖို့အတွက် တနိုင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ကနေ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးတို့ထံ ဆက်သွယ်ဆောင်ရွက်ထားကြောင်းနဲ့ လက်ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် မှာ အစည်းအဝေးပြုလုပ်နေကြောင်း ၊ အစည်းအဝေးပြီးလို့ သွားခွင့်ပြုတယ်ဆိုရင်တော့ သွားရောက်ကယ်ဆယ်ဖို့ အဆင်သင့်ရှိနေကြောင်း ၎င်း ကထပ်လောင်းဆိုပါတယ်။

လက်ရှိ တနိုင်းဒေသမှာဆိုရင် အခုရက်ပိုင်းအတွင်းကို တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း မိုးကောင်း – ကာမိုင်း- တနိုင်းလမ်း ၊ မိုးကောင်း- လ၀ါး – တနိုင်း လမ်းပိုင်းက တိန်ကောက် ၊ ရှဒူဇွပ် စတဲ့ တပ်မတော်တပ်ရင်းတည်ရှိရာကျေးရွာတွေ မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၂၇ ရက်နေ့က အဆိုပါလမ်းပိုင်းကို ခေတ္တခနပိတ်ထားခဲ့ပြီး ၂၈ ရက်နေ့မှာ ပုံမှန်အ တိုင်းပြန်လည်သွားလာခွင့်ရရှိခဲ့ကြပါတယ်။

ဇန်န၀ါရီ ၂၆ ရက်နေ့ကလည်း တနိုင်းဒေသက KIA ရင်း ၁၄ တည်ရှိရာ နမ်ဗျူး မှော်အတွင်းမှာ လက်နက်ကြီးကျလို့ ပယင်းရှာနေတဲ့ ဒေသခံ အချို့သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ ကချင်ပြည်နယ်ဆွမ်ပရာဘွမ် ဘက်မှာ တပ်မတော်နဲ့ KIA ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ၊ ရှဒူဇွပ်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို သတင်းထုတ်ပြန်ထားပါတယ်။

KIA ဘက်ကတော့ အခုအချိန်ထိ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပါဘူုး။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*