အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ပဲခူးတိုင်းစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး အဖြစ်အဆိုပြု

အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ပဲခူးတိုင်းစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး အဖြစ်အဆိုပြု
January 25, 2018 Fame Asian

4:38 pm
အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာမကြီးတစ်ဦးကို ပဲခူးတိုင်းစည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး အဖြစ်အဆိုပြု

26992100_1696084523787156_6050062312165072945_n

ပဲခူး၊ဇန်န၀ါရီ ၂၅

ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး နေရာတွင် အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာမကြီး တစ်ဦး ဖြစ်သော အုတ်ဖိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဋ္ဌေးကို တာဝန်ပေးအပ်လိုကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်မှ အဆိုပြုတင်ပြမှုအပေါ် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုကြောင်း ယနေ့တွင် ကြေညာသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၎င်းအစိုးရအဖွဲ့အတွင်းမှ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်လွင် နှင့် သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်မင်းဇံ တို့ ၂၀၁၈ခုနှစ် ဇန်န၀ါရီလ ၁၁ရက်နေ့ က နှုတ်ထွက်သွားကြ၍ ၀န်ကြီးလစ်လပ်နေသည့် ထိုနေရာ ၂ခုအတွက် တာဝန်ပေးအပ်လိုသော အမည်စာရင်းများကို ယနေ့ကျင်းပသော တိုင်းလွှတ်တော်၌ အဆိုပြုတင်သွင်းခဲ့သည်။

သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ၀န်ကြီး နေရာအတွက် အဆိုပြုတင်သွင်းခံရသူမှာ သနပ်ပင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းဖြစ်ပြီး ၀န်ကြီးချုပ်၏ အဆိုပြုအမည်တင်သွင်းမှုကိုလည်း လွှတ်တော်က လက်ခံအတည်ပြုပေးခဲ့သည်။ ဒေါက်တာစောညိုဝင်းမှာ သွားနှင့်ခံတွင်း အထူးကုဆရာဝန်တစ်ဦးဖြစ်သည်။

စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး အသစ်အဖြစ် အမည်စာရင်းတင်သွင်းခံရသူ အငြိမ်းစား အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဋ္ဌေးသည် လက်ရှိတွင် အသက် ၆၇နှစ် ရှိနေပြီ ဖြစ်သည်။

ဒေါ်ညွန့်ညွန့်ဋ္ဌေးက ”အခုမှ အဆိုပြုတာ ဆိုတော့ လေ တာဝန်တွေအကြောင်းကို သိပ်မပြောချင်သေးဘူး”ဟု Popular News ကို ပြောသည်။

ပညာရေးဝန်ထမ်းတစ်ဦးအဖြစ် နှစ်ပေါင်း ၃၀ကျော်တာဝန်ထမ်းဆောင်ခဲ့သည့် သူမ သည် ၂၀၁၁ခုနှစ်တွင် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့ကာ အုတ်ဖိုNLD ပါတီ၏ မြို့နယ်အလုပ်အမှူဆောင် အဖွဲ့ဝင် အဖြစ်တာဝန်ထမ်းဆောင်ရင်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို အုတ်ဖိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) မှ နေ၍ ၀င်ရောက်ယှဉ်ပြိုင် ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုထားပြီးဖြစ်သည့် သူမကို နိုင်ငံတော်သမ္မတမှ ခန့်အပ်တာဝန်ပေးလိုက်ပြီဆိုလျှင် ဒေါ်ညွန့်ညွန့်ဋ္ဌေး သည် ပြည်နယ်နှင့်တိုင်း အစိုးရအဖွဲ့ ၁၄ခု အတွင်း ရှားရှားပါးပါး အမျိုးသမီးဝန်ကြီး တစ်ဦးအဖြစ် ပါဝင်လာမည်ဖြစ်သည်။

လက်ရှိ အချိန်အထိ တိုင်း/ပြည်နယ်အစိုးရအဖွဲ့များအတွင်း တာဝန်ထမ်းဆောင်နေကြသော အမျိုးသမီး ၀န်ကြီး အရေအတွက်မှာ ၇ဦးသာ ရှိသည်။

ထို ၇ဦးထဲမှ ၅ဦးသည် တိုင်းရင်းသားရေးရာ ၀န်ကြီးများဖြစ်ပြီး ကျန် ၂ဦးမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး နှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လျှပ်စစ်စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တို့ဖြစ်သည်။

PNews

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*