ရန်ကုန်မှ KGG အထည်ချုပ်စက်ရုံတွင် ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားနေ

ရန်ကုန်မှ KGG အထည်ချုပ်စက်ရုံတွင် ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားနေ
January 17, 2018 Fame Asian

5:00 pm
ရန်ကုန်မှ KGG အထည်ချုပ်စက်ရုံတွင် ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားနေ

img

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆန္ဒပြသပိတ်မှောက်မှုတွေဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်အတွင်းက KGG အထည်ချုပ်စက်ရုံမှာ အခုလည်း သပိတ်မှောက်ဆန္ဒပြမှု ထပ်မံဖြစ်ပွားနေပါတယ်။

img2

အခုတစ်ခေါက်ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားတဲ့အကြောင်းအရင်းကတော့ အလုပ်သမားတစ်ဦးကို အလုပ်ထုတ်လိုက်တဲ့ကိစ္စကအစပြုတယ်လို့ လည်း စက်ရုံအလုပ်သမားသမဂ္ဂမှ မဇင်မာဝင်းက ဆိုပါတယ်။

စက်ရုံအလုပ်သမား ၃၀၀ ကျော်ဟာ ဒီကနေ့ မနက် ပိုင်းကစပြီး စက်ရုံဝင်းအတွင်းမှာ တောင်းဆိုချက် ၁၃ ချက်နဲ့အတူသပိတ်မှောက်နေကြတာလည်းဖြစ်ပါတယ်။

ဒီတောင်းဆိုချက်တွေကတော့ အလုပ်သမားတွေကို သတိပေးစာ ၂ကြိမ်မပေးဘဲ သတိပေးလက်မှတ်ရေးထိုးခိုင်းခြင်းမပြုဖို့ ၊ သတိပေးလက်မှတ်မထိုးရင်လည်း အလုပ်ကနေ ထုတ်ပယ်ခြင်းမပြုဖို့ ၊ ပြဌာန်းထားတဲ့ဥပဒေတွေကို အလုပ်ရှင်နဲ့ လုပ်ငန်းခွင်ခေါင်းဆောင်တွေကတိကျစွာလိုက်နာဖို့ ၊ HRမန်နေဂျာအသစ်ထပ်မံခန့်အပ်ပေးဖို့ ၊ လူမှုဖူလုံရေးကဒ်အမြန်ဆုံးပြုလုပ်ပေးဖို့ ၊ စက်ရုံမန်နေဂျာနဲ့ ကိုရီးယားနိုင်ငံသူ တစ်ဦးကို အလုပ်ကနေ ထုတ်ပယ်ပေးဖို့ ၊ အလုပ်ထုတ်ခံလိုက်ရတဲ့ QC ဌာနက အလုပ်သမားတစ်ဦးကို အလုပ်ပြန်ခန့်ပေးဖို့ ၊ စက်ရုံတွင်းအလုပ်သမားရေးရာကိစ္စတွေကို စက်ရုံလုပ်ငန်းညှိနှိုင်းရေးကော်မတီနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ ၊ အလုပ်သမားနဲ့မသက်ဆိုင်တဲ့ သန့်ရှင်းရေးအလုပ်တွေမခိုင်းဖို့ နဲ့သက်ဆိုင်တဲ့အလုပ်တွေပဲခိုင်းဖို့ ၊ နိုင်ငံတော်ကသတ်မှတ်ထားတဲ့အနိမ့်ဆုံးလုပ်ခလစာအပြည့်အ၀ပေးဖို့ ၊ စက်ရုံတွင်းလုပ်ငန်းခွင်ခေါင်းဆောင်တွေ နဲ့ အလုပ်သမားတွေအပေါ်စည်းကမ်းပိုင်းဆိုင်ရာခွဲခြားခြင်းမပြုလုပ်ဖို့ ၊ အလုပ်နဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို လုပ်ငန်းခွင်အချိန်အတွင်းသာလုပ်ဖို့ ၊ ရာထူးလျော့ခံထားရတဲ့ခေါင်းဆောင်တွေကို မူလရာထူးပြန်လည်ခန့်ထားပေးဖို့ စတဲ့ အချက်တွေပဲဖြစ်ပါတယ်။

ဆန္ဒပြသပိတ်မှောက်မှုနဲ့ပတ်သတ်ပြီး ဒီကနေ့ နေ့လည်က စက်ရုံတာဝန်ရှိသူတွေနဲ့ ဆန္ဒပြအလုပ်သမားတွေကြား ညှိနှိုင်းခဲ့ကြပေမယ့် ပြဿနာကတော့ပြေလည်မှုမရရှိခဲ့ဘူးလို့ သိရပါတယ်။

မဇင်မာဝင်းက “အဆင်မပြေဘူး။ စက်ရုံဘက်က ဆုံးဖြတ်ချက်ချနိုင်တဲ့သူမလာဘူး။ မနက်ဖြန် ၁ နာရီကိုတော့ ထပ်ညှိဖို့ချိန်းထားတယ်” လို့ဆိုပါတယ်။

သပိတ်စခန်းကိုဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ လည်း သူကထပ်လောင်းဆိုပါတယ်။

KGG စက်ရုံမှာဆိုရင် လက်ရှိ အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပါတယ်။

KGG အထည်ချုပ်စက်ရုံ ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အလုပ်သမားပြဿနာတစ်ခုဖြစ်ပြီး ဆန္ဒပြသပိတ်မှောက်မှု တစ်ကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။

အဲ့ဒီတုန်းကလည်း အလုပ်သမားတစ်ဦးကိုအလုပ်ထုတ်လိုက်တဲ့ကိစ္စ ၊ နေမကောင်းဖြစ်ရင် ပြင်ပမှာဆေးကုသခွင့်မပေးတဲ့ကိစ္စ စတဲ့အချက်အလက်တွေ အပါအ၀င် စုစုပေါင်း တောင်းဆိုချက် ၁၀ ချက်အတွက် ဆန္ဒပြသပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ဆန္ဒပြသပိတ်မှောက်မှုဖြစ်ပွားတဲ့ နေ့မှာပဲ KGG စက်ရုံအလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားပြေလည်အောင်ညှိနှိုင်းနိုင်ခဲ့ကြလို့ သပိတ်စခန်းဟာ နိုဝင်ဘာ ၂၈ ရက်နေ့မှာပဲ ပိတ်သိမ်းခဲ့ပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*