ဒေသခံတွေကန့်ကွက်တဲ့ ခါကာဘိုရာဇီတောင်ပိုင်းတိုးချဲ့ဧရိယာကိစ္စကို အစိုးရကခေတ္တရပ်ဆိုင်း

ဒေသခံတွေကန့်ကွက်တဲ့ ခါကာဘိုရာဇီတောင်ပိုင်းတိုးချဲ့ဧရိယာကိစ္စကို အစိုးရကခေတ္တရပ်ဆိုင်း
December 8, 2017 Fame Asian

10:55 am
ဒေသခံတွေကန့်ကွက်တဲ့ ခါကာဘိုရာဇီတောင်ပိုင်းတိုးချဲ့ဧရိယာကိစ္စကို အစိုးရကခေတ္တရပ်ဆိုင်း

1

ပူတာအို ၊ ဒီဇင်ဘာ ၈

ဒေသခံတွေကန့်ကွက်နေတဲ့ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်တောင်ပိုင်းတိုးချဲ့ဧရိယာကို သဘာဝနယ်မြေအဖြစ် သတ်မှတ်မယ့်ကိစ္စကို အစိုးရက ခေတ္တရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒီလိုခေတ္တရပ်ဆိုင်းမယ့်အကြောင်းကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြည်ထောင်စုသယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးက ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော် ၊ ပြည်သူ့လွှတ်တော်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်း တို့ကိုယ်တိုင် ပူတာအိုမြို့ကိုသွားရောက်ပြီး ဒေသခံတွေနဲ့တွေ့ဆုံပြောကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကော်မတီ ဥက္ကဌ ဦးစိုးသူရထွန်း က ” ပြည်သူတွေနဲ့စေ့စပ်ညှိနှိုင်းပြီးတော့ အကုန်လုံးအဆင်ပြေတဲ့အချိန်ကြမှ ပြန်စမယ်ပေါ့နော်။ လောလောဆယ်တော့ခေတ္တရပ်နားလိုက်ပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ခါကာဘိုရာဇီတောင်ပိုင်းတိုးချဲ့ဧရိယာ မြေ ၉ သိန်းလောက်ကို ယူနပ်စကို စာရင်းဝင်အောင်လုပ်မယ့်အကြောင်း အစိုးရက ၂၀၁၅ ခုနှစ်ကတည်းက ဆောင်ရွက်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာ မှ မြေပြင်ကွင်းဆင်းဆောင်ရွက်တာမျိုးတွေစိတ်လာပြီး ဒေသခံတွေရဲ့ ကန့်ကွက်မှုကလည်း ဆန္ဒထုတ်ဖော်ပွဲပြုလုပ်တဲ့အထိ အရှိန်မြှင့်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ရ၀မ်စာပေနှင့်ယဉ်ကျေးမှု (ပူတာအို) ဥက္ကဌ ဦးMယောရှူ က “မနေ့ကပူတာအိုမှာသူတို့လုပ်ပါတယ်။ ရ၀မ်စာပေယဉ်ကျေးမှု ဗဟိုကော်မတီ ရုံးမှာ ၆ ရက်နေ့ကလုပ်ပါတယ်။ မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီအ ထိလုပ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ကြိုဆိုလက်ခံပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

ဒီကိစ္စကိုတော့ WCS (သားငှက်ထိန်းသိမ်းရေးအဖွဲ့) ကမသိရှိသေးကြောင်းဆိုပါတယ်။

အခုလို ခေတ္တရပ်ဆိုင်းမယ့်အကြောင်းကို ပြည်ထောင်စုဝန်ကြီးထံ လက်မှတ်ထိုးပြီးရင်တော့ တရားဝင်စာထုတ်ပြန်ပေးဖို့ ၀န်ကြီးဌာနတာဝန်ရှိသူတွေက တွေ့ဆုံစဉ်ကတိပြုခဲ့တယ်လို့ ဦးMယောရှူ က ထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် ၁၉၉၀ ခုနှစ်အကျော်က ပြဌာန်းထားခဲ့တဲ့ “တောရိုင်းတိရိစ္ဆာန်များ သဘာဝအပင်များနှင့်သဘာဝနယ်မြေများထိန်းသိမ်းရေးဥပဒေ” ကို “ဇီဝမျိုးစုံမျိုးကွဲများနှင့်သဘာဝထိန်းသိမ်းရေးနယ်မြေများထိန်းသိမ်းရေးဥပဒေ” ဆိုပြီး ပြန်ပြင်လိုက်ပါတယ်။

ဒီပြင်လိုက်တဲ့ဥပဒေနှစ်ရပ်မှာ ကွာခြားမှုကတော့ ယခင်ဥပဒေမှာ ထိန်းသိမ်းရေး သက်သက်သာဖြစ်ပြီး အခုပြင်လိုက်တဲ့ဥပဒေမှာတော့ ဒေသခံပြည်သူတွေရဲ့ ကိုယ်တိုင်ထိန်းသိမ်းနိုင်မှု သူတို့ရဲ့အခွင့်အရေးတွေပါလာကြောင်း ဒါကြောင့်သူတို့ပိုမိုလက်ခံလာပြီး ဆောင်ရွက်ရတာဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုပါတယ်။

လက်ရှိ မှာ ဒီဥပဒေကို အတည်ပြုဖို့ကျန်ရှိနေသေးတဲ့အတွက်ကြောင့်လည်း တိုးချဲ့အစီအစဉ်ခေတ္တရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အပါအဝင် တောင်ပိုင်း မှာရှိတဲ့ မြေဧက ၉ သိန်းလောက်ကို ကမ္ဘာ့သဘာဝ အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ဖို့ UNESCO နဲ့ ၀န်ကြီးဌာန ၊ WCS တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုးချဲ့မယ့်ဧရိယာတွေအနီးနားမှာ ဒေသခံ တိုင်းရင်းသားတွေရဲ့ ကျေးရွာတွေရှိပြီး အဆိုပါတိုးချဲ့ဧရိယာဟာလည်းသူတို့ရဲ့ စားဝတ်နေမှုအတွက် လုပ်ကိုင်စားသောက်ရတဲ့စားကျက်ဖြေဖြစ်တာကြောင့် စားကျက်မြေပျောက်ကွယ်သွားမှာကိုဒေသခံတွေက မလိုလားကြပါဘူး။

ဒါကြောင့်လည်း ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ကြတယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ခဲ့သူတွေက ပြောထားပါတယ်။

ရဲလွင်

Photo- Dvyo Ce Kogwe FB

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*