မဟာမုနိဘုရား ရုပ်ရှင်တော်နောက်ကျောဘက် က ရွှေခိုးယူသူကို အမှု ၂ခုနဲ့ ဖွင့်

မဟာမုနိဘုရား ရုပ်ရှင်တော်နောက်ကျောဘက် က ရွှေခိုးယူသူကို အမှု ၂ခုနဲ့ ဖွင့်
October 20, 2017 Asian Fame

12:51 pm
မဟာမုနိဘုရား ရုပ်ရှင်တော်နောက်ကျောဘက် က ရွှေခိုးယူသူကို အမှု ၂ခုနဲ့ ဖွင့်

mdy(မန္တလေး ၊အောက်တိုဘာ ၂၀)

မန္တလေး မဟာမုနိဘုရား ရုပ်ရှင်တော်နောက်ကျောဘက် က ရွှေခိုးယူသူကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်းက ပုဒ်မနှစ်ခုနဲ့အမှုထားတယ်လို့ သိရပါတယ်။

“ပုဒ်မ ၃၈၀ နဲ့အရေးယူထားပါတယ်၊ ပထမ အမှုဖွင့်တာကတော့ ၃၇၉/၂၉၅ ပါ၊ နောက်တော့ ၃၈၀/၂၉၅ နဲ့ပြောင်းဖွင့်ထားပါတယ်၊ လောလောဆယ် တော့ ကျွန်တော်တို့လည်းအဲဒီလောက်ပဲသိထားပါတယ်” လို့ ရဲစခန်းကတာဝန်ကျသူကပြောပါတယ်။

မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့နောက်ကျောဘက်ကရွှေတွေကို အောက်တိုဘာ ၁၈ ရက်မွန်းလွဲ ၃ နာရီ ၂၀ မိနစ်ခန့်က အသက် ၃၀ အရွယ်အမျိုးသား တစ်ဦးက စတီးပိုက်လုံးနဲ့ခြစ်ယူခိုးယူခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အဆိုပါအမျိုးသား ခိုးယူနေတာကို စီစီတီဗီ မှတ်တမ်းကတစ်ဆင့်တွေ့ရတာကြောင့် ဘုရားကြီးဂေါပက အဖွဲ့က နောက်တစ်ရက် မှာစောင့်ကြည့်ခဲ့တာမှာ အဆိုပါ အမျိုးသားဟာ အောက်တိုဘာ ၁၉ ရက်မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်မှာ ဘုရားကြီး ရုပ်ရှင်တော်မြောက် ဘက်ဘေးသို့ ထပ်မံရောက်ရှိ လာရာမှ လုံခြုံရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာလို့သိရပါတယ်။

ရွှေခိုးယူသူဟာ မဟာအောင်မြေမြို့နယ် အကြော်တန်း ရပ်ကွက်နေသူ ဆိုင်ကယ် ကယ်ရီသမား အသက် ၃၀ နှစ်အရွယ် ထွန်းအောင်ကျော် ဆိုသူဖြစ် ကြောင်း၊ ဒုတိယအကြိမ် လာရောက် ခိုးယူစဉ် ၄င်းထက်ထဲ ပိုက်လုံးအ၀ ၁ လက်မခန့်၊ အရှည် ၄ လက်မခန့် ရှိတဲ့ စတီးပိုက် တစ်ချောင်းနဲ့အတူ ငွေ ၁ သိန်း ၇ သောင်းကျပ် ပါလာကြောင်း၊ ၄င်းအား စစ်ဆေးရာမှာ အဆိုပါငွေမှာ ယမန်နေ့ကခိုးယူခဲ့တဲ့ရွှေ ၃ ပဲသားရောင်းရငွေ ဖြစ်ကြောင်း သိရတဲ့ အတွက် ဘုရားကြီးဂေါပကရုံး စီမံခန့်ခွဲရေး ဌာနမှူး ဦးအောင်ခင်စိုးက ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်း (မြို့မရဲစခန်း)မှာတိုင်ကြား အမှုဖွင့်ခဲ့တာဖြစ်တယ် လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ ချမ်းမြသာစည် မြို့နယ် မြို့မ ရဲစခန်းက (ပ)၄၀၇/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၇၉/၂၉၅ (ခိုးမှု/ဘာသာ သာသနာ ဆိုင်ရာပြစ်မှု) နဲ့အမှုဖွင့်အရေးယူထားတယ်လို့လတ်တလောသိရပြီး ပုဒ်မ ၃၇၉ အစား ၃၈၀ နဲ့ ပြောင်းလဲအမှု ဖွင့်မဖွင့်နဲ့ပတ်သက်လို့တော့ အတည်ပြုချက်မရသေးပါ ဘူး။

ရာဇသတ်ကြီးပုဒ်မ ၃၇၉ အရပြစ်ဒဏ်စီရင်ခံရရင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမှာဖြစ်ပြီး ပုဒ်မ ၃၈၀ အရပြစ် ဒဏ်ခံရရင်တော့ ၇ နှစ်အထိထောင်ဒဏ်ခံရမှာအပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*