3:33 pm
(ရန်ကုန်၊ အောက်တိုဘာ ၂၅)
ကျောင်းသား ကျောင်းသူများရဲ့ အောင်ချက်နဲ့ ရမှတ်များမြင့်မားလာမှုကြောင့်ယခုနှစ်တက္ကသိုလ်ဝင်ခွင့်အမှတ်တွေ မြင့်တက်သွားတယ်လို့ ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တွေကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
လက်ရှိမှာတော့ ယခုနှစ်တက္ကသိုလ်ဝင်ခွင့် စီစစ်မှုရဲ့ အနိမ်ဆုံး အမှတ်တွေကို တက္ကသိုလ် အသီးသီးကို ပေးပို့ ထားပြီးဖြစ်တယ်လို့ အဆင့်မြင့်ပညာဦးစီးဌာနက ပြောပါတယ်။ တက္ကသိုလ်များရဲ့ တာဝန်ရှိ သူများက ၀င်ခွင့်ရမှတ်တွေကို ထုတ်ပြောဖို့ ငြင်းဆန်မှုတွေ ရှိပေမယ့် ပညာရေးအသိုင်းအ၀ိုင်းမှာ ပြန့် နှံ့ နေတဲ့ ၀င်ခွင့် စိစစ်ရွေးချယ်မှု အခြေအနေအရတော့ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့်ရမှတ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကထက် တက္ကသိုလ် အားလုံးနီးပါး မြင့်မားနေတာကို တွေ့ ရပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ဆေးတက္ကသိုလ်ဝင်ခွင့် ရမှတ်ဟာ ၄၈၈ မှတ်ဝန်းကျင်ရှိခဲ့ရာမှာ ယခုနှစ်မှာတော့ ၄၉၀ ကျော်ရှိနေပါတယ်။ အလားတူပဲ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ၊ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်နဲ့ သူနာပြု တက္ကသိုလ်တို့ ရဲ့ တက္ကသိုလ် ၀င်ခွင့်ရမှတ်တွေဟာ ယခင်နှစ်က ထက်မြင့်ပြီး ၄၇၉ ၊၄၅၂ ၊ ၄၃၇ တို့ အသီးသီးရှိနေတာကိုတွေ့ ရပါတယ်။
ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရဖြစ်သူ ဒေါက်တာခိုင်မြဲက ” ဒီနှစ် တက္ကသိုလ်ဝင်ခွင့်အမှတ်တွေမြင့်လာတာက ကျောင်းသားတွေဖြေနိုင်ကြလို့ ပါ။ အကုန်လုံးလည်း အမှတ်တွေကောင်းလာတဲ့သဘောပေါ့။ အစိုးရကျောင်းပဲဖြစ်ဖြစ် ၊ ပုဂ္ဂလိကကျောင်းပဲဖြစ်ဖြစ် မေးခွန်းဟောင်းတွေကို သေချာလေ့လာအောင် သင်ပေးကြတော့ကျေညှက်လာတဲ့သဘောပဲ။ မေးခွန်းတွေရဲ့ သဘောကိုကျေညက်အောင် လေ့လာထားတော့ အမှတ်ရအောင်ဖြေနိုင်ကြလေလေ အမှတ်ကောင်းလေလေ ၀င်ခွင့်တွေမြင့်လေလေပေါ့ ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်ရဲ့ ၀င်ခွင့်ရမှတ်အနေနဲ့ တော့ မနှစ်ကထက် ၃ မှတ်ဝန်းကျင်မြင့်ပါတယ်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် COE ရဲ့ ၀င်ခွင့်ရမှတ်ဟာလည်း ၄၈၇ မှတ်နဲ့ မနှစ်ကထက် မြင့်နေတာကိုတွေ့ ရပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ နည်းပညာတက္ကသိုလ်များနဲ့ ကွန်ပျူတာ တက္ကသိုလ်များရဲ့ ၀င်ခွင့်ရမှတ်တွေဟာ ၂၀၁၆ ခုနှစ်ကထက် အနည်းငယ် စီမြင့်နေပါတယ် ။နိုင်ငံခြားဘာသာ စကားတက္ကသိုလ်ရဲ့ ဘာသာ စကားအသီးသီး ၀င်ခွင့်တွေဟလည်း အလားတူဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ သင်ကြားတဲ့ ၀ိဇ္ဇာ ၊သိပ္ပံထူးချွန်အုပ်စုရဲ့ ၀င်ခွင့်ရမှတ်တွေ ကတော့ ဥပဒေ၊သင်္ချာ၊ ဓာတု၊ ရုက္ခနဲ့ ကုန်ထုတ်ဓါတုဗေဒ အထူးပြု ဘာသာရပ်တို့ ရဲ့ဝင်ခွင့် ရမှတ်တွေဟာ မနှစ်ကထက်မြင့်လာပါတယ်။ ကျန်ဘာသာရပ်တွေမှာတော့ မနှစ်က နဲ့ အများစု တူညီပါတယ်။
အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ၀င်ခွင့်ရမှတ်တွေကို မကစားပါဘူးလို့ ဆိုပါတယ်။ ” ခေါ်တဲ့လူဦးရေက မနှစ်ကနဲ့ အတူတူပဲခေါ်တာလေ။ ဒီအမှတ်တွေရမှ ၀င်ခွင့်ရမယ်လို့ ပြောတာမဟုတ်ဘူး ။ ကျောင်းသားတွေက ဒီနှစ်အမှတ်တွေမြင့်တော့ လျောက်တဲ့ကျောင်းသားတွေနဲ့ ခေါ်တဲ့လူဦးရေရဲ့ နောက်ဆုံးကျောင်းသားရဲ့အမှတ်က အခုလိုထွက်လာတာပေါ့။ ကျွန်တော်တို့ က အမှတ်ကိုမကစားပါဘူး။ ” လို့ သူကပြောပါတယ်။
ခေါ်ဆိုတဲ့လူဦးရေအနေနဲ့ ဆိုရင်တော့ ဆေးတက္ကသိုလ်၅ခုက ယခုနှစ် မှာ လက်ခံသင်ကြားပေးသွားမယ့် ကျောင်းသားဦးရေကို မနှစ်ကထက် ၃၀၀ဦး လျော့ချထားပါတယ်။၂၀၁၆ ခုနှစ်က ဆေး ၁ရန်ကုန်၊ဆေးတက္ကသိုလ် မန္တလေး ၊ဆေးတက္ကသိုလ် မကွေး၊ဆေး ၂ ရန်ကုန်နဲ့ ဆေးတက္ကသိုလ် တောင်ကြီးတို့ က ကျောင်းသားဦးရေ စုစုပေါင်း၁၆၀၀ ခေါ်ခဲ့ပေမယ့် လို့ ယခုနှစ်မှာတော့ ၁၃၀၀ ဦးသာ ခေါ်မယ့် အကြောင်း ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ထဲထည့်သွင်းကြေညာထားတာပါ။ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ( ရန်ကုန်)နဲ့ (မန္တလေး) တို့ မှာ မနှစ်က၃၂၀ ဦးရေခေါ်ခဲ့ပေမယ့် ယခုနှစ်မှာ ၄၈၆ ဦးထိ လက်ခံ သင်ကြားပေးမယ် လို့ကြေညာထားပါတယ်။
သူနာပြုတက္ကသိုလ်(ရန်ကုန်)နဲ့ (မန္တလေး) နှစ်ကျောင်းပေါင်းကို မနှစ်ကအတိုင်းပဲ မပြောင်းလဲဘဲ ၄၀၀ ဦးခေါ်ထားပါတယ်။ အခြေခံကျန်းမာရေးတက္ကသိုလ်(မကွေး)နဲ့ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)တို့ ကလည်း ၂၀၀ဦးရေနဲ့ ၁၅၀ ဦးရေတို့ ခေါ်ယူထားပါတယ်။COE ကျောင်းတွေလို့ သတ်မှတ်ထားတဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တို့ က ယခုနှစ်တက္ကသိုလ်ဝင်ခွင့်ကျောင်းသားဦးရေကို မနှစ် ကထက် တိုးခေါ်ထားပါတယ်။ယမန်နှစ် ၂၀၁၆ တုန်းက ယင်းကျောင်းနှစ်ကျောင်းဟာ တစ်ကျောင်းကို ၃၀၀ စီခေါ်ခဲ့ရာမှာ ယခုနှစ်တော့ ၃၀ ဦးရေစီတိုးပြီး ၃၃၀ ဦးရေစီခေါ်ယူသင်ကြားပေးသွားမှာဖြစ်တယ်လို့  ၂၀၁၇ ခုနှစ် တက္ကသိုလ် ၀င်ခွင့်လမ်းညွှန်စာအုပ်ထဲမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်မှာတော့ ၂၀၁၆ ခုနှစ်ကအတိုင်းပဲ ၁၅၀ ဦးရေ ခေါ်ယူသွားမှာပါ။
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)မှာတော့ ယခုနှစ်မှာ မနှစ်ကထက် ၅၀ ဦးရေ တိုးခေါ်ပါတယ်။
ကျောင်းသားဦးရေ ၃၀၀ ထိ ခေါ်သွားမှာဖြစ်ပါတယ်။ကျန်နည်းပညာတက္ကသိုလ် ၃၀ ကျော်မှာတော့ ယခုနှစ်ခေါ်ယူမယ့် တက္ကသိုလ်ဝင်ခွင့်ဦးရေဟာ ယခင်နှစ်ကအတိုင်း ထူးထူးခြားခြားပြောင်းလဲမှုမရှိပါဘူး။
COE ကျောင်းတွေလို့ ခေါ်တဲ့ ရန်ကုန်နဲ့မန္တလေး ကွန်ပျူတာ တက္ကသိုလ် ၂ခုမှာတော့ ရန်ကုန် ကွန်ပျူတာတက္ကသိုလ်က ယခင်နှစ်ကထက် ၁၀၀ဦးလျှော့ခေါ်သွားမှာပါ။
အခြားကွန်ပျူတာတက္ကသိုလ်၂၀ကျော်မှာတော့ အရင်နှစ် အတိုင်းပဲအပြောင်းအလဲ သိပ်မရှိဘူးလို့ကြေညာပါတယ်။
မနှစ်က ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းရလဒ်များဟာ အလွန်ကိုဆိုးဝါးခဲ့ပါတယ်။အောင်ချက်ရာခိုင်နှုန်း ၂၉.၉၂နဲ့ ရှစ်နှစ်တာကာလအတွင်း အောင်ချက်အကျဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ အဲဒီမှတ်တမ်းကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်ချေဖျက်နိုင်ခဲ့ပါတယ်။အောင်ချက်ရာခိုင်နှုန်း ၃၃.၈၉ ရရှိခဲ့ပါတယ်။၂၀၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသူကျောင်းသား ၇ သိန်း ၁ သောင်းကျော်ဖြေဆိုခဲ့ပြီး၂ သိန်း ၄ သောင်းကျော်အောင်မြင်ခဲ့ပါတယ်။
ဖြိုးထက်အောင်