ထိုင်းဘုရင်မင်းမြတ် မန္တလေးမှာ ကထိန်ခင်း

ထိုင်းဘုရင်မင်းမြတ် မန္တလေးမှာ ကထိန်ခင်း
October 11, 2017 Fame Asian

5:07 pm
ထိုင်းဘုရင်မင်းမြတ် မန္တလေးမှာ ကထိန်ခင်း

1

မန္တလေး၊အောက်တိုဘာ၁၁

ထိုင်းဘုရင်မင်းမြတ်က မြန်မာနိုင်ငံ မန္တလေးမြို့မှာ ကထိန်ခင်းလှူဒါန်းတဲ့အခမ်းအနားကို ဒီနေ့မနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။

ထိုင်းဘုရင်အဆက်ဆက် မြန်မာနိုင်ငံမှာခင်းကျင်းလာခဲ့တဲ့ ကထိန်အလှူပွဲအခမ်းအနားတစ်ခုပဲဖြစ်ပြီး အခုအလှူကတော့ ထိုင်းနိုင်ငံရဲ့ဘုရင်သစ် မဟာ ဗက်ဂျီယာလောင်ကွန်းဘိုဒင်ဒရထေ့ဖရ၀ရန်ကွန် လက်ထက် ပထမဦးဆုံးလှူဒါန်းတဲ့
ကထိန်အလှူဖြစ်တယ်လို့သိရပါတယ်။

ထိုင်းမြန်မာနှစ်နိုင်ငံဆက်ဆံရေးတည်တံ့ခိုင်မြဲစေဖို့အတွက် ရည်ရွယ်တာလို့လည်းသိရပြီး ဒါနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံဒုတိယ သံအမတ် Mr Narong Boonsatheanwong က “မြန်မာနိုင်ငံမှာ အခုလိုကထိန်ခင်းခဲ့တာ ၁၇ နှစ် ၁၇ ကြိမ်ရှိပါပြီ၊ အခုအကြိမ်ကတော့ ဘုရင်အသစ် လက်ထက် ပထမဦးဆုံးပါ၊ ထိုင်းလူမျိုးတွေနဲ့မြန်မာလူမျိုးတွေရဲ့ဆက်ဆံရေး ပိုမိုချစ်ခင်လာစေမယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်” လို့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်ပြောပါတယ်။

ဘုရင်သစ်ကိုယ်တိုင်လာရောက်လှူဒါန်းတဲ့အခမ်းအနားတော့မဟုတ်ဘဲ ဘုရင့်ကိုယ်စား ထိုင်းနိုင်ငံ ကြက်ခြေနီအဖွဲ့အစည်းရဲ့စီမံကိန်းအထွေထွေလက် ထောက်အတွင်းရေးမှူး နိုင်ငံရေးဝန်ကြီးဟောင်း H.E Mr Tej Bunnag နဲ့ ထိုင်းတော်ဝင်အိမ်တော်ဗျူရိုအရာရှိ၊ ထိုင်းသံရုံးမိသားစုဝင်တွေ လာရောက်လှူဒါန်းသွားခဲ့ကြတာပါ။

အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေတက်ရောက်ကြပြီး ထိုင်းနိုင်ငံမိသားစုတွေနဲ့အတူ ဆရာတော် သံဃာတော်တွေဆီက အလှူရေစက်ချတရားနာယူခဲ့ပါတယ်။

ထိုင်းဘုရင်သစ်လက်ထက် မြန်မာနိုင်ငံအတွက်ပထမဦးဆုံးလာရောက်လှူဒါန်းတဲ့ ကထိန်အလှူတော်မှာ ကထိန်သင်္ဃန်းနဲ့လှူဖွယ်ဝတ္ထုပစ္စည်းတွေ အပြင် ငွေကျပ် ၄၉၃ သိန်းလှူဒါန်းခဲ့တာဖြစ်ပြီး ဒီလှူဒါန်းမှုကို ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တကေသ၀မထေရ်ထံ တိုင်းဒေသကြီးဝန်ကြီးချုပ်ကတစ်ဆင့် န၀ကမ္မလှူဒါန်းသွားခဲ့တာဖြစ်ပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*