ဧရာဝတီ မြစ်လက်တက်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆို

ဧရာဝတီ မြစ်လက်တက်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆို
March 15, 2017 Asian Fame

4:45 pm
ဧရာဝတီ မြစ်လက်တက်ပေါ်တွင်တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ ရပ်ဆိုင်းပေးရန် ဒေသခံများ တောင်းဆို

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၁၄

ဧရာဝတီမြစ်၏ မြစ်လက်တက်ဖြစ်သော မေခမြစ်နှင့် ငေါ့ချန်းခမြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၈ ခုကို ရပ်ဆိုင်းပေးရန် ဒေသခံ တိုင်းရင်းသားများက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ရေအား လျှပ်စစ်စီမံကိန်း ၈ ခုမှ စုစုပေါင်းမဂ္ဂါဝပ် – ၈၉ဝဝ ကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ဆောင်ရေး ဦးစီးဌာန၊ International Energy Cooperation YEIG & Development Co.Ltd (YEIG) နှင့် International Group of Entrepreneurs Co.Ltd (IGE) တို့ အကျိုးတူပူးပေါင်း၍ စီမံကိန်းလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရပြီး ထိုစီမံကိန်းများကိုရပ်တန့် ပေးရန်ဒေသခံများက တောင်းဆို ခြင်းဖြစ်သည်။

စီမံကိန်း နယ်မြေများတွင် ကျရောက်သည့် မေခမြစ်၊ ငေါ့ချန်း ခ မြစ်ရိုးတစ်လျှောက်တွင် ကချင်မျိုးနွယ်စု လော်ဝေါ်၊ လချိဒ်၊ ငေါ့ ချန်းနှင့် လီဆူတိုင်းရင်းသားများ ၃ဝဝဝဝ ကျော်နှင့် ခန့်မှန်းခြေ ကျေးရွာပေါင်း ၆၈ ရွာသည် လွန် ခဲ့သော နှစ်ပေါင်း ၁၂ဝဝ ကျော် ကတည်းက ၎င်းမြစ်များကို မှီခိုပြီး ဘိုးဘွားစဉ်ဆက် ဥယျာဉ်ခြံမြေ များ လုပ်ကိုင်စားသောက် နေထိုင် ခဲ့ကြကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်ရှိ သဘာဝသယံဇာတ အရင်းအမြစ် များနှင့် ရေနေ၊ ကုန်းနေသတ္တဝါ များ၊ မျိုးစိတ်များ မျိုးသုဉ်း ပျောက် ကွယ်မှုများ၊ အတင်းအဓမ္မ ပြောင်း ရွှေ့စေခိုင်းမှုများ၊ လယ်ယာမြေ ဆုံးရှုံးမှုများ ကြုံတွေ့ရမည့်အပြင် မြစ်ချောင်းရိုး တစ်လျှောက်ရှိ ကချင်လူမျိုးများ၏ တန်ဖိုးမဖြတ် နိုင်သော သမိုင်းဝင် အမွေအ နှစ်များပင် ပျောက်ကွယ်သွား နိုင်သဖြင့် ထိုစီမံကိန်းများကို ကန့် ကွက်ကြောင်း ဒေသခံတိုင်းရင်း သားများက မတ်လ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်သည် ။ ဒေသခံ ဦးလချိဒ်လွမ်းဇောင်း က ”ငေါ့ချန်းခမြစ်က ကျွန်တော်တို့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် အဓိက ရေသောက်မြစ်ပဲ။ ဒါကြောင့် ဒီစီမံကိန်းတွေ ဆက်လုပ်တာဟာ ကျွန်တော်တို့ကိုသတ်နေတာနဲ့အတူတူပါပဲ” ဟု ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံများ ဒုက္ခရောက်နေသည်ကို တွေ့မြင်နေရသဖြင့် ယင်းကဲ့သို့ မဖြစ်လိုကြောင်း၊ ထို့ကြောင့်စီမံ ကိန်းများကို ကန့်ကွက်ရခြင်းဖြစ် ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ယော်ဝင်းကပြောသည်။ မတ်လ ၁၄ ရက်တွင် ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းအင်းအိုင်များ လှုပ်ရှားမှုနေ့တွင် ကချင်ပြည်နယ်၊ ချီဖွေမြို့ နယ်၊ ချန်းမောခုန်း၊ ထွန်းရှိန် ကျေးရွာ မြစ်ကမ်းဘေး၌ မြစ်ချောင်း အင်းအိုင်များ အတားအဆီးမရှိ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဆုတောင်းခြင်း အစီ အစဉ်ကို ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားတွင် ဒေသခံများက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*