1:53 pm
ရန်ကုန်၊အောက်တိုဘာ ၁၀
ပုဂံရှိ ရွှေဆံတော်ဘုရားပေါ် တက်ရောက်မည့် သူများအား ၀င်ကြေးကောက်ခံသွားမည့် အစီအစဉ်ကို ၆ လခန့်အချိန်ယူပြီးမှသာ လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့အချုပ် က ဆိုသည်။
ရွှေဆံတော်စေတီတော် ပေါ်တက်ရောက်မည့် ခရီးသွားဧည့်သည်များကို ကန့်သတ်သည့်အနေဖြင့် အောက်တိုဘာ၁၅ရက်နေ့မှတင်ကာ မြန်မာနိုင်ငံသားတစ်ဦးလျှင် ငွေကျပ်နှစ်ရာ၊ နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ်နှစ်ထောင် စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့က ကြေညာထားသည်။
“အရင်ကမကောက်ဘူး။ရွှေဆံတော်စေတီပေါ်တက်ရောက်မယ့်သူတွေကို ကန့်သတ်ဖို့ဆိုပြီး ဂေါပကအဖွဲ့က အောက်တိုဘာ၁၅ရက်က စကောက်မယ်လို့ ကြေညာထားတယ်။တကယ်ဆို ၆လလောက် အချိန်ယူပြီးမှ လုပ်သင့်တယ် “ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့အချုပ်ဥက္ကဌ ဦးရန်ဝင်းကပြောသည်။
ရွှေဆံတော်ဘုရားပေါ်မှာ ပုဂံနယ်မြေ၏ နေဝင်ဆည်းဆာ အလှကိုကြည့်ရူနိုင်ရာ နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ဘုရားဖူးများစွာတက်ရောက် ကြသည့် ဘုရားတစ်ဆူဖြစ်သည်။
လက်ရှိတွင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းသို့ နိုင်ငံခြားခရီးသွားဧည့်သည်များအနေဖြင့် ဝင်ကြေး နှစ်သောင်းခွဲကျပ်ပေးဝင်ရပြီး ရွှေဆံတော်စေတီပေါ်သို့ တစ်ဦးလျှင် နှစ်ထောင်ကျပ်ပေးချေ၍တက်ရောက်ရမည်ဆိုပါက ပြည်တွင်းခရီးသွား လုပ်ငန်းပုံရိပ်ထိခိုက်စေလာနိုင်သည်ဟု ဦးရန်ဝင်းကပြောသည်။
“အကိုတို့အနေနဲ့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနကို အောက်တိုဘာ၃ရက်နေ့ကစာတင်ထားတယ်။ဝင်ကြေးကောက်ခံမယ့် ကိစ္စနဲ့ပက်သက်ပြီး ပြန်သုံးသပ်ပေးဖို့လဲ တောင်းဆိုထားတယ်။ “ဟု ၎င်းကပြောသည်။
ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ပြန်လည်ညှိနှိုင်းကာ ဝင်ကြေးကောက်ခံရန်သင့်မသင့်ဆုံးဖြတ်သွားမည်ဟု သိရသည်။
သီဟ