MLMကုမ္ပဏီများ၏အချက်အလက်များကို စစစ က သမ္မတရုံးထံပို့ပြီ

MLMကုမ္ပဏီများ၏အချက်အလက်များကို စစစ က သမ္မတရုံးထံပို့ပြီ
September 22, 2017 Fame Asian

5:43 pm
MLMကုမ္ပဏီများ၏အချက်အလက်များကို စစစ က သမ္မတရုံးထံပို့ပြီ

21764807_1566670233395253_6055464332300096984_nနေပြည်တော်၊စက်တင်ဘာ၂၃

ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်သည့်စနစ်(MLM)ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီ ၃၀ကျော်နှင့် ယင်းတို့နှင့် ဆက်စပ်နေသည့် ကုမ္ပဏီ ၃၀ကျော် စုစုပေါင်း ကုမ္ပဏီ ၇၀ကျော် တို့၏အချက်အလက် အကြောင်းအရာများကို သက်ဆိုင်ရာထံ တင်ပြလိုက်ပြီဟု ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ပြောခွင့်ရအရာရှိ ဦးအောင်မျိုးက Popular News ကိုပြောသည်။

နိုင်ငံတော်သမ္မတရုံး နှင့် ပြည်ထဲရေးဝန်ကြီးဌာန တို့က နိုင်ငံတော်နှင့် အများပြည်သူ ဆုံးရှုံးနစ်နာမှုမရှိစေရေး အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနခေါင်းဆောင်သည့် ပူးပေါင်းအဖွဲ့ ကို (MLM)ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့်ကုမ္ပဏီများ အား စီစစ်ရန် တာဝန်ပေးထားသည်မှာ ၉လ နီးပါး ရှိနေပြီဖြစ်သည်။

ထိုကာလ ထဲ အထက်ပါကုမ္ပဏီ ၇၀ကျော်နှင့် တွေ့ဆုံခဲ့ပြီး စီစစ်ခဲ့ကြောင်း ဦးအောင်မျိုးက ရှင်းပြသည်။

ပူးပေါင်းအဖွဲ့ တွင် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့ ပါဝင်သည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ပြောခွင့်ရအရာရှိ ဦးအောင်မျိုးက” တာဝန်ရှိတဲ့သူတွေက ဘာဆက်လုပ်ရမလဲ ဆိုတာ ညွှန်ကြားပါလိမ့်မယ်”ဟု ပြောသည်။

စိစစ်ခဲ့သည့် အကြောင်းအရာ၊စီစစ်ခဲ့သည့် ကုမ္ပဏီနာမည် စသည့် အချက်အလက်များကိုမူ ၎င်းက ထုတ်ပြောခွင့်မရှိသည့်အတွက် ပြောဆိုမှုကိုမူ မပြုခဲ့ပေ။

သို့သော်လည်း ယခုလထဲ (MLM)ဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် တာမွေမြို့နယ်ထဲက ဆေးကုမ္ပဏီတစ်ခုကို တရားမ၀င်ဆေးဝါးတင်သွင်းမှုနှင့် အမှုဖွင့်လိုက်ပြီဖြစ်သည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ပြောခွင့်ရအရာရှိ ဦးအောင်မျိုးက ”ကျွန်တော်တို့က MLM ကို ဥပဒေမရှိသေးတော့ အရေးယူလို့မရသေးဘူး။သို့သော် ကျွန်တော်တို့က တင်သွင်းထားတဲ့ဆေး၊အလှကုန်ပစ္စည်းတွေဟာတရားဝင်လမ်းကြောင်းက တင်သွင်းတာဟုတ်/မဟုတ်၊အခွန်ဆောင်/မဆောင် ၊ကုန်ပစ္စည်းတွေက အရည်အသွေးပြည့်မှီ/မမှီ စတဲ့အချက်တွေ ကို စစ်တယ်”ဟု ပြောသည်။

နိုင်ငံတွင် ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ် သည့်စနစ်(MLM) ဖြင့် ပြည်ပမှ လေသန့်ဆေးနှင့် ဖြည့်စွက်အစားအစာ များ၊ ဆေးဝါးများကိုတင်သွင်း ရောင်းချ ခဲ့သည့် ပြည်တွင်းကုမ္ပဏီ(၂)ခုနှင့်ပြည်ပကုမ္ပဏီ(၁)ခုတို့ကို ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်များက ၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ(၅)၊ ပုဒ်မခွဲ(ဇ)ဖြင့် စစ်ဆေးဖော်ထုတ် တရားစွဲဆိုခဲ့ပြီး၊ထိုကုမ္ပဏီများကို အမည်ပျက် စာရင်းရေးသွင်းခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ကုမ္ပဏီပိုင်ငွေနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ဖူးသည်။

ယင်းကုမ္ပဏီများကို တရားစွဲခဲ့သည့် အရေးပေါ်စီမံမှုအက်ဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ဥပဒေ အမှတ် ၃၉/၂၀၁၆ ဖြင့် ကိုရုပ်သိမ်းခဲ့၍ ယခုအခါတွင် ဆင့်ပွားကွန်ရက် ချိတ် ဆက်ရောင်းဝယ်သည့်စနစ်(MLM)ဖြင့် ရောင်းချနေခြင်းကို အရေးယူနိုင်ရေး ဥပဒေတစ်ရပ်က နိုင်ငံတွင် ရှိမနေတော့ပေ။

ထို့ကြောင့် (MLM) နှင့်ပတ်သက်၍ စင်္ကာပူ၊ထိုင်း၊ဖိလစ်ပိုင်၊မလေးရှား၊ဗီယက်နမ်၊အင်ဒိုနီးရှားနိုင်ငံ တို့တွင် ဥပဒေများပြဌာန်းပြီး တားဆီးထိန်းချုပ်နေသကဲ့သို့ မြန်မာတွင်လည်း ဥပဒေတစ်ရပ်ပြဌာန်းသင့်ကြောင်း ယင်းပူးပေါင်းအဖွဲ့က သက်ဆိုင်ရာထံအကြံပြုထားကြောင်းလည်း သိရသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*