ကျေးလက်မီးလင်း ရေးကော်မတီတွေ ဖျက်သိမ်းဖို့ အဆိုအား မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်

ကျေးလက်မီးလင်း ရေးကော်မတီတွေ ဖျက်သိမ်းဖို့ အဆိုအား မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်
August 21, 2017 Fame Asian

3:08 pm
ကျေးလက်မီးလင်း ရေးကော်မတီတွေ ဖျက်သိမ်းဖို့ အဆိုအား မှတ်တမ်းတင် စောင့်ကြည့်ဖို့ ဆုံးဖြတ်

20994172_1946707465582824_2619790862952485711_n

နေပြည်တော် ၊ သြဂုတ် ၂၁

ငွေကြေးအရှုပ်အရှင်းပြဿနာတွေ နဲ့ နာမည်ကြီးတဲ့ ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းဖို့ တင်တဲ့ အဆိုကို ဆောင်ရွက်ဖို့မလွယ်ကူတာကြောင့် မှတ်တမ်းတင်ပြီး စောင့်ကြည့်ဖို့ အဖြစ်သာ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပေါင် မဲဆန္ဒနယ်အမတ် ဒေါ်မိကွန်ချမ်းတင်သွင်းတဲ့ “နိုင်ငံတစ်ဝန်းရှိ ကျေးလက် ဒေသတွင် လျှပ်စစ်မီးရရှိရန်အတွက် ကျေးလက်မီးလင်းရေးကော်မတီ ဖွဲ့စည်းထားမှုအပေါ် ဖျက်သိမ်းပြီး လျှပ်စစ်မီးနှင့် ပတ်သက်သော ကိစ္စရပ် များအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည် ထားရှိရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၁၉) ဦးက ဆွေးနွေးပြီး အခုလို မှတ်တမ်းတင်စောင့်ကြည့်ဖို့အဖြစ်သာဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဒေါ်မိကွန်ချမ်းရဲ့အဆိုကို လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီးဌာနက ပြန်လည်မှတ်ချက်ပြုရာမှာ – အဆိုဟာ ဆောင်ရွက်ဖို့ ခက်ခဲကြောင်းနဲ့ ကျေးလက်မီးလင်းရေးကော်မတီတွေကိုဖျက်သိမ်းလိုက်ရင်ကြုံတွေ့ရမယ့် အခက်အခဲတွေကို ရှင်းလင်းပြောဆိုသွားပါတယ်။

လက်ရှိတစ်နိုင်ငံလုံးအနေနဲ့ မီးလင်းရေကော်မတီရှိတဲ့ရွာ ၇၄၄၁ ရွာရှိနေပြီး ကော်မတီတည်ဆောက်ဆဲရွာ ၁၁၉၈ ရွာရှိကြောင်း ၊ ကော်မတီဖွဲ့ဖို့လျှောက်ထားတဲ့ရွာ ၃၀၃ ရွာ ရှိနေကြောင်း ၊ ဒါ့ကြောင့် ဒီကော်မတီတွေကို ဖျက်သိမ်းပြီး အားလုံးကို လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ယူလိုက်ရင် လိုအပ်လာမယ့် ၀န်ထမ်းအင်အား ၊ ဘက်ဂျက်တွေဟာ အဆင်မပြေဘူးလို့ ၀န်ကြီးဌာနက ဆိုပါတယ်။

လက်ရှိမှာတစ်နိုင်ငံလုံးလျှပ်စစ်မီးရရှိရေးအတွက် ချေးယူထားတဲ့ချေးငွေ ဒေါ်လာ ၅၆၃ သန်း နဲ့ ပင် ကျေးရွာတိုင်းကို လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးဖို့ မလုံလောက်သေးကြောင်း ၊ဒီချေးငွေတွေနဲ့ ပထမအဆင့် ကျေးရွာ ၅၀၈၀ ရွာကို လျှပ်စစ်မီးရရှိအောင်လုပ်ပေးဖို့ ရည်ရွယ်ထားကြောင်း ၊ ဒုတိယအဆင့်အနေဖြင့် ကျေးရွာ ၆၄၂၁ ရွာကို လျှပ်စစ်မီးရရှိအောင်လုပ်ပေးဖို့ ရည်ရွယ်ထားကြောင်း ၊ ကျေးရွာတွေအားလုံးကို လျှပ်စစ်မီးရရှိအောင်လုပ်ပေးဖို့ကတော့ ချေးငွေတွေ ရရှိဖို့ ၀န်ကြီးဌာနအနေနဲ့ဆောင်ရွက်ရဦးမှာဖြစ်ကြောင်း ဆိုပါတယ်။

လောလောဆယ် ကျေးလက်မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းလိုက်ရင် အဲ့ဒီနေရာမှာ အစားထိုးဖို့ ၀န်ထမ်း ၁၂၀၉၅ ဦးလိုအပ်မှာဖြစ်ကြောင်း ၊ မြို့တွေမှာ အိမ်တွေကဆက်နေတဲ့အတွက် မီတာဖတ်တာကအစအဆင်ပြေပေမယ့် ကျေးရွာတွေက ပြန့်ကျဲနေတဲ့အတွက် မီတာဖတ်ဖို့ကအစ အဆင်မပြေဖြစ်ပြီး ၀န်ထမ်းလိုအပ်ချက်တွေ ရှိလာမှာဖြစ်ကြောင်း ဒါကြောင့် ပိုမိုကုန်ကျလာနိုင်တဲ့ဘတ်ဂျက်တွေရှိကြောင်းကိုလည်း ၀န်ကြီးဌာနကဆွေးနွေးသွားပြီး မီးလင်းရေးကော်မတီတွေကို Reform ပြုပြင်ပြောင်းလဲရေး သာဆောင်ရွက်ဖို့ အကြံပြုသွားပါတယ်။

ဒီအပေါ်မှာ အဆိုတင်သွင်းသူ ဒေါ်မိကွန်ချမ်းက မီးလင်းရေးကော်မတီမပါဘဲ ရပ်တည်ဖို့ခက်ခဲမယ်ဆိုတာသိကြောင်း ၊ သို့သော် ၀န်ကြီးဌာန အနေနဲ့ကြီးကြပ်ပြီး ကော်မတီများကိုပြန်ဖွဲ့ဖို့လိုအပ်ကြောင်း မှတ်ချက်ပြုပါတယ်။

“လက်လွတ်စပယ်လုပ်နေမယ်ဆိုရင်အခက်အခဲက ရှိနေဦးမှာပါပဲ။ ဒီလိုအရှုပ်တွေ နောက်ထပ်ထပ်မဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားရမှာပါ ” လို့ သူမကဆိုပါတယ်။တင်သွင်းတဲ့အဆိုကိုလည်း လွှတ်တော်က မှတ်တမ်းတင်ပြီးစောင့်ကြည့်ပေးဖို့ ဒေါ်မိကွန်ချမ်းက တောင်းဆိုပါတယ်။

ဒီအပေါ်မှာ လွှတ်တော်သဘောထားဆန္ဒခံယူရာမှာ ကန့်ကွက်သူမရှိတာကြောင့် မှတ်တမ်းတင်စောင့်ကြည့်အဖြစ်သာ ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီနေ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အရ မီးလင်းရေးကော်မတီတွေကို ဖျက်သိမ်းမှာမဟုတ်တော့ပါဘူး။ ဒါပေမဲ့ မီးလင်းရေးကော်မတီတွေမှာ ပေါ်ပေါက်နေတဲ့ ငွေစာရင်းအရှူပ်အရှင်းတွေ နဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ဘယ်လိုဖြေရှင်းဆောင်ရွက်သွားမယ်ဆိုတာကိုတော့ တစ်စုံတစ်ရာထုတ်ဖော်ပြောဆို ဆုံးဖြတ်တာမျိုးမရှိခဲ့ပါဘူး။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*