ဒေသအစိုးရအနေဖြင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ဆွေးနွေးစရာအကြောင်းမရှိကြောင်းနှင့် သပိတ်စခန်းမရှိရင်ကြိုက်တာပေါ့လို့မန္တလေးနယ်လုံဝန်ကြီးပြောဆို

ဒေသအစိုးရအနေဖြင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ဆွေးနွေးစရာအကြောင်းမရှိကြောင်းနှင့် သပိတ်စခန်းမရှိရင်ကြိုက်တာပေါ့လို့မန္တလေးနယ်လုံဝန်ကြီးပြောဆို
August 4, 2017 Asian Fame

9:23 pm
ဒေသအစိုးရအနေဖြင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေ နဲ့ဆွေးနွေးစရာအကြောင်းမရှိကြောင်းနှင့် သပိတ်စခန်းမရှိရင်ကြိုက်တာပေါ့လို့မန္တလေးနယ်လုံဝန်ကြီးပြောဆို

20641578_1517758451619765_1772534058_o

မန္တလေး၊သြဂုတ်၎

ဒေသအစိုးရအနေနဲ့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေတောင်းဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုကို လက်သင့်မခံဘူးလို့ ဒီနေ့ညနေ ၅ နာရီက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းကပြောပါတယ်။ “လူမျိုးရေးဘာသာရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှုလုပ်ချင်ပါတယ်၊ အစိုးရဘက်ကလိုက်လျောပေးရင် သပိတ်လှန်မယ်ဆိုတာက ဒါက တစ်ယောက် ချင်းရဲ့စိတ်ခံစားမှုနဲ့ပြောနေတာဖြစ်တာဆိုတော့ အားလုံးကိုကိုယ်စားမပြုပါဘူး၊ ကျွန်တော်တို့ဆွေးနွေးစရာအကြောင်းမရှိပါဘူး” လို့ဝန်ကြီးကဆိုပါတယ်။ ဒီနေ့မွန်းလွဲ ၃ နာရီက အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေပူးပေါင်းဖွင့်ထားတဲ့သပိတ်စခန်းမှာ သတင်းထောက်တွေနဲ့တွေ့ဆုံစဉ် သပိတ်စခန်း ပြော ရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့မေးခွန်းအပေါ် ၀န်ကြီးကဖြေကြားလိုက်တာပဲဖြစ်ပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီးအနောက်ဖက် ကျွန်းလုံးဥသျှောင်ရပ်ကွက် ၈၄ လမ်း သာသနာ ၂၅၀၀ ဗိမာန်ဝင်းအတွင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေရဲ့ အစိုးရဖြုတ်ချရေးသပိတ်စခန်းနဲ့ပတ်သက်ပြီး မြို့နယ်အာဏာပိုင်တွေ နဲ့ မြို့နယ်သံဃာနာယကအဖွဲ့ ဆရာတော်တွေက သပိတ်စခန်းဖယ်ရှားပေးဖို့မေတ္တာရပ်ခံခဲ့ပေမယ့်လည်း ဒီနေ့အထိဖယ်ရှားမပေးတာကြောင့် တိုင်းသံဃာ့နာယကအဖွဲ့က ဒီနေ့ည ၁၀ နာရီမှာ နောက်ဆုံးထားဖယ်ရှားပေးဖို့ ထပ်မံမေတ္တာရပ်ခံထားပါတယ်။ ဒေသအစိုးရအာဏာပိုင်တွေဘက်ကတော့ သပိတ်စခန်းဖယ်ရှားမှုနဲ့ပတ်သက်ပြီး သံဃာနာယကဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်အတိုင်းတာဖြစ် တယ်လို့ဆိုထားသလို ၄င်းတို့ဘက်ကတော့ အထက်အဆင့်ဆင့်တင်ပြပြီးဆောင်ရွက်သွားမှာသာဖြစ်တယ်လို့သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ဆုံးဖြတ်ပေးလို့မရပါဘူး၊ ဆရာတော်ကြီးတွေဘက်ကတော့ ဒီည ၁၀ နာရီနောက်ဆုံးထားဖယ်ရှားပေးဖို့မေတ္တာရပ်ခံထားပါတယ်၊ ကျွန်တော်တို့အပိုင်းကတော့ အထက်အဆင့်ဆင့်ဆက်လက်တင်ပြပြီးတော့ ဆောင်ရွက်သွားမှာပါ ကျွန်တော်တို့ကတော့ သပိတ်စခန်းမရှိရင်ကြိုက်တာပေါ့၊ အားလုံးအေးအေးဆေးဆေးနဲ့ ကိုယ့်အလုပ်ကိုယ်လုပ်နေနိုင်တာပေါ့ သီးခြားသဘောထားအမြင် တော့မရှိပါဘူး” လို့ လည်း ၀န်ကြီးကပြောပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*