မှောင်ခိုကုန်စည်များ ဖမ်းမိပါက တာဝန်ကျဝန်ထမ်းများကို တန်ဖိုး၏တစ်ဝက် ဆုချမည့်အစီအစဉ်များ စတင်

မှောင်ခိုကုန်စည်များ ဖမ်းမိပါက တာဝန်ကျဝန်ထမ်းများကို တန်ဖိုး၏တစ်ဝက် ဆုချမည့်အစီအစဉ်များ စတင်
March 1, 2017 Asian Fame

12:06 pm
မှောင်ခိုကုန်စည်များ ဖမ်းမိပါက တာဝန်ကျဝန်ထမ်းများကို တန်ဖိုး၏တစ်ဝက် ဆုချမည့်အစီအစဉ်များ စတင်

အောင်ပြည့်စုံ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

တရားမဝင် မှောင်ခိုလမ်းကြောင်းများကို ထိရောက်စွာ တားမြစ်နိုင်ရန်နှင့် နိုင်ငံတော်အတွက် အခွန်ငွေရရှိစေမည့် တရားဝင်ကုန်စည် စီးဆင်းမှုများ ဖြစ်ပေါ်လာစေရန် မတ်လ ၁ ရက်နေ့မှစ၍ ပထမအဆင့် စတင်ဖမ်းဆီးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။မှောင်ခို ပပျောက်ရေးစီမံချက်များရေးစွဲရာတွင် ယခင်ကာလများက ဆောင်ရွက်ခဲ့သည့် အခြေအနေများကို နမူနာအဖြစ် သင်ခန်းစာယူကာ အကောင်းဆုံးဖြစ်စေရန်အတွက် အသေးစိတ်ပြင်ဆင်ထားကြောင်း သူက ဆိုသည်။

ယခုစီမံချက်တွင်အဆင့်(၃)ဆင့်နှင့် ဆောင်ရွက်သွားမည်ဖြစ် ပြီး ပထမအဆင့်အဖြစ် မတ်လ(၁) ရက်နေ့မှ စတင်ကာ ကချင်ပြည် နယ်တွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်း၊ တတိယအဆင့်တွင် စစ်ကိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်သည်။

”မှောင်ခိုတွေကို ပပျောက်အောင်လုပ်ဖို့က အချိန်တော့ယူရမှာပါ။ ဝန်ထမ်းတွေအနေနဲ့လည်း ဖမ်းဆီးတဲ့အခါမှာ လာဘ်ပေးလာဘ်ယူ ကင်းဖို့လိုတယ်။ ဒါကြောင့် မတ်လ (၁) ရက်နေ့ကစပြီး ပထမအဆင့် အဖြစ် ကချင်ပြည်နယ်မှာ စတင်ဖမ်းဆီးပါမယ်။ ဖမ်းဆီးရမိတဲ့ ကုန် ပစ္စည်းတန်ဖိုးရဲ့တစ်ဝက်ကိုလည်း ဖမ်းဆီးပေးတဲ့ ဝန်ထမ်းတွေကို ခွဲပေးပါမယ်။ ဒါတရားဝင်ကြေညာပြီး လုပ်တာပါ။ ဒါမှအဂတိလည်းကင်းပြီး စီမံချက်လည်း အောင်မြင်မှာပါ”ဟု စီမံ၊ ဘဏ္ဍာဝန်ကြီးဌာနမှ ညွှန် ကြားရေးမှူး ဦးကျော်လွင်က ပြောသည်။

ရေးစွဲထားသော စီမံချက်များတွင် ဖမ်းဆီးအရေးယူမှုများသာ မကဘဲ နှစ်နိုင်ငံကုန်သွယ်မှုများကို တရားဝင်ဖြစ်စေရန် ကုန်သွယ်ဖက် နိုင်ငံများ၏ အကောက်ခွန်ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ရှိနေသည်။ ယခင်က ခွင့်မပြုထားသောကုန်ပစ္စည်းများကို ခေတ်ကာလ လိုအပ်ချက်အရ တင်သွင်းရန် အမှန်တကယ် လိုအပ်နေပါက တရားမဝင်ကုန်သွယ်မှုအစား တရားဝင်ဖြစ်စေရန် ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေးမည့် အစီအစဉ်များလည်းပါဝင်မည် ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*