3:52 pm
နေပြည်တော်၊ မတ် ၈
ဂုတ်တွင်းတံတားစီမံကိန်း ဆောင်ရွက်မယ့်ကိစ္စမှာ မြေယာလျော်ကြေးပြဿနာတက်နေပြီး မဖြေရှင်းနိုင်သေးတာကြောင့် စီမံကိန်းကို မစတင်နိုင်သေးကြောင်းသိရပါတယ်။
မန္တလေး-မူဆယ်လမ်းပိုင်းမှာတည်ရှိတဲ့ လက်ရှိအသုံးပြုနေတဲ့ ဂုတ်တွင်းတံတားဟာ ကျဉ်းတာကြောင့် မော်တော်ယာဉ်တွေကို အစီအစဉ်အလိုက်ဖြတ်သန်းခွင့်ပေးရပြီး အမြဲလိုလို ယာဉ်ကြောပိတ်ဆို့နေတက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့ ဂုတ်တွင်းတံတားသစ်စီမံကိန်း ကို ဆောင်ရွက်နေပေမယ့် စီမံကိန်းဧရိယာအတွင်းမှာပါဝင်နေတဲ့ မြေယာတွေနဲ့ပတ်သတ်ပြီးလျော်ကြေးငွေပေးချေတဲ့ကိစ္စမှာ ပြဿနာတက်နေတာကြောင့် လက်ရှိမှာတော့ စီမံကိန်းကို မစတင်နိုင်သေးဘူုးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးမှာ ၀န်ကြီးဌာနတာဝန်ရှိသူတွေနဲ့တွေ့ဆုံစဉ် မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ ကွန်တိန်နာအသင်းမန္တလေး/ မကွေး တို့ ကမေးမြန်းခဲ့တဲ့ ဂုတ်တွင်းတံတားကိစ္စနဲ့ပတ်သတ်ပြီး ၀န်ကြီးဌာနက အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ကုန်စည်လုပ်ငန်းရှင်အသင်းအတွင်းရေးမှူး ဦးအောင်မိုးက ပြောပါတယ်။
“မြေယာလျော်ကြေးပြဿနာတက်နေတယ်တဲ့။ မြေယာလျော်ကြေးက ပေါက်ဈေး ၁၀၀ဆို ၂၀၀ တောင်းတယ်။ ၂၀၀ဆို ၄၀၀ တောင်းတယ်။အဲ့လိုပေါ့နော်။ နိုင်ငံတော်ကနေ ကျပ်ဘီလီယံ၅ ဘီလီယံလောက် မြေယာလျော်ကြေးပေးဖို့ ပေးထားတာရှိပါတယ်တဲ့ ။ သို့သော်လည်း မြေယာလျော်ကြေး ညှိလို့နှိုင်းလို့မရတဲ့အတွက် နိုင်ငံတော်အစိုးရကို ပြန်အပ်မယ်လို့ပြောတယ်” လို့ သူကဆိုပါတယ်။
ဒီအတွက် အစိုးရကနေမှတစ်ဆင့်တင်ပြပြီး နိုင်ငံတော်သမ္မတရဲ့အမိန့်နဲ့ လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ ဒီမြေတွေကို ဥပဒေအတိုင်းလုပ်ပြီး အမြန်ဆုံးစီစဉ်ဆောင်ရွက်နိင်ဖို့ လုပ်ထားကြောင်း၊ ယင်းပြဿနာတွေပြီးတာနဲ့ ဂုတ်တွင်းတံတားကို အမြန်ဆုံးတည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေကဘက်က ပြောခဲ့ကြောင်း ဦးအောင်မိုးက ထပ်လောင်းဆိုပါတယ်။
“တံတားထိုးမယ့်ကုမ္ပဏီကလည်းတရုတ်ကုမ္ပဏီပါတဲ့။ Oriental Highway Co.,Ltd.ကနေ တရုတ်ကုမ္ပဏီကို တံတားကို အပြတ်ပေးပြီးသား။ တရုတ်ကုမ္ပဏီကလည်းအဆင်သင့်ဖြစ်နေပြီ။ မြန်မာဘက်က မြေယာလျော်ကြေးပြဿနာဖြစ်နေလို့ ဒီဟာတွေမပြီးပြတ်ဖြစ်နေတာပါတဲ့” လို့ သူကထပ်လောင်းဆိုပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုအမြဲလိုလိုဖြစ်နေတက်တဲ့ ဂုတ်တွင်းတံတားနေရာမှာ ပုံမှန်ဆို ၄၅ မိနစ်၊ ၁၀၀ ထိကြာတက်ပြီး ၊ စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ရင်တော့ တစ်ရက်လောက်ထိကြာတက်တယ်လို့ အဆိုပါလမ်းပိုင်းမှာ ၂၂ ဘီးယာဉ်မောင်းနေတဲ့ ကိုမျိုးကြီးက ပြောပါတယ်။
“သူက အဓိကတော့ အတက်ကားတွေကို ဦးစားပေးတယ်။ အတက်ကားတွေ သွားနေချိန်ဆိုရင် အဆင်းတွေစောင့် ။ တစ်ခေါက်ကို ၄၅ မိနစ်လောက်တော့ကြာတက်တယ်။ တံတားသစ်မြန်မြန်ပြီးရင်တော့ ကောင်းတာပေါ့။ အဲဒီနေရာက မြေတွေကလည်း စီမံကိန်းလုပ်တော့မယ်ဆိုမှ ဘယ်ကနေဘယ်လိုပိုင်ရှင်တွေပေါ်လာလဲမသိဘူး” လို့ သူကဆိုပါတယ်။
ဂုတ်တွင်းတံတားစီမံကိန်းဆောင်ရွက်ပြီးစီးသွားရင်တော့ လမ်းပိတ်ဆို့မှုကိုလျော့နည်းသွားစေနိင်မှာဖြစ်တယ်လို့ ဆောက်လုပ်ရေး ဒုဝန်ကြီးဦးကျော်လင်းက ပြည်သူ့လွှတ်တော်အ စည်းအဝေးတစ်ခုမှာလာရောက်ဖြေကြားထားဖူးပါတယ်။
ရဲလွင်