“လူမှုကွန်ရက် ဇာတ်လမ်းစုံ”

“လူမှုကွန်ရက် ဇာတ်လမ်းစုံ”
February 28, 2018 Fame Asian

5:00 pm
“လူမှုကွန်ရက် ဇာတ်လမ်းစုံ”

28277287_1707928239251134_7459146987704765847_n

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်က ထိုင်းနိုင်ငံကို စိုးစံခဲ့တဲ့ ဘုရင်ကြီးရမ်ခမ်ဟန်းကတော့ မတရားမှုပြုခံနေရသူတွေ အချိန်မရွေးလာထိုးနိုင်တဲ့ ခေါင်းလောင်းကြီးတစ်ခုကို သူ့နန်းတော်အ၀င်ဝမှာ ချိတ်ဆွဲထားခဲ့ဖူးသတဲ့။

ကနေ့ခေတ်ခေါင်းဆောင်တွေကြားမတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်ဟာ ပြည်သူတွေအနေနဲ့ ပြောစရာရှိတာတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ လာပြောကြပါလို့ ဖိတ်ခေါ်ထားသတဲ့။ စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီရှန်လွန်းဟာလဲ လူမှုကွန်ရက်တွေကနေ သူပြောစရာရှိတာတွေကို ပြောလေ့ရှိတာကို တွေ့ရပါတယ်။

ဒေါ်နယ်ထရမ့်ဆိုရင်လဲ လူမှုကွန်ရက်ကိုနည်းအမျိုးမျိုးနဲ့ အသုံးချပြီး နိုင်ငံရေးအကွက်တွေ အကြီးအကျယ်ကစားနေသူတစ်ယောက်ဆိုတာ အားလုံးသိကြမှာပါ။

ပြည်သူတွေဖက်ကဆိုရင်လဲ သတင်းအချက်အလက်နည်းပညာလှိုင်းတွေကိုစီးပြီး သူတို့ရဲ့စုပေါင်းအကြံဥာဏ်တွေ၊ ရည်ရွယ်ချက်တွေ၊ လိုအင်ဆန္ဒတွေ၊ ဘ၀င်မကျမှုတွေ၊ နှောင့်ယှက်မှုတွေ၊ ပင်ကိုယ်စရိုက်လက္ခဏာတွေ၊ အတွေ့အကြုံတွေနဲ့ ဦးစားပေးမှုတွေကို လူမှုကွန်ရက်တွေကနေ ဘယ်တုန်းကမှ မကြုံဖူးခဲ့တဲ့ပုံစံမျိုးနဲ့ အချင်းချင်း ဆက်သွယ်ပူးပေါင်းပြီး ဖော်ထုတ်နေကြပါပြီ။ အဲသလို စုစည်းဖော်ထုတ်မှုတွေရဲ့အလယ်မှာ အတိုင်းတိုင်းအပြည်ပြည်က အစိုးရတွေဟာ တာဝန်ယူမှုတာဝန်ခံမှုအသစ်တွေနဲ့ ရွေ့မျောလိုက်ပါနေကြရပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုဟာ မော်တော်ယာဉ်မရပ်နားရတဲ့ လူသွားလမ်းနေရာအထိ ကျူးကျော်ပြီးရပ်ထားကြတဲ့ နံပတ်ပြားအပြာရောင်တပ် အစိုးရပိုင် ဇိမ်ခံကားတစ်ဒါဇင်လောက်ရဲ့ဓာတ်ပုံတွေကို facebook မှာတင်လိုက်မိတာကြောင့် မလွှဲမရှောင်သာ တောင်းပန်ခဲ့ရဖူးပါသေးတယ်။ သူဟာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးညီလာခံတစ်ခုကိုတက်ရောက်တဲ့အတွက် အစိုးရပြန်ကြားရေးစာမျက်နှာက သူ့ပုံတွေတင်ရင်း အဲဒီပုံဟာ အမှတ်မထင်ပါသွားတာဖြစ်ပါသတဲ့။

အင်ဒိုနီးရှားနိုင်ငံမှာလဲ မြို့တော်ဝန်တွေနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ဆန္ဒမဲပေးရာမှာ ပြည်သူတွေရဲ့အခွင့်အရေးဆိုင်တဲ့ အရေးပေါ်စည်းမျဉ်းဥပဒေတွေကို ပြန်ပြီး ပြဌာန်းပေးခဲ့ရဖူးပါတယ်။ အဲဒီ စည်းမျဉ်းဥပဒေတွေကို လွန်ခဲ့တဲ့ လကတည်းက လွှတ်တော်မှာ ပယ်ဖျက်ခဲ့ပြီးဖြစ်ပေမယ့် အွန်လိုင်း လူမှုကွန်ရက်တွေပေါ်မှာ ပြည်သူအများအပြားက ပြန်ပြီးတောင်းဆိုကြတာကြောင့်ပါပဲ။

မြန်မာနိုင်ငံမှာလဲ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကိုပြင်ဆင်ပေးဖို့နဲ့ ဖျက်သိမ်းပေးဖို့ ပြည်သူတွေက လူမှုကွန်ရက်ကနေ တောင်းဆိုခဲ့ကြရာမှာ အစိုးရက ပြင်ဆင်ပေးခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ အမျိုးသမီးငယ်တစ်ယောက်ကို အုပ်စုနဲ့ဝိုင်းမုဒိမ်းကျင့်ကြတဲ့ကိစ္စတုန်းကလဲ ပြည်သူတွေဟာ facebook နဲ့ Twitter ကနေ သူတို့ရဲ့ ပုဂ္ဂလိကဆန္ဒတွေကို ဖော်ထုတ်ရေးသားခဲ့ကြပြီး အဲဒီကနေတစ်ဆင့် လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ဆုတောင်းပွဲလုပ်တာတွေဖြစ်လာကြပါတယ်။ အဲသလိုဖြစ်လာတာတွေကြောင့် နောက်ဆုံးမတော့ အန္ဒိယပါလီမန်ကနေ အဲဒီလိုမုဒိမ်းမှုတွေနဲ့ပတ်သက်လို့ လက်ရှိပြစ်ဒဏ်တွေထက် ပိုပြင်းထန်တဲ့ သေဒဏ်နဲ့ တစ်သက်တစ်ကျွန်းအပြစ်ဒဏ်တွေကို အတည်ပြုပေးခဲ့ရပါတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်လို့ လူမှုကွန်ရက်တွေဟာနောက်ဆုံးမတော့ အနိုင်ရသွားပါတယ်ဆိုတဲ့ သတင်းတွေလဲ ပလူပျံအောင်ထွက်ပေါ်ခဲ့ပါတော့တယ်။

လက်ရှိအချိန်မှာလဲ ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ပရာဝပ်ဟာ သူ့ရဲ့တန်ဖိုးကြီးမားလှတဲ့ လက်ပတ်နာရီတွေကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ပြန့်နှံ့ဝေဖန်လာကြတာကို ဖြေရှင်းနေရဆဲဖြစ်ပါတယ်။ တခြားကိစ္စရပ်တွေလဲ အများကြီးရှိပါသေးတယ်။

ထိုနည်းအတူပဲ မြန်မာနိုင်ငံမှာလဲ လူမှုကွန်ရက်ဟာ တဖြည်းဖြည်း တွင်ကျယ်လာပြီး ကဏ္ဍအသီးသီးမှာ နေရာယူလာပြီဆိုတာကို တွေ့ရပါလိမ့်မယ်။

မြန်မာနိုင်ငံနဲ့ လူမှုကွန်ရက်
===============
၂၀၀၀ ပြည့်နှစ်တုန်းက မြန်မာတစ်နိုင်ငံလုံးမှာ အင်တာနက်အသုံးပြုသူဦးရေ လူ တစ်ထောင်လောက်ပဲရှိခဲ့ရာကနေ ၂၀၁၁ ခုနှစ်မှာတော့ အင်တာနက်အသုံးပြုသူဦးရေဟာ ၅သန်းလောက်ဖြစ်လာခဲ့ပြီး ၂၀၁၇ ခုနှစ် အရောက်မှာတော့ တိုင်းပြည်လူဦးရေရဲ့ ၂၆ ရာခိုင်နှုန်းဟာ အင်တာနက်အသုံးပြုနေကြပါပြီ။

ဒါဟာ မြန်မာနိုင်ငံက လူဦးရေ ၁၇သန်းလောက် အင်တာနက်ကို သုံးနေကြတယ်လို့ ပြနေတာပါပဲ။ မြန်မာနိုင်ငံက လူလေးယောက်မှာ တစ်ယောက်နှုန်း အင်တာနက်သုံးတယ်ဆိုတဲ့ သဘောပါပဲ။ အဲဒီ အင်တာနက်သုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ မိုဘိုင်းဖုန်းတွေက သုံးနေကြတာလဲဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သုတေသနစစ်တမ်းတစ်ခုကရရှိတဲ့ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံမှာ facebook လူမှုကွန်ရက်ကို လစဉ်ပုံမှန် အသုံးပြုသူဦးရေ ၁၄ သန်းလောက်ရှိနေပါပြီတဲ့။

facebook သုံးသူ ၉၃ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းကနေ သုံးကြတာဖြစ်ပါသတဲ့။

facebook သုံးသူ ၁၄ သန်းအနက် တစ်ဝက်နီးပါးဖြစ်တဲ့ ၄၉ရာခိုင်နှုန်းကတော့ facebook ကို နေ့စဉ်သုံးကြပါသတဲ့။

facebook အကောင့်ဖွင့်ထားတဲ့ Profile တွေမှာဖြည့်သွင်းထားသမျှ အချက်အလက်တွေအရတော့ မြန်မာနိုင်ငံမှာ facebook အသုံးပြုနေကြသူတွေရဲ့ ၃၆ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေဖြစ်ကြပြီး ၆၄ရာခိုင်နှုန်းကတော့ အမျိုးသားတွေပါတဲ့။

ဒီကိန်းဂဏန်းတွေဟာ အတိအကျမဟုတ်ပေမယ့် ပိုရင်သာပိုမယ် လျော့ဖို့တော့မရှိပါဘူးလို့ ဆိုပါတယ်။ ဒါဟာ မြန်မာတွေ အသုံးများတဲ့ facebook လူမှုကွန်ရက်တစ်ခုထဲကိုသုံးနေကြတဲ့ ကိန်းဂဏန်းတွေပါပဲ Viber, Twitter, Instagram အစရှိသဖြင့် တခြား လူမှုကွန်ရက်တွေကို သုံးနေကြတဲ့ ကိန်းဂဏန်းတွေမပါသေးပါဘူး။

“facebook ဟာ မြန်မာနိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ကြ သတင်းအချက်အလက်မျှဝေကြတဲ့ ပင်မလူမှုကွန်ရက်တစ်ခုဖြစ်သွားပါပြီ”လို့ မြန်မာနိုင်ငံမှာ အခရာကျတဲ့ သတင်းအချက်လက်နည်းပညာဆိုင်ရာသုတေသီတစ်ဦးကပြောခဲ့ဖူးပါတယ်။ “facebook ကိုအသုံးပြုကြတဲ့ နှုန်းကို အသေအချာပြောဖို့ကတော့ မလွယ်လှဘူး” လို့လဲ သူကပြောပါသေးတယ်။

မြန်မာနိုင်ငံဟာ ရုတ်ချည်းလွတ်လပ်ပွင့်လင်းလာတဲ့အခါမှာ ပြည်ပသတင်းဌာနတွေကို သတင်းရင်းမြစ်တွေရယ်လို့ကိုးကားကြတဲ့ခေတ်ဟာ ကုန်သွားတော့တာပါပဲ။ နောက်ပိုင်းမှာတော့ ပြည်ပသတင်းဌာနတွေကိုသာမက ပြည်တွင်းသတင်းဌာနတွေကပါ လူမှုကွန်ရက်ကို ပြန်ကိုးကားလာကြရတဲ့ ခေတ်ကို ရောက်လာပါတော့တယ်။ လက်ကိုင်ဖုန်းတွေ ဆင်းမ်ကပ်တွေကိုလဲ ဈေးပေါပေါနဲ့ဝယ်လာနိုင်ကြတာကြောင့် facebook ကနေတစ်ဆင့်သတင်းမျှဝေတာဟာ တစ်ဟုန်ထိုးခေတ်စားလာပါတယ်။

လူမှုကွန်ရက်က ဝေဖန်မှုတွေ၊ အရေးဆိုမှုတွေ၊ တိုင်တန်းမှုတွေ၊ ချီးမွမ်းမြှောက်စားမှုတွေ၊ ဆဲရေးတိုင်းထွာမှုတွေဟာလဲ မြန်မာနိုင်ငံမှာ နေ့စဉ်နဲ့အမျှ တစ်နေ့တစ်မျိုး မရိုးရအောင်ဖြစ်နေတယ်ဆိုတာ အားလုံးအသိပါပဲ။

လူမှုကွန်ရက်ရဲ့ အကျိုးသက်ရောက်မှု
=====================
လူမှုကွန်ရက်ပေါ်က အရေးဆိုမှုဆိုတာတွေဟာ အသစ်အဆန်းတွေရယ်တော့မဟုတ်ကြပေမယ့် တစ်ဖြည်းဖြည်းစုစည်းပြီး မုန်တိုင်းတစ်ခုလိုဖြစ်လာနေတာကိုတွေ့ရပါတယ်။ လူမှုကွန်ရက်တွေဟာ အွန်လိုင်းမှာရှိနေကြပြီးဖြစ်တဲ့ ဈေးဝယ်တဲ့စနစ်တွေ၊ အီးမေးလ်တွေ၊ စားသောက်ဆိုင်တွေ ဂိမ်းတွေ အဲသလိုဟာတွေနဲ့ လုံးဝကိုမတူပါဘူး။ လူမှုကွန်ရက်တွေမှာ သတင်းအချက်အလက်တွေဟာ အင်မတန်ပြန့်နှံ့မှုမြန်ဆန်သလို၊ ထပ်ဆင့်မှတ်ချက်တွေ ဖြည့်စွက်ချက်တွေပဲ ပေးလို့အင်မတန်လွယ်ပါတယ်။

ဒါပေမယ့် လူမှုကွန်ရက်ကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေဟာ အားလုံးအကောင်းတွေချည်းပဲမဟုတ်ပြန်ပါဘူး။ အစိုးရတွေအတွက် ထောက်ခံမှုတွေရှိသလို ခြိမ်းခြောက်မှုတွေနဲ့ စိန်ခေါ်မှုတွေလဲ ရှိနေပြန်ပါတယ်။

လူမှုကွန်ရက်တွေဟာ တစ်နည်းအားဖြင့်ဆိုရရင် အကြောင်းအရာတစ်ခုခုကို ပဲ့တင်ထပ်စေတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်။ အခန်းတစ်ခုထဲမှာ ပဲ့တင်သံဖြစ်ပေါ်လာတဲ့ ပုံစံမျိုးနဲ့ ဆင်ပေမယ့် လုံးလုံးထပ်တူညီတယ်လို့တော့မဆိုနိုင်ဘူး။ အသံ တစ်ခု ပဲ့တင်ထပ်တယ်ဆိုတာဟာ တဖြည်းဖြည်းမှိန်ပြီး နောက်ဆုံးပျောက်သွားတာဖြစ်ပေမယ့် လူမှုကွန်ရက်ရဲ့ ပဲ့တင်သံကတော့ ပျောက်သွားတဲ့ဟာကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ကိုက် အစပြန်ဖေါ်လိုက်ရင် ကွန်ရက်တစ်လွှားမှာ ပြန်ပြီး ပဲ့တင်ထပ်လာစေတတ်တယ်။ အသံတစ်ခု ပဲ့တင်ထပ်ရာမှာ မူရင်းအသံရဲ့ ဟာမိုးနစ်လို့ခေါ်တဲ့ လိုက်ဖက်ညီတဲ့ အသံတွေပါ ပေါ်ပေါက်လာတတ်သလိုပဲ လူမှုကွန်ရက်မှာလဲ မူရင်းအကြောင်းရာနဲ့ စပ်မိဟပ်မိတဲ့ ကိစ္စတွေပါ ဆက်စပ် ပဲ့တင်ထပ်လာပြီး တဖြည်းဖြည်းနဲ့ မူရင်းအကြောင်းအရာနဲ့ မတူတော့တဲ့ အကြောင်းအရာအသစ်တစ်ခုကိုပါ ထပ်ဆင့် ပေါ်ပေါက်လာစေတတ်သေးတယ်။

ဒါပေမယ့် တစ်ဖက်ကလဲ လူမှုကွန်ရက်ကိုအသုံးပြုပြီး မဟုတ်မမှန်သတင်းလွှင့်တဲ့နှုန်းတွေက မြင့်တက်လာနေပြန်ပါတယ်။ အိန္ဒိယမှာ ၂၀၁၅ ခုနှစ်အတွင်းလေ့လာချက်စစ်တမ်းတစ်ခုအရ လူမှုကွန်ရက်ကနေ မတော်တရော်လုပ်တာတွေဟာ ၁၅၆ရာခိုင်နှုန်းတောင် မြင့်တက်လာတယ်လို့သိရပါတယ်။

လူမှုကွန်ရက်ရဲ့ အခန်းကဏ္ဍ
===============
“facebook ရဲ့ အားသာမှုနဲ့ သုံးရလွယ်ကူမှု စွဲလမ်းစရာကောင်းမှုတွေကြောင့် မြန်မာနိုင်ငံမှာ အင်တာနက်သုံးတယ်ဆိုတာဟာ facebook သုံးတာလိုလိုဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ကာ မြန်မာနိုင်ငံသားအများစုဟာ ဖုန်းကနေပဲ အင်တာနက်အသုံးများကြတာကြောင့်ပါပဲ”လို့ ကိုကိုးနတ်မီဒီယာက ဘိုင်ရွန်ပယ်ရီကပြောပါတယ်။ ကိုကိုးနတ်မီဒီယာဟာဆိုရင် အရှေ့တောင်အာရှနိုင်ငံ ၈ နိုင်ငံနဲ့ ဟောင်ကောင်တို့မှာ သတင်းဝက်ဆိုက်တွေဖွင့်ထားပြီးဖြစ်တဲ့ မီဒီယာတစ်ခုဖြစ်ပါတယ်။

ပြီးတော့ကာ facebook ဟာ မြန်မာနိုင်ငံမှာ အမုန်းစကားဖြန့်ချိတဲ့ ကိရိယာတစ်ခုလဲဖြစ်နေပြန်ပါတယ်။ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ အမုန်းစကားတွေဟာ facebook ကနေပဲ မြန်မာနိုင်ငံမှာ ပြန့်နှံ့နေကြတာဖြစ်ပါတယ်။ “အဲဒီကိစ္စတွေနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က စုံစမ်းဖို့လိုအပ်ပါတယ်”လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ဖီလ်ရောဘတ်ဆန်ကပြောပါတယ်။

ဂိုဏ်းဂဏဆိုင်ရာ အဖွဲ့အစည်းဆိုင်ရာ အုပ်စုဖွဲ့ပြီး တုန့်ပြန်ဆန့်ကျင်ကြရာမှာလဲ facebook ဟာ အဓိကကျတဲ့ အခန်းကဏ္ဍမှာရှိနေပြန်ပါတယ်။ ဆန့်ကျင်ဆန္ဒပြတဲ့ ပို့စ်တွေ၊ အဖွဲ့အစည်းတွေကိုတိုက်ခိုက်တဲ့ ပို့စ်တွေနဲ့ ပုဂ္ဂလိကလွပ်လပ်ခွင့်ကိုထိပါးနှောင့်ယှက်တဲ့ ပို့စ်တွေဟာ facebook ကနေတစ်ဆင့် လူထုကြားကို လျှင်မြန်စွာပြန့်နှံ့လို့နေပါတယ်။

ကမ္ဘာတစ်ဝန်း လူမှုကွန်ရက်အခြေအနေတွေနဲ့ပတ်သက်လို့ ကျွမ်းကျင်သူပညာရှင်တွေ သုံးသပ်ကြတာကတော့ “လူမှုကွန်ရက်တွေကနေ နှောင့်ယှက်မှုနှုန်းမြင့်မားလာနေတဲ့အခြေအနေဟာ ပုလင်းထဲကထွက်လာတဲ့ မကောင်းဆိုးရွားမိစ္ဆာကို ပုလင်းထဲပြန်ထည့်ဖို့ အင်မတန်ခဲယဉ်းတဲ့အခြေကိုဆိုက်လာလိမ့်မယ်”လိုဆိုကြတာပါပဲ။

လူမှုကွန်ရက်ကို ယုံကြည်မှု
=================
ကနေ့ကမ္ဘာသစ်ကြီးရဲ့ အစိုးရတွေဟာလဲ လေထဲမှာ ကောက်ရိုးမျှင်တွေကိုလိုက်ဖမ်းဆုပ်သလိုဖြစ်နေကြပါတယ်။ ပြစ်မှုကျုးလွန်တဲ့သူနဲ့ ဖမ်းဆီးနိုင်တဲ့သူအရေအတွက်ကို အချိုးချလိုက်ရင် ကွာဟချက်အင်မတန်များနေပါတယ်။ ခက်တာကလဲ လူမှုကွန်ရက်အသုံးပြုသူ တစ်ဝက်နီးပါးဟာ အယုံလွယ်နေကြတာကြောင့်လဲပါပါတယ်။ ဗီယက်နမ်မှာဆိုရင် လူဦးရေ ၉၄ သန်းရှိတဲ့အနက် တစ်ဝက်လောက်ဟာ လူမှုကွန်ရက်ကရသမျှသတင်းတွေ၊ မုသားစကားတွေ၊ လှုံ့ဆော်သတင်းတွေ၊ အမုန်းစကားတွေကို သံသယကင်းစွာနဲ့လက်ခံယုံကြည်ကြတယ်ဆိုပါတယ်။

လုမှုကွန်ရက်က မုသားစကားတွေ အမုန်းစကားတွေကို အယုံလွယ်ကြတယ်ဆိုရာမှာ လူ့စိတ်သဘာဝအရ ဖြစ်ရပ်တစ်ခုကို သိရကြားရတယ်ဆိုရင် အချက်အလက်အပြည့်အစုံမရခင်မှာ သုံးသပ်ချက်ချတာတို့ ကောက်ချက်ချတာတို့ လုပ်လေ့ရှိတတ်ကြတာကြောင့်လို့ဆိုနိုင်ပါတယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ပြည့်စုံအောင်ရှာပြီးတော့မှာ အဲဒီအချက်အလက်တွေနဲ့ ဆီလျော်ကိုက်ညီတဲ့ သုံးသပ်ချက်ချရမယ့်အစား ကိုယ်သန်ရာ သန်ရာ အရင်သုံးသပ်ချက်ချလိုက်ပြီးတော့မှ အဲဒီ သုံးသပ်ချက်နဲ့ ညီအောင် အချက်အလက်တွေကို ဇွတ်လိုက်ရိုက်သွင်းလေ့ရှိပါတယ်။ ထုံးစံအတိုင်းပဲ ကိုယ်သန်ရာ သန်ရာဆီ ယိမ်းတဲ့ဘက်လိုက်မှုဆိုတာဟာ လူတိုင်းလိုလိုရဲ့ မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့အတိုင်းပဲ အချက်အလက်မပြည့်စုံပဲ ချလိုက်တဲ့ သုံးသပ်ချက်တွေဟာလဲ တစ်ကယ့်အဖြစ်မှန်နဲ့ မကိုက်ညီတော့ပဲ သုံးသပ်ချက်ချတဲ့သူရဲ့ စိတ်ထဲမှာ ဦးစားပေးပြီးဖြစ်စေချင်တဲ့ အကြောင်းအရာဆီကို ဦးတည်သွားတော့တာပါပဲ။ လူ့စိတ်သဘာဝအရ စိတ်လှုပ်ရှားနေချိန်မှာ ဘာကိုမှ ပြတ်ပြတ်ရှင်းရှင်း မစဉ်းစားနိုင်လေတော့ကာ ဖြစ်ရပ်တစ်ခုကို သိလိုက်ကြားလိုက်ရပြီဆိုရင် အပေါ်ယံသဏ္ဍာန်ဟာ လိမ်လည်လှည့်ဖြားတတ်တယ်ဆိုတာကို သတိမထားမိတော့ပဲ ကိုယ့်စိတ်လှုပ်ရှား ခံစားချက်ဖက်လိုက်ပြီး သုံးသပ်ချက်ချ ကောက်ချက်ချလိုက်တော့တာပါပဲ။

လူမှုကွန်ရက်နဲ့ လူ့စိတ်သဘာဝ
=================
ဒါဟာ Preconceived Theory လို့ခေါ်ကြတဲ့”ကြိုတင်စိတ်ကူး၍ဟုတ်တန်ရာ၏ဟုလက်ခံခြင်း သဘောတရား” နဲ့လဲ ကိုက်ညီနေပြန်ပါတယ်။

လူအများစုမှာ ကြိုတင်စိတ်ကူးပြီး လက်ခံထားကြတာတွေရှိတတ်ကြပါတယ်။ လက်ခံတယ်ဆိုရာမှာလဲ သံသယနဲ့လက်ခံတာထက်ကို ပိုပြီးခိုင်ခိုင်မာမာလက်ခံကြတာပါ။ ကိုယ့်စိတ်ကူးထဲမှာ စဉ်းစားဆင်ခြင်ပြီး ဒီကိစ္စဟာဖြင့် သေချာပေါက်ဖြစ်မှာပဲ၊ ဒီပြဿနာဟာလဲ ဟိုလူ သည်လူတွေလုပ်တာသေချာမှာပါ စသည်ဖြင့်လက်ခံထားကြတာပါ။ အရင်က သမိုင်းကြောင်းနဲ့ လက်စလက်နရှိခဲ့တာတွေကို အခြေခံပြီး သင်းတို့ရဲ့လက်ရာပဲဖြစ်မယ်၊ ဒါဟာ သင်းတို့လုပ်နေကျပဲ၊ ဒီတော့ကာ ခုကိစ္စမှာလဲ သင်းတို့လုပ်တာပဲဖြစ်မယ်လို့ စိတ်ဓာတ်ရေးရာ အဂတိတွေအရ ကြိုပြီးစွပ်စွဲလိုက်ကြတဲ့သဘောပါပဲ။

ကြားသိရတဲ့သတင်းအချက်အလက်တွေကိုယုံကြည်မှုနဲ့အတူ ဘယ်သူ့အပေါ်မှာမဆို ဆန့်ကျင်မှု၊ အားမပေးမှုတွေ လူ့စိတ်ထဲမှာ ပေါ်လာတတ်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေကဆိုကြပါတယ်။

အမှန်တော့လဲ လူတွေရဲ့စိတ်အခြေအနေအရ ဒီလို ဆုံးဖြတ်လာခဲ့ကြတာ ခုခေတ်မှမဟုတ်ပါဘူး။ လူ့သဘာဝကိုကလဲ အကောင်းမြင်မိပြီဆိုရင် ဘာလုပ်လုပ်ကောင်း၊ အဆိုးမြင်မိပြီဆိုရင် ကောင်းမှုကုသိုလ်တွေလုပ်ရင်တောင်ဒီလူ ဘာအကြံနဲ့လုပ်နေတာလဲမသိဘူးလို့ တွေးကြတာကများသကိုး။ ပြီးတော့ကာ လူ့သဘာဝအရလဲ ချီးမွမ်းနဲ့ ကဲ့ရဲ့မှာ ကဲ့ရဲ့တာက ပိုများသကိုး။

ဒါကြောင့်လဲ စုံထောက်ရှာလော့ဟုမ်းဝတ္ထုတွေကိုရေးတဲ့ ဆရာကြီး ဆာ အာသာ ကိုနင်ဒွိုင်းလ်က အမှုတစ်ခုနဲ့ပတ်သက်ပြီး ခိုင်မာတဲ့သက်သေအထောက်အထားတွေမမြင်ရသေးခင် မသိရသေးခင် အဲဒီအမှုနဲ့ပတ်သက်လို့ လုံးဝ မစဉ်းစားပါနဲ့လို့ ဆိုထားတာဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့တဲ့ မော်စီတုံးကလဲ ခိုင်လုံတဲ့အထောက်အထားတွေ အချက်အလက်တွေကိုသိမှာသာလျှင် အဲဒီ အချက်အလက်တွေထဲက အမှန်ကိုရှာနိုင်မယ်ပြောခဲ့ပါသေးတယ်။

ကြိုတင်စိတ်ကူး၍ဟုတ်တန်ရာ၏ဟုလက်ခံခြင်းဆိုတာဟာလဲ လူ့စိတ်သဘာဝကိုက ကိုယ်မှားတယ်ဆိုတာကို ၀န်ခံဖို့ ၀န်လေးကြတာကြောင့်လဲဖြစ်ပါတယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်တွေကပြောကြပါတယ်။

အဲဒီလို ကြိုတင်စိတ်ကူးပြီးဟုတ်တန်ရာ၏လို့ ထင်မြင်မှုတွေ၊ စွပ်စွဲမှုတွေကြောင့် တစ်ကယ်မလုပ်ပါပဲနဲ့ မစွမ်းရင်းကလဲရှိ ကန်စွန်းခင်းကလဲငြိပြီး၊ ကိုယ်မလုပ်ကြောင်းသက်သေလဲ ခိုင်ခိုင်လုံလုံမပြနိုင်လေတော့ကာ မပြေးသော်လည်းကန်ရာရှိဆိုသလို ဖြစ်ခဲ့ရတဲ့ကိစ္စတွေ အများကြီးရှိမှာပါ။

အဲဒီလိုကြိုတင်စိတ်ကူးမှုတွေကြောင့် ပြောင်းပြန်အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်လာရပါတယ်လို့ မီချီဂန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရှင် ဘရန်ဒန်ဥာဏ်ကပြောပါတယ်။ စီအိုင်အေတို့၊ ကေဂျီဘီတို့လို အဖွဲ့မျိုးတွေနဲ့ ကွန်မြူနစ်တွေဟာ “ကြိုတင်စိတ်ကူး၍ဟုတ်တန်ရာ၏ဟုလက်ခံခြင်း သဘောတရား”အရ အင်မတန်စွပ်စွဲခံရသူတွေပါပဲ။

အဲသလို အချက်အလက်အပြည့်အစုံမရသေးခင်မှာ ကိုယ့်ရဲ့ စိတ်လှုပ်ရှားခံစားမှုအရ အဆောတလျင် ချလိုက်တဲ့ သုံးသပ်ချက်တွေထဲကို ခုနကပြောခဲ့သလိုပဲ ရသလောက် အချက်အလက်တွေ ဇွတ်အတင်းရိုက်သွင်းပြီး လူမှုကွန်ရက်မှာဖြန့်လိုက်တဲ့အခါမှာတော့ ပဲ့တင်ထပ်မှုတွေဖြစ်လာပြီး မူရင်းဖြစ်ရပ်နဲ့ဆိုင်တာရော မဆိုင်တာရော နီးစပ်တာရော မနီးစပ်တာရော စသည်ဖြင့် ဆူညံအောင် ပဲ့တင်တွေထပ်သွားတော့တာပါပဲ။ ပဲ့တင်ထပ်ပြီဆိုမှဖြင့် တုန်ခါမှုသဘောတွေ ရိုက်ခတ်မှုသဘောတွေ အလိုလိုပါလာပြီးသားဖြစ်တာကြောင့် လဲစရာရှိတာလဲ ပြိုစရာရှိတာပြိုတွေပါ အနည်းနဲ့အများဖြစ်လာကြတော့တာပါပဲ။ ဒါဟာ လူမှုကွန်ရက်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေဆိုတာကို အားလုံးသိကြမှာပါ။

လူမှုကွန်ရက်ကိုအသုံးများတဲ့ခေတ်၊ အားအားရှိ ဖုံးလေးတွေကိုပွတ်ပြီး တကယ့်ဘ၀ထက်စာရင် လူမှုကွန်ရက်ဘ၀မှာပိုပြီးအချိန်ကုန်နေကြတဲ့ခေတ်မှာတော့ ခုနကပြောခဲ့သလိုမျိုးတွေဖြစ်ဖန်များလာတဲ့အခါ တကယ့်ဖြစ်ရပ်မှန်က သိပ်အရေးမပါတော့ပဲ ကိုယ်လိုရာဆွဲသုံးသပ်ချက်တွေဟာ ဖြစ်ရပ်မှန်ကိုလွှမ်းလာတော့တာပါပဲ။

လူမှုကွန်ရက်က လူ့အဖွဲ့အစည်းကိုပြောင်းလဲလိုက်ပုံ
=============================
အဲဒီ အခြေခံသဘောတရားတွေကို ကောင်းကောင်းကိုင်တွယ် အသုံးချတတ်သူတွေက လူမှုကွန်ရက်ကို လိုသလိုအသုံးချလာကြတဲ့အခါမှာတော့ အမှန်တရားစစ်စစ်ကနောက်မှာကျန်ရစ်ခဲ့ပြီး လူမှုကွန်ရက်မှာပြောဆိုနေကြတာတွေက အမှန်တရားတွေလိုလိုဖြစ်လာတဲ့ခေတ်ကိုရောက်လာတော့တာပါပဲ။ ဒါဟာ လူမှုကွန်ရက်တွေက လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်လိုက်တာပါပဲ။

လျစ်လျူရှုခံရနေရတဲ့ အဖြစ်မှန်တင်ပြချက်တွေ ပြန်လည်ချေပချက်တွေရယ် လူတွေရဲ့စိတ်ခံစားမှုကိုအခြေခံပြီး နှပ်ကြောင်းပေးသမားတွေဖန်တီးထုတ်လုပ်တဲ့ မုသားတွေရယ် အဲဒါတွေအကြားမှာ အငြင်းပွားနေရတဲ့ အခြေအနေမျိုးကိုဆိုလိုပါတယ်။ အဲဒီမှာတင်ပဲ အမှန်တရားက ဖိနပ်စီးနေတုန်း မုသားက ကမ္ဘာပတ်တဲ့အဖြစ်တွေ ဖြစ်လာတော့တာပါပဲ။ “အမှန်တရား ဘုရားသိသည်ဆိုသော်ငြား စောင့်ရသေးတယ်” ဆိုတဲ့ စကားလိုပဲ မုသားတွေ ကမ္ဘာပတ်ပြီးမှပဲ အမှန်တရားက ဖိနပ်စီးပြီးလေ့ရှိတာများပါတယ်။ အဲဒီအချိန်မှာတော့ မုသားတွေဟာ ကမ္ဘာကို သုံးပတ်လောက် ပတ်ပြီးနေပါပြီ။

တကယ်ကတော့ မုသားဆိုတာထက် အမှန်နဲ့အမှားရောနေတာတွေကပိုများနေတာပါ။ ရောနေတဲ့အမှားဆိုတာကလဲ ကိုယ်လိုချင်တဲ့အခြေအနေဆီကို လမ်းစဖော်ပြီး နှပ်ကြောင်းပေးထားတဲ့ အချက်အလက်တွေရောထားတာပါပဲ။ တိုက်ရိုက်မဟုတ်တဲ့ အရိပ်အမြွက်ပြအချက်အလက်တွေ ဟုတ်ယောင်ရှိ အမှန်တရားဆိုတာတွေနဲ့ရောသမမွှေထားတာပါပဲ။ အဲဒါကို ဖတ်မိကြ၊ သိကြ၊ မြင်ကြသူတွေအနေနဲ့ မခံချင်စိတ်၊ ဒေါသစိတ်၊ သနားစာနာစိတ် အစရှိတဲ့ ကိုယ့်စိတ်အခံလေးတွေနဲ့ပေါင်းလိုက်တဲ့အခါမှာတော့ များသောအားဖြင့် နှပ်ကြောင်းအတိုင်းလိုက်မိသွားတော့တာပါပဲ။

အဲဒီလို နှပ်ပစ်ခံလိုက်ရတာကို သတိမထားမိပဲ ကိုယ့်ထင်မြင်ချက်တွေ သုံးသပ်ချက်တွေထဲကို သူပြထားသလောက် ကိုယ်သိထားသလောက် အချက်အလက်တွေရိုက်ထည့်ပြီး ကိုယ်ကပါထပ်ဆင့် အာဘောင်အာရင်းသန်သန်နဲ့ ပဲ့တင်ပြန်ထပ်တဲ့အခါမှာတော့ ကိုယ်ပါ ထပ်ဆင့် ရောသမမွှေသမားတစ်ယောက်ဖြစ်သွားလေ့ရှိတတ်ပါတယ်။ အဲဒီလိုသတင်းအချက်အလက်တွေဟာ လူမှုကွန်ရက်မှာ အင်မတန်မြန်ဆန်တဲ့နှုန်းနဲ့ ပြန့်ကားလေ့ရှိတာကြောင့် အဓိက သတင်းမှန်ပြန်ကြားရေးတွေတောင် တုန့်ပြန်မှု အချိန်ကလေးနည်းနည်းနောက်ကျသွားတာနဲ့ သတင်းအချက်အလက်နယ်ပယ်အ၀န်းအ၀ိုင်းမှာ သူတို့ရဲ့ ၀ါဒဖြန့်မှုအောက်ကို အရှုံးပေးလိုက်ရတတ်လေ့ရှိပါတယ်။

ပြီးတော့ကာ လူမှုကွန်ရက်တွေမှာ ရေးနေကြတဲ့ ဟုတ်သယောင်ယောင်အဆိုတွေကိုလဲ မှန်ကန်ကြောင်းအတည်ပြုပြီးသားတွေလို့ထင်တတ်ကြတာကများပါတယ်။ အဲသလို ရေးသားချက်တွေဟာလဲ လူမှုကွန်ရက်တွေမှာ များလှပါတယ်။

အနုမာနအဆိုကြမ်းအဆင့်ကိုတောင် မရောက်သေးတဲ့ မှန်းတုပ်ရမ်းတုပ်သဘောတရားတွေက ပိုတောင်များပါသေးတယ်။ ကိုယ်ကြုံတွေ့ရတဲ့ အခြေနေ အကြောင်းအရာတွေပေါ် မူတည်ပြီး ကိုယ်သိသလောက် ဗဟုသုတကို အခြေခံထားပြီးရေးနေကြတာကြောင့် သေချာပေါက်မှန်တယ်လို့ လုံးဝပြောလို့မရတဲ့ ရေးသားချက်တွေပါပဲ။ အဲဒီရေးသားချက်တွေကို အတည်ယူနေကြသူတွေလဲ မနည်းမနောပါ။

ဘယ်လိုလုပ်ကြမလဲ
===========
facebook အပါအ၀င် လူမှုကွန်ရက် စာမျက်နှာတွေဟာ ပရိသတ်တွေကို အထူးဆွဲဆောင်နေကြပြီး Like လုပ်ကြတာတွေ ထပ်ဆင့် share ကြတာတွေ များသည်ထက်များအောင်လဲ ဆွဲဆောင်မှုရှိနေကြပါသေးတယ်။ လူမှုကွန်ရက်ကို သုံးတာ အသားကျနေပြီဖြစ်တဲ့ အနောက်နိုင်ငံတွေမှာတော့ လူမှုကွန်ရက်ရဲ့ အကျိုးသက်ရောက်မှုတွေလျော့နေပြီဖြစ်ပေမယ့် အရှေ့တောင်အာရှနိုင်ငံတွေမှာတော့ လူမှုကွန်ရက်တွေဟာ သရဖူဆောင်းနေဆဲပါပဲ။

ဒါကြောင့်မို့လို့လဲ အွန်လိုင်းလူမှုကွန်ရက်ပေါ်က တော်လှန်ရေးတွေကို အရှေ့တောင်အာရှနိုင်ငံအစိုးရတွေဟာ နိုင်နိုင်နင်းနင်းကိုင်တွယ်ထိမ်းသိမ်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ဟန်တူပါတယ်။

အဓိကကတော့ တစ်ဦးချင်းတစ်ယောက်ချင်းစီက မိမိတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ၊ စည်းကမ်းတွေ၊ ဥပဒေတွေကို ကိုယ်စီကိုယ်ငှစောင့်ထိန်းကြဖို့ပါပဲ။ facebook မှာ Like များများလိုချင်ကြတဲ့သူတွေနဲ့ ပရိသတ်များများရှိတဲ့သူတွေအနေနဲ့ ပိုပြီးသတိထားကြရမှာဖြစ်ပါတယ်။ စိတ်အလိုမလိုက်မိဖို့၊ အယုံမလွယ်၊ ဆန္ဒမစော၊ ဆုံးဖြတ်ချက်မမြန်ကြဖို့လိုပါတယ်။ နှုတ်နဲ့ပြောလိုက်တာက ပြောပြီးရင် လေထဲမှာ ပျောက်သွားတတ်ပေမယ့် လူမှုကွန်ရက်မှာရေးလိုက်တာတွေကတော့ အဲသလိုပျောက်မသွားပါဘူး။ နှုတ်ကြောင့်သေ လက်ကြောင့်ကြေဆိုတဲ့စကားရှိပါတယ်။ လူမှုကွန်ရက်ကြောင့်ကတော့ သေလဲသေ ကြေလဲကြေနိုင်တယ်လို့တောင် ပြောရမလိုဖြစ်နေပါပြီ။

လူမှုကွန်ရက်မှာ ရေးလိုက်တာတွေကို ကိုယ်ရေးလိုက်ပြီး မိနစ်ပိုင်းအတွင်းမှာ ပြန်ဖျက်လိုက်မယ်ဆိုပေမယ့်လဲ screen shot ဖမ်းတဲ့သူတွေလက်ထဲကို ကိုယ်ရေးထားတာတွေကရောက်သွားပါပြီ။ အဲဒီလို ဖြစ်သွားတဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းပုံရိပ်ဟာ ကာယကံရှင်သာ သေသွားမယ် သူကတော့ အင်တာနက်မှာ ဘယ်တော့မှ ပျောက်ပျက်တော့မှာမဟုတ်ပါဘူး။ အင်တာနက် ချောင်တစ်နေရာမှာ တစ်ခုထဲကျန်နေခဲ့သည်ဖြစ်စေ၊ အင်တာနက်အသုံးပြုသူတစ်ယောက်ယောက်ရဲ့ လက်ထဲမှာ တစ်ခုထဲကျန်နေခဲ့သည်ဖြစ်စေ အဲဒီ ဒစ်ဂျစ်တယ်မှတ်တမ်းဟာ အချိန်မရွေး အခု တစ်သန်းဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ကိုယ်ကို ထိန်းသိမ်းခြင်းဟာ ကိုယ်ကိုယ်တိုင်အတွက်လဲဖြစ်သလို အားလုံးအတွက်ထိန်းသိမ်းခြင်းပါပဲ။

လူမှုကွန်ရက်က အသံတွေဟာ ပြည်သူ့အသံတွေလို့ ယေဘုယျသဘောအရ ဆိုနိုင်ပေမယ့် စစ်မှန်တဲ့ ပြည်သူ့အသံအစစ်တွေရှိတာထက်ကို ပြည်သူ့အသံလို့ ထင်ရသယောင်တွေကလဲမနည်း ရှိနေပြန်တာကြောင့် အစိုးရတွေ တာဝန်ရှိသူတွေ အနေနဲ့လဲ လူမှုကွန်ရက်က အရေးအသားတွေ အပြောအဆိုတွေ အတိုင်အတောတွေ အရေးဆိုသံတွေ အကုန်လုံးထဲမှာ နစ်မျောမနေကြဖို့ကို အထူးသတိပြုကြဖို့လိုကြလိမ့်မယ်လို့လဲ ယူဆမိပါတယ်။

ဒါပေမယ်လို့ တိုင်းပြည်ပြန်လည်ထူထောင်ရေးဆိုတာဟာ အစိုးရတစ်ခုထဲက လုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ပြည်သူတစ်ဦးချင်းစီကပါ တညီတညွတ်တည်း ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စကြီးဖြစ်ပါတယ်။ ပြည်သူတွေ တစ်ယောက်တစ်ပေါက်ဖြစ်နေရင်တော့ သိကြားမင်းကြီးဆင်းလာပြီး အစိုးရလုပ်အုပ်ချုပ်ရင်တောင်မှ တိုင်းပြည်ပြန်ပြီး ထူထူထောင်ထောင်ဖြစ်လာမှာမဟုတ်ပါဘူး။

ဒါကြောင့် လူမှုကွန်ရက်အသုံးပြုနေကြသူတွေအနေနဲ့လဲ သတိတမံ ဥာဏ်မြေကတုပ်အားဖြင့် မမေ့မလျော့သော သတိနဲ့ တိုင်းပြည်ပြန်လည်ထူထောင်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြပါလိမ့်မယ်လို့ ယူဆမိပါကြောင်း။

ဟက်ကာ
20-1-2018

ref:
1. Southeast Asian governments struggle to cope with the online social revolution
2. Internet users in Myanmar increased by 97% in 1 year, 70% are mobile users
3. DIGITAL IN SOUTHEAST ASIA IN 2017

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*