“တရုတ်ပြည်ကို ဆန် တရားဝင် ပို့ချင်ပါတယ်”

“တရုတ်ပြည်ကို ဆန် တရားဝင် ပို့ချင်ပါတယ်”
September 11, 2017 Asian Fame

12:42 pm
“တရုတ်ပြည်ကို ဆန် တရားဝင် ပို့ချင်ပါတယ်”

trade1(ရန်ကုန်၊ စက်တင်ဘာ ၁၁)

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုမှာ ပင်လယ်ရေကြောင်း ထက် နယ်စပ် ကနေ တင်ပို့မှုကို အဓိက အားထားနေရပြီး စုစုပေါင်း ရဲ့(၇၅) ရာခိုင်နှုန်းကျော် က တရုတ်နိုင်ငံကို တရားမဝင် ကုန်သွယ်ရေးအဖြစ် ရောင်းချနေရတာက မြန်မာနိုင်ငံအတွက် နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ ဆန်ကုန်သည် တွေ က ပြောပါတယ်။
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ကနေ တစ်ရက် ကိုဆန်တန်ချိန် သုံးထောင်ဝန်းကျင် တင်ပို့နေရတာဖြစ်ပြီးတစ်လကိုတန်ချိန် တစ်သိန်းနီးပါးတင်ပို့ရောင်းချနေ ပါတယ်။

“မြန်မာဆန်တွေ ဘာကြောင့် တရားမဝင်ဖြစ်သွားရတာလဲ”

တရုတ်နိုင်ငံက မြန်မာနိုင်ငံက ဆန်တွေတရားဝင်ရောင်းချနိုင်ဖို့ သဘောတူ ခွင့်ပြုပေးထားပြီးဖြစ်ပါတယ်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွက် တရုတ်နိုင်ငံက ပြည်တွင်းဆန်တန်ချိန် နှစ်သိန်းအထိ ၀ယ်ယူဖို့ကမ်းလှမ်းခဲ့ပေမယ့်လည်း ပြည်တွင်း ကုန်သည်တွေအနေနဲ့ ဆန်တန်ချိန် တစ်သိန်းဝန်းကျင်လောက်ဘဲ တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ပြည်တွင်းမှာထွက်ရှိနေတဲ့ဆန်တွေက တရုတ်နိုင်ငံရဲ့ စံအရည်အသွေး သတ်မှတ်ချက် များနဲ့ မကိုက်ညီလို့ဘဲဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ ပြည်ပနိုင်ငံတွေကနေ လယ်ယာထွက်ကုန် ကပစ္စည်းတွေ တင်သွင်းတဲ့နေရာမှာ စံအရည်အသွေး သတ်မှတ်ချက် တွေရှိပါတယ်။ ဆန်အမျိုးအစား (ဆန်ကြမ်း၊ဆန်ချော)အပြင် ဆန်ကွဲပါဝင်မှု(၂၅)မှတ်(၂၀)မှတ်(၁၅)မှတ်(၁၀)မှတ်စသဖြင့်အခြေခံ ခွဲခြား ထားပါတယ်။ ဒီအပြင် ဆန်ကြိတ်ခွဲတဲ့ဆန်စက်ရုံရဲ့သတ်မှတ်ချက်တွေလည်းရှိနေပြီး၊တရုတ်နိုင်ငံကတာဝန် ရှိသူတွေလာရောက် စစ်ဆေးပြီး ခွင့်ပြုချက်ရထားတဲ့ဆန်စက်တွေက ထွက်လာတဲ့ဆန်တွေကိုသာ ၀ယ်ယူ ကြတာဖြစ်ပါတယ်။ ဒီအပြင် စပါးအဖြစ် စတင်စိုက်ပျိုးတဲ့ အချိန်ကစပြီး GAP (Good Agriculture Product) စနစ်ကိုအသုံးပြုခြင်းရှိမရှိ ကိုပါ စစ်ဆေးပြီးမှ တင်သွင်း ခွင့်တွေ ရတာဖြစ်ပါတယ်။ စပါးစိုက်ပျိုးရာမှာလည်း ဓါတ်မြေသြဇာသုံးစွဲမှုကို ပမာဏ ကန့်သတ်ထားတာဖြစ်ပြီး ဓတ်ခွဲစမ်းသပ်ရာမှာ ဓါတုပစ္စည်းတွေ ပါဝင်နေရင် လုံးဝတင်သွင်းခွင့်မပြုဘဲ ကန့်သတ်ထားပါတယ်။ဆန်ဝယ်ယူတဲ့နေရာမှာလည်း တရုတ်နိုင်ငံ ဆိပ်ကမ်း ကိုရောက် တဲ့အခါမှာမူလသတ်မှတ် ထားတဲ့အရည်အသွေးနဲ့ထပ်တူကျမှုရှိမရှိကိုပါ စစ်ဆေးပြီးမှနိုင်ငံအတွင်းတင်ပို့ခွင့် ရပါတယ်။

ဒီသတ်မှတ်ချက်တွေကြောင့် တရုတ်နိုင်ငံကသတ်မှတ်ချက်စံနှုန်းတွေနဲ့ အညီတင်ပို့ရောင်းချနိုင်ဖို့ လက် ရှိမှာ အခြေခံလိုအပ်ချက်တွေ ရှိနေသေး တာကြောင့် မြန်မာကုန်သည်တွေ အနေနဲ့ တရားမဝင်လမ်းကိုပဲ အားထားကြပါတယ်။ ပြည်တွင်း ကစိုက်ပျိုးတောင်သူတွေ အနေနဲ့ မိရိုးဖလာ စိုက်ပျိုးနည်း စနစ်တွေ နဲ့သာ စိုက်ပျိုးနေကြတာဖြစ်ပြီးခေတ်မီ နည်းစနစ်တွေ ပေါင်းသတ်စနစ်တွေကို အသုံးပြုဖို့ ခက်ခဲနေ ကြဆဲ ဖြစ်ပါတယ်။ဒါတွေအပြင် ပြည်တွင်းမှာ ဆန်စက်တွေ အများအပြား ရှိနေပေမယ့်လည်း တရုတ်နိုင်ငံကို တရားဝင် တင်ပို့နိုင်တဲ့ ဆန်စက်က အနည်းငယ်သာ ရှိပါတယ် ။ပြည်တွင်းမှာ အကောင်းဆုံး စိုက်ပျိုးထုတ်လုပ်ခဲ့ပေမယ့်လည်း ဆန်တင်ပို့ချိန် ကြာမြင့်မှုကြောင့် ဆန်အရည်အသွေး မတူညီတာတွေ ရှိခဲ့ရင်လည်း တရုတ်နိုင်ငံ ဆိပ်ကမ်းကို ရောက်ရှိပြီးမှာ ရောင်းချခွင့် မရတဲ့ ဆုံးရှုံးမှုတွေ ကြုံတွေ့ရင်ဆိုင် ရတာလည်းရှိတယ် လို့သိရပါတယ်။ ပြည်တွင်း ကဆန်တွေ တရုတ်နိုင်ငံထဲကို တရားဝင် ရောင်းချနိုင်ဖို့ အရည်အသွေး ပြည့်မီတဲ့ ပြည်တွင်းဆန်စက် အရေအတွက် က တစ်နိုင်ငံလုံးမှာမှ စုစုပေါင်း(၁၀)ခုဘဲ ရှိပါသေးတယ်။

ဒီအခက်အခဲတွေကြောင့် တရားမဝင် လမ်းကြောင်းကနေပဲ တရုတ်ပြည်ကို တင်ပို့လာခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်လွန် လာခဲ့ပြီဖြစ် ပါတယ်။

မြန်မာဘက်က ကြည့်ရင်တော့ ဒါကတရားဝင် လမ်းကြောင်းဖြစ်ပေမယ့် တရုတ်ဘက် ကကြည့်ရင် ဒါကတရားမဝင် တင်ပို့မှုပဲဖြစ် ပါတယ်။

မူဆယ်မြို့မှာနေထိုင်တဲ့ ဆန်ကုန်သည် ဦးစိုင်းဝင်းက ”ပြည်တွင်းကနေ တရားဝင် အခွန်တွေဆောင်တယ်၊ တရားဝင်လမ်း ကြောင်းတွေ ကနေ သယ်လာတဲ့ဆန်တွေက တရုတ်ပြည် ထဲရောက်တာနဲ့ အလိုလိုကို မှောင်ခိုဖြစ်သွားတယ် ဘာကြောင့်လဲဆို သူတို့ သတ်မှတ်ချက်တွေ နဲ့ မညီလို့၊ သတ်မှတ်ချက်တွေ နဲ့ညီအောင် ထုတ်ဖို့ကျတော့လဲ လက်တလောမှာ မဖြစ်နိုင်ဘူး၊ ဒီတော့ ဆန် ကုန်သည်တွေ အများစု ကတော့  ဒီဖက်တရားဝင်ဟိုဖက်တရားမ၀င် ဆိုတဲ့အခြေအနေကြီးကိုဘဲ မကြိုက်လဲလုပ်နေ ရတာဘဲ”လို့ပြောပါတယ်။

“တရားမ၀င်ရောင်းချမှုကြောင့် ဘယ်သူသာပြီး ဘယ်သူနာသလဲ”

အခုလို အရည်အသွေးနဲ့ တင်ပို့မှုကန့်သတ်ထားတဲ့အတွက် ပြည်တွင်းကဆန်တွေကို နယ်စပ်ကနေရောင်းချကြရတဲ့ အခါမှာ နစ်နာသူတွေ ကတော့ပြည်တွင်း ကုန်သည်တွေဘဲဖြစ်ပြီး အကျိုး ရှိစေတာတော့ တရုတ်ဝယ်လက်တွေ ဖြစ်ပါတယ် ။ပြည်တွင်းကနေ တရားဝင် အခွန်ဆောင်ခဲ့ပေမယ့် တရုတ်နိုင်ငံထဲ ကိုရောက်တဲ့အခါ တရားမ၀င် ရောင်းချနေကြရတဲ့ အတွက် ငွေပေးချေမှု အပိုင်းတွေမှာ မကြာခဏ ဆိုသလို နစ်နာမှု တွေရှိနေပါတယ်။ ဆန် တွေ ကိုရောင်းချပြီး မှငွေပေးချေကြတာဖြစ်လို့ တရုတ်အစိုးရက ဖမ်းဆီး မှုတွေ ရှိလာရင် ပြည်တွင်းကုန်သည် တွေအတွက် ငွေဆုံးရှုံးမှုတွေ ဖြစ်လာပါတယ်။တရုတ်ဝယ်လက် ကုန်သည်တွေကတော့ တရုတ် အစိုးရရဲ့ လယ်ယာ ထွက်ကုန်တွေတင်သွင်းခြင်း အပေါ်ကောက်ခံတဲ့အခွန်တွေကို ရှောင်လွှဲနိုင်တဲ့အတွက် တရားမ၀င် လမ်းကြောင်း က၀ယ်ယူရတာက ပိုမိုအကျိုးဖြစ်ထွန်းစေပါတယ်။တရားမ၀င်ဖမ်းဆီးမှုတွေကြောင့် ကုန်ပစ္စည်း တွေဆုံးရှုံးခဲ့ရင်လည်း မြန်မာ ကုန်သည်တွေဖက်က သာနစ်နာကြတာဖြစ်လို့ တရုတ်ကုန်သည်တွေ အတွက်တော့ အခွန်မဆောင်ဘဲ ၀ယ်ယူနေကြတာဖြစ်ပြီး ဖမ်းဆီးမှုကြောင့် နစ်နာသူတွေကတော့ ပြည်တွင်းကုန်သည်တွေ ဖြစ်ပါတယ်။

“တလောကဖြစ်စဉ်လိုပေါ့ သူနိုင်ငံထဲက အွန်လိုင်းဂိမ်းနဲ့ငွေမည်း ကိစ္စကိုဖြေရှင်းရာမှာ မြန်မာကုန်သည် အကောင့်တွေအများကြီး ပိတ်ခံ လိုက်ရတယ် ၊ငွေကြေး စီးဆင်းမှုတွေရပ်ကုန်ပြီး အစိုးရက ဝင်ညှိပေးရတဲ့ အနေအထားတွေ ဖြစ်ကုန်တယ်၊ တကယ်လို့ တရားဝင် သာရောင်းချနိုင်မယ် ဆိုရင် ကုန်သည်တွေစွန့်စား စရာမလိုတော့ဘူးပေါ့”ဟု မူဆယ် နမ့်ခန်း ကုန်သည်ကြီးများ အသင်းအတွင်းရေးမှုး ဥင်္ိးထွန်းဦး ကဆိုသည်။

ဈေးနှုန်းနဲ့ငွေပေးချေမှု အပိုင်းမှာလည်း နယ်စပ်ကနေရောင်းချတာက ပင်လယ်ရေကြောင်းထက် ပိုမိုစွန့်စား ရတဲ့ အခြေ အနေဖြစ်ပါတယ်။ တရုတ်နိုင်ငံ အတွင်းမှာ အရောင်းအ၀ယ်ပြုလုပ်ကြတာဖြစ်တာကြောင့် တရုတ် ဘဏ်တွေမှာ မြန်မာ ကုန်သည်တွေ ကဘဏ် စာရင်းဖွင့်လှစ်ထားကြရပြီး ငွေပေးချေမှုကို တရုတ်ဘဏ်ကနေဘဲ အများဆုံး ဆောင်ရွက်ကြ ရပါတယ်။ ဒါကြောင့်မို့ ရံဖန်ရံခါ ဆိုသလို တရုတ်အစိုးရရဲ့ငွေကြေးပေါ်လစီနဲ့တရားမ၀င် ထိန်းချုပ်မှုတွေ ကြားမှာမြန်မာ ကုန်သည်တွေရဲ့ငွေကြေး အများအပြား ဆုံးရှုံး မှုတွေလည်း ရှိနေပါတယ်။

ဈေးနှုန်းအပိုင်းမှာလည်း ပင်လယ်ရေကြောင်း တင်ပို့မှုတွေက တင်ဒါစနစ်ကို အများဆုံးသုံးကြပြီး အောင်မြင်ခဲ့တဲ့အရည်အသွေး နဲ့ဈေးနှုန်း အတိုင်းသာပေးချေကြတာဖြစ်လို့ တိကျသေချာမှုရှိစေပါတယ်။ တရုတ်နိုင်ငံကို နယ်စပ်ကရောင်းချတဲ့နေရာမှာတော့ တရုတ်နိုင်ငံရဲ့ ဆန်ဈေးကွက် အနေအထားကို လိုက်ပြီး ပြည်တွင်း ကုန်သည်တွေကို ဈေးပေး ၀ယ်ယူကြတာဖြစ်ပါတယ်။ ၀ယ်လိုအား မြင့်မားနေချိန် မှာဈေးနှုန်းတစ်ခု သတ်မှတ် ထားပေမယ့်လည်း ပြည်တွင်း ကတင်ပို့မှုပမာဏ များပြားနေချိန် မှာတော့ ဆန်ဈေးက တစ်တန်ကို ဒေါ်လာ(၁၇၀)၀န်းကျင်ကနေ (၁၀၀)၀န်းကျင်အထိ ကျဆင်း သွားတတ်ပါတယ်။ ဒါဟာ ပုံသေတိကျတဲ့ ဈေးနှုန်း သတ်မှတ် ချက် မရှိဘဲတရားမ၀င်သွားရောက်ရောင်းချနေရတာ ကြောင့်ဖြစ်ပါတယ်။

“တရုတ်နိုင်ငံကို အဓိက တင်ပို့နေရတဲ့ ဆန်ဈေးကွက်ကို ပြောင်းလဲနိုင်ဖို့အတွက် စီစဉ်နေပါတယ်၊အခုဆိုရင် ပင်လယ်ရေကြောင်း တင်ပို့မှုကဏ္ဍကို ဦးစားပေးဆောင်ရွက်နေပါတယ်။တရုတ်ကုန်သည်တွေကလည်း အခွန် မဆောင်ဘဲလယ်ယာထွက်ကုန်တွေကို တင်သွင်းချင်တဲ့အခါကျတော့ နယ်စပ်ကိုဘဲသုံးကြပါတယ်၊ပြည်တွင်း ကုန်သည်တွေ ဖက်ကကျတော့လည်း အရည်အသွေးနဲ့စံသတ်မှတ်ချက်ကန့်သတ်ချက်ရှိနေတော့ နယ်စပ်က နေရောင်းရတာပေါ့၊နစ်နာမှုတွေရှိနေတယ်ဆိုပေမယ့်လည်း ပယ်လယ်ရေကြောင်းတင်ပို့မှုကိုမသွားနိုင်သေးခင် နယ်စပ်ကနေဘဲ ရောင်းချနေရမှာပါ”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက် အတွင်းဝန်ဦးခင်မောင်လွင် ပြောပါတယ်။

“ဈေးကွက်ကြီးတဲ့ တရုတ်နိုင်ငံ”

တရုတ် အစိုးရရဲ့ ၂၀၁၆ခုနှစ်ဖေဖော်ဝါရီလမှာထုတ်ပြန်ချက်အရ ပြည်ပ သွင်းကုန်မူဝါဒတွေကိုလည်း စတင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့ ပါတယ်။ အရင်နှစ်တွေကလို ဈေးသက်သာတဲ့ ပြည်ပ သွင်းကုန်တွေ အစား အရည်အသွေးနဲ့ အာမခံချက်ရှိတဲ့ ပစ္စည်းတွေကိုသာ တင်သွင်း ခွင့်ပြုတဲ့ အခြေအနေမျိုးဖြစ်လာပါတယ်။ တရုတ်အစိုးရက အရည်အသွေးမမီတဲ့ ထုတ်ကုန်တွေ တင်ပို့မှုကို တင်းကြပ် စွာတားမြစ်လာပြီး ပြည်တွင်း ဆန်တင်ပို့မှုဟာ တရားဝင်ရောင်းဝယ်မှု လမ်းကြောင်း ထက် တရားမ၀င်ရောင်းချရတဲ့ဖက်ကို ပိုမိုရောက် ရှိလာနေပါတယ်။

တရုတ်နိုင်ငံက စီးပွားရေး တိုးတက်လာတာနဲ့အမျှ လူဦးရေအနည်းဆုံး(၂)သန်းရှိသော မြို့အရေအတွက် က(၂၀၁၄)ခုနှစ် မှာ(၄၂)မြို့ အထိရှိနေပြီး အဲဒီ မြို့တွေမှာနေထိုင်သူ လူလတ်တန်းစား အရေအတွက် စုစုပေါင်းက (၃၃)သန်းအထိ ရှိနေပြီး(၂၀၂၀)ပြည့်နှစ် အရောက်မှာတော့ (၆၂)သန်းအထိရှိလာမယ်လို့ ခန့်မှန်းထားကြပါ တယ်။

မူဆယ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်က လူဦးရေ(၄၃)သန်းလောက်ရှိနေပြီး လယ်ယာ ထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ပြောင်း၊ သကြားနဲ့သီးနှံတွေ အတွက်ဝယ်လိုအား အများအပြား ရှိနေပေမယ့်လည်း တရုတ်အစိုးရ ရဲ့အရည် အသွေး ထိန်းချုပ် မှုတွေကြောင့် ပြည်တွင်း ကုန်သည်တွေအနေ နဲ့တရားမ၀င် သွားရောက် ရောင်းချနေရတဲ့ အခြေ အနေဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေ နဲ့သူတို့ ချမှတ်ထားတဲ့ အရည်အသွေး နဲ့စံချိန်စံညွှန်း သတ်မှတ်ချက်တွေ ပြည့်မီပြီး ထောက်ခံချက် လက်မှတ် တွေပြည့်စုံမှသာ တရားဝင်ရောင်းချခွင့်ပေးတဲ့ အတွက် ကုန်သည် အများစုက အလွယ်တကူ တင်ပို့ရောင်းချနိုင်တဲ့နယ်စပ် ကိုဘဲ အားကိုးနေ ရတာဖြစ်ပါတယ်။

ဆန်အပြင် တရုတ်နိုင်ငံကို အဓိကတင်ပို့နေသည့် ပို့ကုန်အမျိုးအစား များအလိုက် ထပ်မံ ခွဲခြားကြည့်ရာမှာ နှစ်နိုင်ငံ သဘော တူညီမှုဖြင့် တင်ပို့ရောင်းချနေသည့်ရေနံနှင့် သဘာဝဓါတ်ငွေ့ကျောက်စိမ်း စသည့်တွင်းထွက်ပစ္စည်း များပြီးပါက လယ်ယာ စိုက် ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန် များဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အစိုးရချင်း သဘောတူညီမှုဖြင့် တင်ပို့ရောင်းချနေသည့် သဘာဝ တွင်းထွက် သယံဇာတများက တရားဝင်ရောင်းချနိုင်သော်လည်း လယ်ယာ စိုက်ပျိုးရေးနှင့်မွေးမြူရေုး ထုတ်ကုန်များကိုမူ တရား မ၀င်ရောင်းချနေရတာဖြစ်ပါတယ်။ပြည်တွင်းမှာ တရားဝင် တင်ပို့ခဲ့သော်လည်း တရုတ်နိုင်ငံ အတွင်းရောက်ရှိပါက တရုတ် အစိုးရ၏ အခါအားလျော်စွာ ထုတ်ပြန်သည့် ညွှန်ကြားချက်အမိန့်များ အတိုင်း ရောင်းချနေရတာဖြစ်ပါတယ်။

“တရုတ် အစိုးရကဘယ်လိုဖြစ်နေလဲ ဆိုတော့ သူတို့လိုရင် မသိချင်ယောင်ဆောင်ပေးထားတယ်၊ သူတို့မလိုရင် တရားမ၀င်ဆိုပြီး ဖမ်းတော့ တာဘဲ ၊တစ်ဖက်ကုန်သည်တွေ နဲ့အရောင်းအ၀ယ် လုပ်တဲ့နေရာမှာလဲမြန်မာကုန်သည် တွေကကုန်တွေရောင်းပြီးမှ ဟိုဖက် ကငွေပေးတာ၊ တရုတ်ဖက်က ဖမ်းပြီဆိုဒီဖက်က မြန်မာကုန်သည် တွေရဲ့ ငွေဆုံးပြီ၊ မရောင်းဘဲ ထားလို့က လည်းမရဘူး ၊ရောင်းစရာ ကသူတို့ဘဲရှိတယ်”လို့မူဆယ်နန့်ခမ်း ကုန်သည်ကြီးများ အသင်းအတွင်းရေးမှုးဦးထွန်းဦးကပြောပါတယ်။

“ဆန်ဈေးကွက် တရုတ်ကို အမှီပြုနေရတယ်”

“ကုန်သည်တွေက ဒီဖက်မှာအခွန်တွေဆောင်ပြီး တရားဝင်တင်ပို့ပေမယ့် နယ်စပ်ကနေတရုတ်နိုင်ငံထဲရောက် သွားတာနဲ့ တရား မ၀င်ရောင်းကြရတယ်၊ ကိုယ့်ဖက်က အများကြီးနစ်နာတာတွေ ဆုံးရှုံးတာတွေကို သိနေရက်နဲ့ စွန့်စားနေကြရတယ်၊ ဘာလို့လဲ ဆိုဈေးကွက် မရှိလို့ ၊ဈေးဆိုရင် လဲပယ်လယ်ရေကြောင်း ကနေတရားဝင် တင်ဒါစနစ်တွေနဲ့ ပို့တာလောက်မရဘူး ၊အနှိမ်ခံရတယ် ၊ငွေပေးချေ မှုမှာလဲ တရုတ်ဘဏ်တွေ မှာအကောင့်ဖွင့်ထားရတာဖြစ် လို့သူတို့ပေးမှ ရတဲ့သဘော၊ နစ်နာတာတွေ အများကြီး ကြားထဲကနေ ဈေးကွက် မရှိတော့ စွန့်စားနေကြရတာဘဲ၊ တရားဝင် တင်ပို့နိုင်ဖို့ကလည်း အရည်အသွေး သတ်မှတ်ချက်တွေ တရုတ်က အများကြီး ရှိနေတော့ ဒီတရားမ၀င် စွန့်စားနေရတာကဘဲ အလေ့အထကြီးလိုဖြစ်နေတယ်၊ပြောင်းလဲနိုင်ဖို့တော့ကြိုးစားရမှာဘဲ”လို့ မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဦးအောင်သန်းဦးကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ဆန်တင်ပို့်မှုပုံစံတွေက ၂၀၁၀ပြည့်နှစ်နောက်ပိုင်း ကစပြီးပယ်လယ်ရေကြောင်းတင်ပို့မှုက တိုးတက်လာခြင်းမရှိပေမယ့် နယ်စပ် တင်ပို့မှုကတော့ ၇ဆ နီးပါး တိုးတက်လာတာကို စီးပွား ကူးသန်းဝန်ကြီးဌာန ရဲ့ ကိန်းဂဏန်းတွေ အရတွေ့ရပါတယ် ။(၅)နှစ် အတွင်းမြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုကိန်းဂဏ္ဍန်းတွေ ကိုလေ့လာကြည့်ရာတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုနှင့် နယ်စပ် ကုန်သွယ်မှုများတွင် ပယ်လယ်ရေကြောင်းကုန်သွယ်မှုထက် နယ်စပ်ကုန်သွယ်မှု ပမာဏက နှစ်ဆ ခန့်နှစ်စဉ် ပိုများနေခဲ့တာ ကိုတွေ့ရပါတယ်။

ပုံ(၂)-trade2

၂၀၁၀ ခုနှစ်ဝန်းကျင်က နယ်စပ်ကနေ ဆန်တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာသန်း (၅၀)၀န်းကျင်ပဲ ရှိခဲ့ပေမယ့်၂၀၁၆-၂၀၁၇ခုနှစ် မှာတော့ ကန်ဒေါ်လာသန်း(၄၀၀) ၀န်းကျင် အထိ တိုးလာခဲ့ပါတယ်။ ဒါကြောင့် ပင်လယ်ရေကြောင်း ကနေတင်ပို့တဲ့ နိုင်ငံ သစ်တွေဖြစ်တဲ့ အီးယူနဲ့ အာရှ ဥရောပနိုင်ငံတွေထက် အိမ်နီးချင်းနိုင်ငံတွေ ကိုသာ အားကိုးနေရဆဲ ဆိုတဲ့အခြေအနေ ကိုပေါ်လွင်နေ ပါတယ်။ နယ်စပ် တင်ပို့မှု အပိုင်းမှာလည်း အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွေ ထက် တရုတ်နိုင်ငံကိုသာ အားထားတင်ပို့နေရ ပြီး မြန်မာနိုင်ငံ အနေနဲ့ လယ်ယာထွက်ကုန် တင်ပို့မှုမှာ ဆန်တင်ပို့မှုက ပမာဏ အများဆုံးဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်မှုမှာ အိမ်နီးချင်း(၅)နိုင်ငံရှိပြီး နယ်စပ်ကုန်သွယ်ရေးစခန်း (၁၆)ခု အထိဖွင့်လှစ် ကုန်သွယ်လျှက်ရှိနေပါတယ်၊နယ်စပ် ကုန်သွယ်ရေး စခန်း(၁၆)ခုအနက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်လျှက် ရှိနေသည့် ကုန်သွယ်ရေး စခန်းတွေ ရဲ့ကုန်သွယ်မှု ပမာဏ စုစုပေါင်းကနယ်စပ်ကုန်သွယ်မှုပမာဏအားလုံးရဲ့(၈၄)ရာခိုင်နှုန်းအထိရှိနေကိုတွေ့ရပါတယ်။ပုံ(၁)-

“တရားဝင်ဈေးကွက်ဖြစ်ချင်ပါတယ်”

လယ်ယာထွက်ကုန်ပြည်ပတင်ပို့မှုအပိုင်းမှာ ထိပ်ဆုံးကရှိနေတဲ့ဆန်တွေကို တရားဝင် မျက်နှာပန်း လှလှဈေးကွက်ချဲ့ထွင်နိုင်စေဖို့ နည်းစနစ်တကျ စိုက်ပျိုးထုတ်လုပ်ပြီး အရည်အသွေးပြည့်မှီဖို့ အထူးလိုအပ်နေ ပါတယ်။ အစိုးရအပိုင်း ကလည်း တရားမ၀င် သွားရောက်ရောင်းချနေရတဲ့ အခြေအနေကို တဖြည်းဖြည်းလျှော့ချ နိုင်စေဖို့ ဈေးကွက်သစ်နိုင်ငံတွေနဲ့ ဆက်တိုက် ချိတ်ဆက်နေ ရမှာဖြစ်ပြီး သဘောတူညီ စာချုပ်တွေ ကိုလည်း တိတိကျကျ ချုပ်ဆိုပေးနိုင်ဖို့လိုအပ်ပါတယ်။ပြည်တွင်းကဆန်တွေကို ပြည်ပ တင်ပို့ တဲ့နေရာမှာ အဓိကကျတဲ့ နောက်ထပ်ပြသနာတစ်ခုကတော့ သယ်ယူပို့ဆောင် စာရိတ်မြင့်မား လွန်းနေတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ် က၂၀၁၆ခုနှစ်တွင်ထုတ်ပြန်တဲ့doing business in Myanmar ထုတ်ပြန်ချက်အရ စိုက်ပျိုးသူတောင်သူ တွေဆီကနေ ပွဲရုံမှတဆင့် ဆိပ်ကမ်းဆီကို သယ်ယူရတဲ့စာရိတ်က ရန်ကုန်ဆိပ်ကမ်းကနေ စင်ကပူဆိပ်ကမ်းကို တင်ပို့စာရိတ်ထက် ပိုမိုကြီးမြင့်နေတဲ့ အခြေအနေ တစ်ခုကို လည်း အမြန်ဆုံးပြောင်းလဲပစ်ဖို့လိုအပ်နေပါတယ်။

ဆန်တင်ပို့ရောင်းချမှု အပိုင်းတွင် တရားဝင်ဈေးကွက်သစ်နိုင်ငံ များနဲ့ MOU စာချုပ်တွေ ချုပ်ဆို တင်ပို့နိုင်ခဲ့မယ် ဆိုရင် ကုန်သည်တွေ အတွက်ရော၊ စိုက်ပျိုးသူတောင်သူတွေအတွက်ပါ ထိရောက် အကျိုးရှိစေမှာဖြစ်ပြီး၊ လတ်တလောမှာ မရေရာ မသေချာတဲ့ နယ်စပ်ဈေးကွက် ကို မှီခိုမှုအခြေအနေကို လဲလျှော့ချသွားနိုင်မှာဖြစ်တယ်လို့ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဌ ဦးအောင်သန်းဦး ကဆိုပါတယ်။ တကယ်လို့အခုလိုဘဲ တရားမ၀င် တင်ပို့ပြီး ရောင်းချနေရတဲ့ အခြေအနေကိုဘဲ ဆက်လက် အားထားနေရအုံးမယ် ဆိုရင်တော့ စိုက်ပျိုးတောင်သူတွေနဲ့ ကုန်သည်တွေ အတွက် တစ်ဖက်နိုင်ငံရဲ့ ပေါ်လစီနဲ့ မူဝါဒ အပေါ် အရိပ် တကြည့် ကြည့်ရောင်းချနေရ အုံးမှာဖြစ် ကြောင်း ဆန်စပါးကုန်သည်များအသင်းက သုံးသပ်ထားပါတယ်။ တရုတ်ပြည်ကို ပို့မယ်ဆိုရင် မြန်မာနိုင်ငံ ထုတ်ကုန် တွေအနေနဲ့ GAP, GMP,GSP စတဲ့လက်မှတ် များအပြင် အာဆီယံဒေသတွင်း အသိအမှတ် ပြု ထုတ်ကုန် များအဖြစ် အရည်အသွေးတိုး မြှင့် ထုတ်လုပ်နိုင်စေရန် ပံပိုးကူညီမှုများစွာ လိုအပ်နေပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ မြန်မာ့ ဆန်တင်ပို့မှုက တရားမဝင် လမ်းကြောင်းနဲ့ သူတို့ပေးတဲ့ဈေးနဲ့ပဲ တင်းတိမ်နေရမှာဖြစ်ပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*