မန္တလေးမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူသွားနိုင်ရန် ကြိုးပမ်းမည် ဟု ဦးသောဘိတ မိန့်

မန္တလေးမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူသွားနိုင်ရန် ကြိုးပမ်းမည် ဟု ဦးသောဘိတ မိန့်
August 18, 2017 Asian Fame

10:03 am
မန္တလေးမှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ကျောက်စာတိုင် စိုက်ထူသွားနိုင်ရန် ကြိုးပမ်းမည် ဟု ဦးသောဘိတ မိန့်

SWY(မန္တလေး ၊သြဂုတ် ၁၈)

ဒီနှစ် ကျင်းပပြုလုပ်မယ့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အစီအစဉ်မှာ အထိမ်းအမှတ် ကျောက်စာတိုင် တစ်ခုပါ စိုက်ထူ သွားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ် လို့ မန္တလေးမြို့က ရွှေဝါရောင် သံဃာတော်များ ကွန်ရက် (အထက်မြန်မာပြည်) တာဝန်ရှိ ဆရာတော်တွေ ဆီကသိရပါတယ်။

“၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ အမှတ်တရ ကျောက်စာတိုင် တစ်ခုစိုက်ထူသွားဖို့ ဦးဇင်းတို့က ကြိုးပမ်းသွားချင်တယ်၊ ဒေသ အစိုးရ အဖွဲ့ထံတင်ပြ သွားဖို့ရှိတယ်၊ ဦးဇင်း ကိုယ်တိုင် တင်ပြသွားမှာပါ” လို့ ရွှေဝါရောင် သံဃာတော်များ ကွန်ရက် (အထက်မြန်မာပြည်) ပြန်ကြားရေး တာဝန်ခံ ဆရာတော် ဦးသောဘိတ (ဘ၀အလင်းဆရာတော် မဟာဂန္ဓာရုံကျောင်းတိုက်)ကမိန့်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာလ ကဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီ အရေးအတွက် သံဃာတော်တွေ ရဲ့လှုပ်ရှားမှုမှာ သံဃာတော် တွေသွေးမြေ ကျခဲ့ရတာ နဲ့ပတ်သက်ပြီး ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေကို နောက်တစ်နှစ် ကစလို့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားတွေ အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေဝါရောင် သံဃာတော်တွေ ဦးဆောင်မှုနဲ့ ကျင်းပ လာခဲ့ကြတာ ဟာ ဒီနှစ် ဆိုရင် ၁၀ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

နှစ်စဉ် ကျင်းပ လာခဲ့ကြပေမယ့် လည်း ရန်ကုန် နဲ့မန္တလေး ကျင်းပရက် မတူဘဲ ရန်ကုန်မှာက စက်တင်ဘာ ၁၈ ရက်၊ မန္တလေးမှာက စက်တင်ဘာ ၂၆ ရက် ရက်မတူဘဲ ကျင်းပ လာခဲ့ကြတာပါ။

၁၀ နှစ်ပြည့် အခမ်းအနား ကိုတော့ အရင်နှစ်တွေကလို မဟုတ်ဘဲ ရန်ကုန်နဲ့ မန္တလေး တစ်ရက်ထဲ ကျင်းပပြုလုပ်သွားဖို့ စီစဉ်နိုင် ခဲ့ကြတယ် လို့ သြဂုတ် ၁၇ ရက်က မန္တလေး ချမ်းအေးသာစံ မြို့နယ် ကန်ကောက် ရပ်ကွက် ၀ါခင်းကုန်း ဣစ္ဆာသယ ကျောင်း တိုက် မှာပြုလုပ်တဲ့ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးအရသိရပါတယ်။

“ဦးဇင်းတို့က ဒီနှစ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲကစပြီး တစ်ရက်ထဲဖြစ်သွားအောင် ရက်ညှိလိုက်တယ်၊ ရန်ကုန်ရော မန္တလေးရောက ရွှေဝါရောင် သံဃာတော်တွေ ဆွေးနွေးမှုနဲ့ သူတို့ကလည်း သူတို့လုပ်တဲ့ ၁၈ ရက် ကိုစွန့်လိုက်ပြီး ဦးဇင်းတို့ကလည်း ဦးဇင်း တို့ ရက်ကို စွန့်လိုက်တယ်၊ ဒီလိုနဲ့ပဲ ရက်သတ်မှတ် ကျတော့ နောက်ဆုံးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဦးဇင်းတို့ သတ်မှတ်လိုက်တယ်” လို့ ရွှေဝါရောင် သံဃာတော်များ ကွန်ရက် (အထက်မြန်မာပြည်) တွဲဖက်အတွင်းရေးမှူး ဆရာတော် ဦးအာစရ (မြတောင်ကျောင်းတိုက်) ကမိန့်ပါတယ်။

၁၀ နှစ်ပြည့် အစီအစဉ်မှာ ကျောက်စာတိုင် စိုက်ထူနိုင်ဖို့ နဲ့ ကြီးကျယ် ခမ်းနားတဲ့ အခမ်းအနား အဖြစ် ကျင်းပသွားနိုင်ဖို့ အဘက်ဘက် က ၀ိုင်းဝန်းကူညီ ပေးမယ့်သူတွေ လိုအပ်နေပြီး တာဝန်ရှိသူတွေ ဘက်ကတော့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် သပိတ် အားမှောက်လျက် ကိုင်ဆောင်ထားတဲ့ သံဃာ တော်ပုံစံတူ ပလတ်စတစ် ပုံစံငယ် ပြုလုပ်ရောင်းချပြီး ရန်ပုံငွေ ရှာဖွေသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

မန္တလေးမြို့မှာ ကျင်းပမယ့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်မှာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါ တယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*