ရမ်းတုပ် မှန်းတုပ် ခုတုံးအလုပ် မလုပ်သင့်ပေ တို့မိတ်ဆွေ

ရမ်းတုပ် မှန်းတုပ် ခုတုံးအလုပ် မလုပ်သင့်ပေ တို့မိတ်ဆွေ
December 7, 2016 Asian Fame

4:32 am
ရမ်းတုပ် မှန်းတုပ် ခုတုံးအလုပ် မလုပ်သင့်ပေ တို့မိတ်ဆွေ

narjip

ယခု ရက်သတ္တပတ်အတွင်းဝယ် မည်သည့်စာမျက်နှာကို ကြည့်ကြည့်၊ မည်သည့် လူမှုကွန်ရက်ကိုပဲ နားစွင့်စွင့် ဝေဖန်သံတို့ ဆူညံနေသည့် အကြောင်းအရာကား ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီအရေးကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၄ ရက် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် တွင်ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲဝယ် မြန်မာနိုင်ငံအပေါ် ပြင်းထန်သော စွပ်စွဲချက်များနှင့်အတူ မိန့်ခွန်းတက်ရောက် ပြောကြားခဲ့သည့် မလေးရှားဝန်ကြီးချုပ် မစ္စတာနာဂျစ်ရာဇတ်အကြောင်းပင် ဖြစ်နေတော့သည်။

ဒီဇင်ဘာ ၄ ရက်နေ့က ဖြစ်ရပ်တွင် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က မခိုင်လုံ မသေချာသည့် သတင်းအကိုးအကားများ သက်သေမပြနိုင်သည့်အကြောင်း အရင်းများကိုအခြေခံကာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီများကို လူ့အခွင့်အရေးချိုးဖောက်နေသည်ဟု ပြောဆိုခဲ့သည်။ မလေးရှားဝန်ကြီးချုပ်၏ ပြောဆိုမှုအပေါ် ရွေးကောက်ပွဲ နီးကပ်လာသည့်ကာလ၌ မလေးရှားပြည်တွင်း နိုင်ငံရေးအကျိုးအမြတ်အတွက် မြန်မာနိုင်ငံကို အသုံးချလိုက် ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုနေမှုများ ရှိသော်ငြား မလေးရှားရင်းဂစ် ၂ ဒသမ ၆၇ ဘီလျံ (အမေရိကန်ဒေါ်လာ သန်း ၆ဝဝခန့်) ကိုယ်ပိုင်ငွေစာရင်းထဲသို့ ရောက် ရှိနေမှုအတွက် လတ်တလောတွင် စုံစမ်းစစ်ဆေးမှု ခံယူနေရကာ လာဘ်စားမှုဖြင့် ဝေဖန်ပြစ်တင်ခံနေရသည့် မလေးရှားဝန်ကြီးချုပ်မှာမူ ဒီဇင်ဘာလ ၄ ရက်နေ့ ဆန္ဒ ထုတ်ဖော်ပွဲတွင် ဘင်္ဂါလီနှင့် မြန်မာနိုင်ငံကို အသုံးချ၍ရွေးကောက်ပွဲအတွက် ပရိသတ် အတော်များများ၏ ထောက်ခံမှုကို ရရှိခဲ့သည်ဟု ဆိုသော်ရ၏။

မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံ နည်းတူ အာဆီယံအသိုက်အဝန်းနိုင်ငံတစ်ခုဖြစ်သည်။ ယင်းအတွက် အာဆီယံအသိုက်အဝန်း၏ အဓိကအသက်သွေးကြော ဖြစ်သော အာဆီယံပဋိညာဉ် (ASEAN Charter) ကို မြန်မာနည်းတူ လက်မှတ်ရေးထိုးထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းပဋိညာဉ်တွင် အာဆီယံနိုင်ငံအချင်း ချင်း နိုင်ငံရေးအရ ဖိအားပေးခြင်းမပြုလုပ်ရေးနှင့်၊ အချုပ်အခြာအာဏာ၊ အမျိုးသားရေးလက္ခဏာ၊ နယ်မြေပိုင်ဆိုင်မှု၊ နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း စသည့်အချက်များပါဝင်ရာ ယခု မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ ဆောင်ရွက်ချက်သည် အာဆီယံပဋိညာဉ် အပိုဒ် (၂) တွင်ဖော်ပြထားသည့် အခြေခံသဘောတရားများ အခန်းပါအချက်တို့ကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်လိုက်ခြင်းနှင့် တူနေသည်။ယင်းကြောင့် အာဆီယံနိုင်ငံတစ်ခုဖြစ်သည့် မလေးရှားအနေဖြင့်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ မိမိတို့သဘောတူလက်ခံထားသည့် ပဋိ ညာဉ်စာတမ်းပါအချက်တို့ကို လေးစားလိုက်နာရန် လိုအပ်ပေသည်။ ထို့ပြင် ယခု စွပ်စွဲချက်မှာလည်း တိကျသေချာသည့်သက်သေသာဓကမပြနိုင်သည့် အင်တာ
နက်သတင်းများ အရင်းခံအကြောင်းအရင်း သတင်းအချက်အလက်များပေါ်တွင်သာအခြေခံနေသည့်အတွက် ယင်းမှာ အာဆီယံနိုင်ငံတွင်း တည်ဆောက်နေသည့် ချစ်ကြည်ရင်းနှီးမှုကို များစွာထိခိုက်သွား နိုင်ပေသည်။ ထို့အပြင် အစွန်းရောက်အ ကြမ်းဖက်မှုကို အားပေးအားမြှောက်ပြုရာ ရောက်နေသလို မြန်မာနိုင်ငံအတွင်း ဥပဒေ နှင့်အညီ မှီတင်းနေထိုင်လျက်ရှိကြသည့် မိတ်ဆွေ အစ္စလာမ် ဘာသာဝင်များကို လည်း အခက်တွေ့စေပါသည်။ ဘာသာရေး၊ လူမျိုးရေးအခြေခံ ပဋိပက္ခများကို ခုတုံးလုပ်ကာ ဆူပူလိုသူများကိုလည်း အားပေးသည့် သဘောဆောင်နေပြန်ပါသည်။

ထိုသို့သော သဘောများဆောင်နေသည့် မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ် ၏ လုပ်ရပ်အပေါ်တွင် မလေးရှားဝန်ကြီး ချုပ်ဟောင်း မဟာသီယာမိုဟာမက်ကလည်း ‘မြန်မာနိုင်ငံရှိ ဘင်္ဂါလီလူမျိုးပြဿနာများ ပြေလည်စေရန် သံတမန်နည်းလမ်းအရ ဖြေရှင်းပေးနိုင်သည့် လုပ်ပိုင်ခွင့်အခွင့်အာ ဏာ ဝန်ကြီးချုပ်နာဂျစ်ရာဇတ်ထံတွင် ရှိ နေပါလျက် အဘယ့်ကြောင့် ဆန္ဒထုတ်ဖော် မှုလုပ်ရပ်ကို လုပ်ခဲ့ပါသနည်း’ ဟု ဝေဖန်မေးခွန်းထုတ်ခဲ့ပါသေးသည်။ ယင်းနှင့်ပတ် သက်၍လည်း နိုင်ငံတော်သမ္မတရုံး ပြော ခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ”မလေးရှားဝန်ကြီးချုပ်၏ဆောင်ရွက်မှု အာဆီယံပဋိ ညာဉ်ကို ချိုးဖောက်ရာရောက်ကြောင်း” ဖြေကြားထားပြီးဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် Channal News Asia သတင်းဌာနနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ မေးမြန်းခန်းတွင် ဘင်္ဂါ လီအရေးကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ”နိုင်ငံတကာ အသိုင်းအဝိုင်းက ကျွန်မတို့အပေါ် ဒီထက်ပိုပြီး နားလည်မှုပေးမယ်ဆိုရင်တော့ အများကြီးအ ထောက်အကူဖြစ်မှာပါ။ ဒီကိစ္စဟာ ဘယ်လောက် စိန်ခေါ်မှုကြီးမားတယ်၊ ဘယ်လောက် ထိလွယ်ရှလွယ်တယ်ဆိုတာ အသိအမှတ်ပြုပြီးတော့ပေါ့။ ဘာလို့လဲဆို တော့ ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေချည်းဘဲ ကြောက်လန့် စိတ်ပူနေရတာမဟုတ်ပါဘူး။ ရခိုင်တွေလည်း ပူပန်နေကြတာပါပဲ။ ရခိုင်လူဦးရေဟာ ရာခိုင်နှုန်း အားဖြင့် တဖြည်းဖြည်းကျုံ့လာနေတဲ့ အချက်ကို ရခိုင်လူမျိုးတွေက စိတ်ပူနေကြပါတယ်။ (ရခိုင်နဲ့ မွတ်ဆလင်) အသိုင်းအဝိုင်း နှစ်ခုဆက်ဆံရေး မကောင်းခဲ့တဲ့အချက်ကိုတော့ ကျွန်မတို့ လျစ်လျူရှုထားလို့ မရဘူးပေါ့လေ။ ကျွန်မတို့အနေနဲ့ ဒီဆက်ဆံရေး ပိုကောင်းအောင် ကြိုးစားပေးချင်ပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၉ ရက်နေ့က ရဲစခန်းတွေတိုက်ခိုက်ခံထားရတာရှိနေရဲ့သားနဲ့တောင်မှ လူတိုင်းက (နိုင်ငံတကာအသိုင်းအဝိုင်းက) အခြေအ နေရဲ့မကောင်းတဲ့ဘက်ကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ ကူညီရာမရောက်ပါဘူး။ ကျွန်မတို့အနေနဲ့ အခြေအနေကို ငြိမ်သွားအောင် ထိန်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းရာမှာ ကျွန်မတို့ကို ကူညီမယ်ဆိုရင်၊ ပြီးတော့ ဒီ(ရခိုင်နဲ့ မွတ်ဆလင်) အသိုင်းအ ဝိုင်းနှစ်ခုကြား ဆက်ဆံရေး ပိုကောင်းလာအောင်လုပ်ရာမှာ ကျွန်မတို့ကို ကူညီမယ်ဆိုရင် ကျွန်မသိပ်ကို ကျေးဇူးတင်မိမှာပါ။ မကျေနပ်မှုတွေ ထပ်ပြီးကြီးမားလာအောင် မီးလောင်ရာလေပင့် အမြဲတစေ တောင်းဆိုနေကြမယ့်အစားပေါ့လေ” ဟု သူမ၏ သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့ပါသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံတော်သို့ နှုတ်ဆက်ချစ်ကြည်ရေးခရီးလာရောက်သည့် မလေးရှား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Tan Sri Dato] Sri (Dr.) Haji Zulkifeli Bin Mohd Zain အား နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ရခိုင်ပြည်နယ် ရှိ ဘင်္ဂါလီအရေးကိစ္စများသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာ၌ ယင်းဒေသ ရှိ ဘင်္ဂါလီများအနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မိမိနိုင်ငံ၏ လုံခြုံရေးအဖွဲ့အစည်းများအနေဖြင့် ဥပ ဒေမဲ့လူသတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ မရှိ ကြောင်းနှင့် အဖွဲ့အစည်းများနှင့်လည်း စုံစမ်းစစ်ဆေးမှုများ ပူးပေါင်းလုပ်ဆောင် နေကြောင်း၊ အကယ်၍ ဥပဒေချိုးဖောက်မှု ရှိပါကလည်း အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ဘင်္ဂါလီအရေးကိစ္စများနှင့်ပတ်သက်၍ မိမိလုံခြုံရေး အဖွဲ့အစည်းများအနေ ဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အင်အားသုံး ဖိအားပေးတိုက်ခိုက်မှုမရှိသည့်
အခြေအနေမှန်များ၊ ယင်းဒေသတွင် ပြည်တွင်း၊ ပြည်ပမီဒီယာများလည်း ရှိနေခြင်းကြောင့် မဟုတ်မမှန်ပြောဆို၍ မရနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသေး သည်။

ထို့ပြင် ယခုဆိုလျှင်လည်း ရခိုင်ပြည် နယ်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန် တာဝန်ပေးခဲ့သည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် သည်လည်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်အဖြစ် လာရောက်ခဲ့ပြီးဖြစ်ကာ မကြာမီတွင်ပင် အစီရင်ခံစာ ထွက်ပေါ်လာတော့ မည်ဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် မှန်ကန်တိ ကျမှုမရှိသည့် သတင်းရင်းမြစ်များပေါ်တွင် အခြေခံ နိုင်ငံရေးအရ အမြတ်ထုတ် ခုတုံးလုပ်ခဲ့သည့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ လုပ်ရပ်ကြောင့် လက်ရှိ သက်ရောက်မှုရှိသွားသည့် မလိုလားအပ်သော အကျိုးရလဒ်များ ပေါ်ပေါက်လာခဲ့ရသည်။ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာလူမျိုးနှင့် အလုပ်သမားများအတွက် သံရုံးမှ လုံခြုံရေးအတွက် သတိပေးကြေ ညာချက်ထုတ်ပြန်ရသည့် ကိစ္စ၊ မြန်မာ-မလေးရှား နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် သက်ရောက်မှု၊ မလေးရှားဝန်ကြီးချုပ် နာ ဂျစ်ရာဇတ်၏ ဆန္ဒပြပွဲအပေါ်တုံ့ပြန်ခဲ့သည့် ရန်ကုန်မြို့မှဆန္ဒထုတ်ဖော်ပွဲ၊ လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ဖြစ်ပေါ်လာသည့်တစ်ဖက်နှင့်တစ်ဖက် ပြစ်တင်တိုက်ခိုက်ဝေ ဖန်မှုများပင် ဖြစ်သည်ကို အားလုံး အသိပင်။ ထို့ကြောင့် အာဆီယံနိုင်ငံဖြစ်သော်လည်း အာဆီယံအသိုက်အဝန်း၏ ပဋိ ညာဉ်ကို မျက်ကွယ်ပြုကာ နိုင်ငံရေးအတွက် မြန်မာနိုင်ငံကို ခုတုံးလုပ်ခဲ့သည့် မလေး ရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ လုပ်ရပ်ကား အခြားတစ်ဖက်တွင် နိုင်ငံချင်း ရင်း နှီးချစ်ကြည်မှုအပါအဝင် မြန်မာနိုင်ငံ၏ ပုံရိပ်အပေါ်များစွာထိခိုက်သည့်အတွက် ဆက်လက်၍ နှစ်နိုင်ငံ သံတမန်နည်းလမ်းများအရသာ ဆောင်ရွက် သွားစေလို ကြောင်း ယခုတစ်ပတ် Popular Choice ကဏ္ဍမှ တိုက်တွန်းရေးသားလိုက်ရပါတော့သည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*