ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ
April 27, 2017 Asian Fame

2:14 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမည်ပါစေ

tys

စည်းကမ်းတကျ အမှိုက်မပစ်တတ်ဘူးလားဗျာ

ပြီးခဲ့တဲ့ နှစ်ဆန်း ၃ ရက်နေ့က ကျွန်တော် စစ်ကိုင်း မင်းကွန်းဘက်ကို ဘုရားဖူးထွက်ခဲ့ပါတယ်။ ဦးတည်တာကတော့ စစ်ကိုင်းတောင် ပေါ်က ဆွမ်းဦးပုညရှင်စေတီတော်ရယ်၊ မင်းကွန်းပုထိုးတော်ကြီးနဲ့ မင်းကွန်း ခေါင်းလောင်းကြီးတွေဆီပါ။ ဘုရားဖူးခဲ့ရတာ စိတ်ချမ်းသာ လိုက်တာဗျာ။ တည်ထားခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်တယ်။ ယခု ချိန်အထိ ထိန်းသိမ်းစောင့်ရှောက်နေသူတွေကိုလည်း ကျေးဇူးတင်နေမိ တယ်။ ဒါပေမယ့် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးယိုယွင်းအောင် လုပ်နေသူတွေကိုတော့ ကျေးဇူးတင်တဲ့အထဲ မထည့်သွင်းမိပါဘူးဗျာ။ မင်းကွန်းခေါင်းလောင်းတော်ကြီးဆီ သွားလေ့လာတော့ အပြင်ဘက်ပိုင်း မှာ အပြစ်ပြောစရာမရှိပေမယ့် ခေါင်းလောင်းအတွင်းပိုင်းမှာ ရေးထားတဲ့ စာသားတွေက ခေါင်းလောင်းတော်ကြီးရဲ့သမိုင်း၊ ခေါင်းလောင်း တော်ကြီးရဲ့ ရာဇဝင်၊ ခေါင်းလောင်းတော်ကြီးရဲ့ မူလအလှူရှင် စိတ်ကူး ပုံရိပ်တွေကို အကျည်းတန်စေခဲ့ပါတယ်။ ဘယ်တုန်းက ရောက်ခဲ့တဲ့ အမှတ်တရ၊ အချစ်နဲ့ကို တို့ရဲ့ အမှတ်တရ စတာတွေ ဗရပွပါပဲ။ ကဲ…ထားပါတော့လေ။ အခုပြောချင်တာက မင်းကွန်းပုထိုးတော်ကြီးရဲ့အကြောင်းပဲ။

ဟိုး အရင်တုန်းက မင်းကွန်းပုထိုးတော်ကြီးရဲ့ ထိပ်ဖျားအထိ ဘုရားဖူးသူတွေကို တက်ရောက်လေ့လာခွင့်ပေးသော်လည်းပဲ နောက်ပိုင်း ကြံ့ခိုင်မှုရဲ့ အနေအထားအရ တစ်ဝက်လောက်တက်ခွင့် ပေးထားပါတယ်။ အဲဒီ တစ်ဝက် လောက် တက်ခွင့်ပေးထားတဲ့နေရာမှာ အမှိုက်တွေဟာ မြင်မကောင်းပါဘူး။ စားပြီးသား ကျွတ်ကျွတ်အိတ်ခွံတွေ၊ အအေးဘူးခွံတွေ၊ နှာခေါင်းစည်းတွေ ဗရပွဖြစ်နေပါတယ်။ ဒါဟာ ပုထိုးတော်ကြီးရဲ့ အစိတ်အပိုင်းပါ။ တက်ကြတဲ့သူတွေကလည်း ဗုဒ္ဓဘာသာဝင်တွေ များပါတယ်။ ဒါနဲ့တောင်ဗျာ။ အမှိုက်တွေကို ပုထိုးတော်ကြီးပေါ် ပစ်ကြတယ်။ ကိုယ်စားသုံးတဲ့ဟာလေးတွေကို လက်နဲ့ကိုင် အမှိုက်ပုံးရှိတဲ့ နေရာမှာပစ် ဒီလိုလုပ်လို့ မရဘူးလားဗျာ။ ကျွန်တော်ရောက်လို့ လေ့လာခဲ့မိသမျှ ဒီအပေါ်ကို တက်ကြတဲ့သူတွေဟာ လူကြီးပိုင်းထက် လူငယ်ပိုင်းဟာ ပိုများပါတယ်။ လူငယ်တွေကို စည်းကမ်းရှိစေချင်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း ပုထိုးတော်ကြီးရဲ့ အနီးအနားမှာ အမှိုက်ပုံးတွေ ထားပေးလို့ ပုထိုးတော်ကြီး သန့်ရှင်းသပ်ရပ်ဖို့ ဝိုင်းဝန်းစောင့်ရှောက်နိုင်ရန်အလို့ငှာ ဒီကဏ္ဍကနေ ဒီစာရေးလိုက်ရပါတယ်။

ခရီးသွားတစ်ဦး

tys2

ရွှေပြည်သာ မြို့နယ်အုပ်ချုပ်ရေးမှူးခင်ဗျား

နိုင်ငံတော်မှ ‘လမ်းတံတားခွန်များ ကောက်ခံခြင်း မပြု တော့ပါ’ဟု ကြေညာထားသော ရွှေပြည်သာမြို့နယ်အဝင် ပုလဲလမ်း (ကျောက်လမ်း)တွင် လမ်းခွန်များ ပြန်ကောက်နေ ပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပြည်သူများ နားမလည် နိုင်ပါ၍ ရှင်းလင်း ဆောင်ရွက်ပေးပါရန် ငွေပေး ပြေစာဓာတ်ပုံနှင့် တကွ တင်ပြအပ်ပါသည်။

လေးစားစွာဖြင့်
အေးမြင့်ကို

tys3

ဆိုင်ကယ်မစီးရနယ်မြေမှာ ဆိုင်ကယ်တွေ စီးနေကြပါတယ်ဗျို့

ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အင်းစိန်၊ မြောက်ဥက္ကလာပ စတဲ့နေရာတွေမှာ ဆိုင်ကယ်စီး နေကြတာတွေဟာ အပြစ်တစ်ခုလို့ မပြောလိုတော့ဘူး။ ဆိုင်ကယ်မစီးရလို့ တားမြစ်ထားတယ်။ သို့သော်လည်း လိုအပ်ချက်အရ စီးနေကြတယ်။ ဒါကိုလည်း အာဏာပိုင် တွေက မသိကျိုးကျွန်ပြုနေကြတဲ့အတွက် ကျွန်တော်တို့လို သာမန်ပြည်သူတွေအတွက်တော့ ဝင်ပြောစရာ အကြောင်း မရှိတော့ပါဘူး။ ဒါပေမယ့် ရန်ကုန်မြို့လယ်ကောင်မှာ စီးနေကြတာတွေကတော့ အပြစ်မပြောလို့ မရဘူး။ ပြောကို ပြောရပါတော့မယ်။ ကျွန်တော် ကြည့်ကြည့်နေတာ ကြာနေ ပါပြီ။ အလုံ၊ ကြည့်မြင်တိုင်ဘက်မှာ ဆိုင်ကယ်တွေတဝီဝီနဲ့ စီးနေ ကြပါတယ်။ လူငယ်တွေ မဟုတ်ဘူးဗျို့။ ၄ဝ ကျော်၊ ၅ဝ ပိုင်းတွေ ဗျ။ အမောင်းကလည်း ကြမ်းသလားမမေးနဲ့ဗျို့။ ကားတွေကြား ထဲကို ဝှစ်ခနဲ၊ ဝှစ်ခနဲပဲဗျို့။ အာဏာပိုင်တွေ အနေနဲ့ ခွင့်ပြုချင်လည်းပဲ စည်းကမ်းတကျချမှတ်ပြီး စီးခွင့် ပေးလိုက်ပါတော့ဗျာ။ ဒီလိုမှမဟုတ်ဘူး။ ပိတ်မယ်ဆိုလည်း ထိထိရောက်ရောက်သာ ပိတ်လိုက်ပါတော့လို့သာ အာဏာ ပိုင်တွေ သိစေဖို့ ဒီကဏ္ဍကနေ စာရေးသား ပေးပို့လိုက်ပါ တယ်။

အမြင်မတော်သူတစ်ဦး

tys4

အဲဒီလို မင်္ဂလာသတင်း ကြားချင်ပါတယ်

ရွှေပြည်သာ ၁၉ ရပ်ကွက်ကတော့ သူတို့ရပ်ကွက်ရဲ့အဓိကရေထွက်ပေါက် ဖြစ်တဲ့ ချောင်းပေါက်ကြီးကိုတူးဖော်နေပြီဗျ။ ဝမ်းသာကျေနပ်စရာပဲဗျာ။ ကျေနပ်နှစ်သက်စရာသတင်းပဲဗျို့။ ကျွန်ုပ်တို့ ဒ/၁၇ လည်း ဘယ်တော့လောက် အဲဒီလိုမျိုးရပ်ကွက်ရဲ့ အဓိကရေထွက်ပေါက်ဖြစ်တဲ့ (အရင်ကတော့ လှေတောင် လှော်လာလို့ရတဲ့ ချောင်းပေါ့) ရပ်ကွက်တွင်းက မိမိအိမ်ရှေ့ ရေမြောင်း လောက်တောင် မကျယ်တော့တဲ့ ရေမြောင်းကို ဘယ်အချိန်လောက် တူးဖော်မလဲ မသိဘူးဗျို့။ ယခုတော့သင်္ကြန်ကာလက မိုးရွာသွားတဲ့အတွက် ရေစီးဆင်းစရာ ထွက်ပေါက် မရှိတဲ့အတွက် ရေတွေလည်းပုပ်နေပါပြီ။ (ရေထွက်ပေါက် မရှိသောကြောင့် ရေများပုပ်နေသည့်အတွက် ခြင်နှင့် ဆက်စပ်သောရောဂါများဖြစ်ပွားနိုင်သည်ကိုတော့ အထူးရေးပြမနေတော့ပြီ) ကျွန်ုပ်တို့ရပ်ကွက်လည်း ဘယ်တော့လောက်များ အဲဒီလိုမင်္ဂလာသတင်း ကြားရ မလဲဆိုတာစောင့်စားနေရင်းဖြင့်။

မျိုးသာကီ

tys5

အစိုးရသစ်ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းစေသည် ဝေါမြို့ဝင်ကြေးဂိတ်

ပဲခူးတိုင်းဒေသကြီး ဝေါမြို့အဝင်တွင် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့မှပြည်သူများ ရန်ကုန် နေပြည်တော်အသွားလမ်းတွင် ရုပ်ဆိုးအကျည်းတန် လွန်းလှပါ သည်။ သွားလာရအချိန်ကြာခြင်း၊ ယာဉ်လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ အရေး ပေါ်ယာဉ်များသွားလာရ ခက်ခဲခြင်းဖြစ်ပွားမှုတွေ့ရှိရပါသည်။ မွန်၊ ကရင်၊ တနင်္သာရီတွင်မရှိဘဲ ပဲခူးတိုင်းတစ်ခုတည်းတွင်ထူးခြားစွာ ယခင်အစိုးရ လက်ထက်တွင်ပင်မရှိခဲ့သည့်အတွက် ပဲခူးတိုင်းစည်ပင်သာယာရေးအဖွဲ့ အနေဖြင့် အစိုးရသစ်၏ ဂုဏ်သိက္ခာကိုညှိုးနွမ်းစေပါသည်။ ထို့ကြောင့် အစိုးရသစ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့လုပ်ရပ်ကို ထိန်းကျောင်းသင့် ပါကြောင်း သက်ဆိုင်သူများကို လေးစားစွာအသိပေးအပ်ပါသည်။ ရန် ကုန်တိုင်းဒေသကြီးတွင် တံတားကြေးကောက်ခံမှုများမရှိတော့ပါ။ ပြည်သူများသွားလာရ အဆင်ပြေစေရန်နှင့် ယာဉ်လမ်းပိတ်ဆို့မှုမရှိစေရန် ဆောင် ရွက်ပေးမှုများ တွေ့ရှိရမည်။ အမှန်တကယ် ဥပဒေနှင့် ညီညွတ်မှုမရှိပါက စတင် ကောက်ခံမှု ပြုလုပ်သည့်နေ့မှစ၍ နေ့စဉ် ကောက်ခံသည့်နေ့မှစပြီး ကောက်ခံခဲ့သည့်ငွေများအား Toll Gate စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးသင့်ပါကြောင်း၊ ဝေါမြို့ဝင်ကြေးကောက်ခံရေး Toll Gate အများဆုံးပိတ်သိမ်းပေးပါရန် တင်ပြလိုက်ပါသည်။

Credit-Aung Kyaw Thu
(မှတ်ချက်။ ။ ဖော်ပြပါတင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*