YGW မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွက် လုပ်အားဒါနပြုလိုသူ ဆရာဝန်များ လိုအပ်နေ

YGW မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွက် လုပ်အားဒါနပြုလိုသူ ဆရာဝန်များ လိုအပ်နေ
January 11, 2017 Asian Fame

11:08 am
YGW မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းအတွက် လုပ်အားဒါနပြုလိုသူ ဆရာဝန်များ လိုအပ်နေ

health

မေဇင်ဝင်း
ရန်ကုန်၊ ဇန်နဝါရီ ၆

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း မိဘမဲ့ကလေးများ စောင့်ရှောက် ရေးကျောင်းမှ ကလေးငယ်များ မကြာခဏ ဖျားနာလျက်ရှိကြသဖြင့် လုပ်အားဒါန ပြုလိုသူဆရာဝန်များ လိုအပ်နေကြောင်း သိရသည်။ အဆိုပါ ကျောင်းသည် ရန်ကုန်- မန္တ လေး အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံတွင် တည်ရှိပြီး မိဘမဲ့ကလေးများနှင့် ဆင်းရဲချို့တဲ့သည့် ကလေး ၂ဝဝ ကျော်ကို စောင့် ရှောက်ကာ ပညာသင်ပေးနေသောကျောင်း ဖြစ်သည်။

ကျောင်းတွင် နို့စို့အရွယ်မှ ဆယ်တန်း အထိ အရွယ်မျိုးစုံရှိပြီး ယခု နှစ်ဆန်းပိုင်း မှစ၍ ကလေးငယ်များနှင့် အရွယ်ရောက် ပြီးကလေး ဖျားနာမှုများလာသဖြင့် အခက် အခဲ ဖြစ်နေသည်ဟု ကျောင်းမှ ဆရာတော် အရှင်ဇနာနန္ဒက မိန့်ကြားသည်။ ”တချို့ ကလေးတွေက ဝက်သက် ပေါက်ကြတယ်။ နို့စို့ကလေးတွေက ချွဲ ကျပ်တာမျိုးတွေ၊ ဖျားတာတွေဖြစ်တယ်။ ဦးဇင်းတို့ကျတော့လည်း ဆေးပညာ နားမလည်ဘူးလေ။ တစ်ခုခုဖြစ်ရင် ပဲခူးသွား ရင်သွား ဒါမှမဟုတ် ရန်ကုန်သွားရတာပဲ”ဟု ဆရာတော်က မိန့်သည်။ ကလေးများ ဖျားနာနေသည်မှာ တစ်ပတ်ခန့်ရှိသွားပြီဖြစ်ပြီး လက်ရှိ အချိန်အ ထိလည်း ဖျားနာနေသူ ၁၅ ဦးခန့် ကျန် နေသေးကြောင်း၊ ကျောင်းတွင် ကလေး များအတွက် ပုံမှန် ကျန်းမာရေးစောင့် ရှောက်မှုပေးသည့် ဆရာဝန်လည်း မရှိသဖြင့် တစ်ပတ်တစ်ကြိမ်ခန့် လာရောက် ကာ လုပ်အားဒါနပြုမည့် ဆရာဝန်များ ရှိပါက ဖိတ်ခေါ်ကြောင်း ဆရာတော်က မိန့်ကြားသည်။ အဆိုပါ ကျောင်းကို ဖွင့်လှစ်ထား သည်မှာ ၂ နှစ် ရှိပြီဖြစ်ပြီး ကျောင်းရှိ ကလေးထက်ဝက်ခန့်မှာ မိဘမဲ့ကလေး များ ဖြစ်ကြောင်း၊ ကျန်ကလေးများမှာမူ မိဘများနွမ်းပါးသဖြင့် နယ်ဝေးမှ လာရောက်ကာ ပညာသင်ကြားနေကြသူများ ဖြစ်ကြောင်း သိရသည်။ လုပ်အားဒါန ပြုလိုသူများ၊ အလှူငွေ လှူဒါန်းလိုသူများသည် အရှင်ဇနာနန္ဒ၊ YGW ပရဟိတ မိဘမဲ့ကျောင်း ဖုန်း ဝ၉-၇၈ဝဝဝဝဝ၈၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*