ခိုင်းကျွဲ ခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးရန်အစိုးရသို့တိုက်တွန်းကြောင်းအဆိုရှုံးနိမ့်

ခိုင်းကျွဲ ခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးရန်အစိုးရသို့တိုက်တွန်းကြောင်းအဆိုရှုံးနိမ့်
August 3, 2018 Asian Fame Media

4:19 pm
ခိုင်းကျွဲ ခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးရန်အစိုးရသို့တိုက်တွန်းကြောင်းအဆိုရှုံးနိမ့်

Phoe Naing Linn2

နေပြည်တော် သြဂုတ် ၃

ခိုင်းကျွဲ ခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးပါရန်နှင့်မှန်ကန်စွာကူညီထောက်ပံ့ဖြေရှင်းပေးပါရန်အစိုးရသို့တိုက်တွန်းကြောင်းအဆိုမှာရှုံးနိမ့်ခဲ့ပြီးလွှတ်တော်တွင်မှတ်တမ်းတင်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကကြေညာခဲ့သည်။

မအူပင်မဲဆန္ဒနယ်မှဦးစိန်ဝင်းက”စိုက်ပျိုးရေးစက်ကိရိယာများအပြည့်အဝမတင်သွင်းမသုံးစွဲနိုင်ခင်တွင်ရာသီအချိန်မီထွန်ယက်စိုက်ပျိုးနိုင်စေရန်လယ်ယာတွင်အသုံးပြုနေသောခိုင်းကျွဲခိုင်းနွားများအားပြင်ပသို့တင်ပို့ရောင်းချနေခြင်းအားကန့်သတ်တားမြစ်ပေးပါရန်နှင့်မှန်ကန်စွာကူညီထောက်ပံ့ဖြေရှင်းပေးပါရန်ပြည်သူ့လွှတ်တော်မှအစိုးရသို့တိုက်တွန်းကြောင်း”အဆိုကိုဇူလိုင်လ(၂၃)ရက်နေ့ကကျင်းပခဲ့သောပြည်သူ့လွှတ်တော်တွင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

 

အဆိုရှင်ဖြစ်သူဦးစိန်ဝင်းက”ဒီအဆိုဟာလက်ရှိရေကြီးနစ်မြုပ်နေတဲ့သီးနှံပျက်စီးနေတဲ့အခြေအနေမှာနောက်ထပ်သီးနှံထုတ်လုပ်မှုမကျဆင်းအောင်တောင်သူလယ်သမားများအဆင်ပြေစွာချောမောစွာဆက်လက်စိုက်ပျိုးနိုင်အောင်အစိုးရအနေနဲ့ကူညီထောက်ပံ့ပေးနိုင်ရေးအတွက်နိုင်ငံထမင်းရှင်တောင်သူလယ်သမားကိုကယ်တင်ပေးတဲ့အနေနဲ့ကျွန်တော်အဆိုကိုအတည်ပြုပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်”ဟုတင်ပြခဲ့သည်။

 

ယင်းအဆိုအားအတည်ပြုရန်ယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်ဆန္ဒမဲပေးသောနည်းလမ်းဖြင့်မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ(၂၃)မဲ ကန့်ကွက်မဲ(၂၀၆)မဲနှင့်ကြားနေ(၁၀၉)မဲရ ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုကိုလွှတ်တော်ကိုယ်စားလှယ်(၁၆)ဦးကဆွေးနွေးခဲ့ကြပြီးစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှမှတ်တမ်းတင်စောင့်ကြည့်သင့်ကြောင်းပြန်လည်ရှင်းလင်းခဲ့သည်။

 

အဆိုကိုကန့်ကွက်ဆွေးနွေးခဲ့သည့်မိုးမိတ်မဲဆန္ဒနယ်မှဦးတိုးသောင်က”နိုင်ငံခြားကိုနွားရောင်းတာဟာခိုင်းကောင်းတဲ့နွားကိုဘယ်တောင်သူမှမရောင်းပါဘူး။အရွယ်လွန်တဲ့နွားခိုင်းမကောင်းတဲ့နွားနွားပေနွားကပ်တွေကိုသာရောင်းတာပါ။အခုဆိုရင်ကျွန်တော်တို့ဆီမှာလယ်သမားတွေဟာနွားတွေကိုရောင်းပြီးတော့လယ်ထွန်စက်တွေဝယ်ပြီးထွန်ယက်နေကြပါပြီ”ဟုဆွေးနွေးခဲ့သည်။

 

ထို့ပြင်တရားဝင်ရောင်းချနေခြင်းအားကန့်သတ်ပိတ်ပင်လိုက်မည်ဆိုပါကတရားမဝင်မှောင်ခိုဈေးကွက်ကြီးဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၎င်းကဆိုသည်။

 

ကျွဲ /နွားများအားပြင်ပသို့တင်ပို့ရောင်းချခြင်းအားကန့်သတ်တားမြစ်ခြင်းထက်ကြီးမားစွာဖြစ်ပေါ်နေသောမှောင်ခိုဈေးကွက်ပပျောက်ရန်မှာပို၍အရေးကြီးကြောင်းအုတ်တွင်းမဲဆန္ဒနယ်မှဒေါ်ချိုချိုကဆွေးနွေးခဲ့သည်။

 

အဆိုရှင်က၎င်းအနေဖြင့်ကျွဲ/နွားရောင်းချခြင်းကိုကန့်သတ်ခြင်းမဟုတ်ကြောင်းတောင်သူလယ်သမားများ၏အခက်အခဲများကိုလိုအပ်သလိုထောက်ပံ့ကူညီပေးရန်တိုက်တွန်းခြင်းသာဖြစ်ကြောင်းပြောသည်။

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတို့မှယခုအဆိုနှင့်ပတ်သတ်ပြီးအချိတ်အဆက်မိမိပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှသာနိုင်ငံတော်နှင့်ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်ကမှာကြားခဲ့သည်။

Phoe Naing Linn1

ဖူးဖူးအောင်

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*