ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ကို ကန့်ကွက်သည့် လူပ်ရှားမှု မန်း သတင်းထောက်များ စုပေါင်းပြုလုပ်မည်

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ကို ကန့်ကွက်သည့် လူပ်ရှားမှု မန်း သတင်းထောက်များ စုပေါင်းပြုလုပ်မည်
June 6, 2017 Asian Fame

2:07 pm
ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃ ကို ကန့်ကွက်သည့် လူပ်ရှားမှု မန်း သတင်းထောက်များ စုပေါင်းပြုလုပ်မည်

( မန္တလေး -ဇွန် ၆ )

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ဃ ကို ကန့်ကွက် ရှုတ်ချသည့်လှုပ်ရှားမှု မန္တလေးမြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန် ၅ ရက်က မန္တလေး မီဒီယာ စင်တာ၌ ပြုလုပ်သည့် ဆွေးနွေးပွဲအပြီးတွင် မန္တလေး အခြေစိုက် သတင်းထောက်များက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ဆွေးနွေးပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဘီဘီစီ သတင်းထောက် ကိုနေလင်းက “ဆန္ဒပြတာ မဟုတ်ဘူး၊ သတင်း မီဒီယာကို ၆၆ ဃ နဲ့ တရား စွဲဆိုနေတာတွေရပ်ပေးဖို့ လှုပ်ရှားမှု တစ်ခုလုပ်မှာပါ၊ ၆၆ ဃ ဖျက်ပေးဖို့တွေဘာတွေလည်း မဟုတ်ဘူး၊ ဒါကနိုင်ငံရေးတွေ ပါသွားပြီ၊ ကျွန်တော်တို့က ကျွန်တော်တို့သတင်းမီဒီယာတွေကို ဒီပုဒ်မနဲ့တရားစွဲနေတာရပ်ပေးဖို့ တရားစွဲထား တာတွေ ပြန် ရုတ်သိမ်းပေးဖို့ပဲ လုပ်ကြမှာပါ၊ သတင်းမီဒီယာမှာ မီဒီယာဥပဒေ ရှိပြီးသား ဆိုတော့ မီဒီယာဥပဒေ နဲ့ပဲတရားစွဲဖို့ ကျွန်တော် တို့ပြောချင် တာပါ” ဟု ပေါ်ပြူလာနယူးစ်သို့ပြောသည်။

သရော်စာ ရေးသားဖော်ပြသဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ နှင့် သရော်စာ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင် တို့အပါအ၀င် သတင်းမီဒီယာအပေါ် တရား စွဲထားခြင်းများ အား ပြန် ရုတ်သိမ်းပေး ရန် တောင်းဆို သွားကြမည်ဖြစ်ပြီး အဆိုပါ လှုပ်ရှားမှုကို ဇွန် ၈ ရက်တွင် စတင် သွားမည်ဟု သိရသည် ။  ဦးကျော်မင်းဆွေ နှင့် ဗြိတိသျှကိုကိုမောင် တို့ကို ဇွန် ၈ ရက်တွင် ရုံးထုတ်စစ်ဆေးမည် ဖြစ်ရာ ထိုနေ့ နံနက်ပိုင်းတွင် မန္တလေး အခြေစိုက် သတင်းထောက် များက တူညီဝတ်စုံများဖြင့် မဟာမြတ်မုနိ ဘုရားကြီး၌ငှက်လွှတ်ခြင်း ၊ ဆုတောင်းခြင်း တို့ဖြင့် အဆိုပါ လှုပ်ရှားမှုကို စတင်မည်ဖြစ်သည် ။  “အဲဒီနေ့ မနက်ပိုင်းမှာ အင်္ကျီအဖြူတွေ ၀တ်ပြီး ဘုရားကြီးမှာ ငှက် ၆၆ ကောင်လွှတ်မယ်၊ ပြီးရင်ဈေးချိုတို့ မင်္ဂလာမန္တလေးတို့ စတဲ့ လူစည်ကားတဲ့နေရာ တွေမှာ ၆၆ ဃ နဲ့ပတ်သက်ပြီး မန္တလေး သတင်းသမားတွေ ရဲ့သဘောထား ကြေညာချက် တွေဝေမယ်၊ ကာတွန်းရေးဆရာတွေ အပါအ၀င် စာပေလောက ကဆရာတွေကို လည်းဖိတ်ခေါ်ထားပါတယ်” ဟုလည်း ၄င်းကဆိုသည်။

ဆက်လက်၍လည်း ၆၆ ဃ အပေါ် ကန့်ကွက်ကြောင်း လက်မှတ်များအား စုဆောင်းကောက်ယူကာ သတင်း မီဒီယာအပေါ် အဆိုပါပုဒ်မဖြင့် တရားစွဲထားခြင်းများအား ရုတ်သိမ်းပေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး နှင့် လွှတ်တော်နှစ်ရပ်သို့ ပန်ကြားလွှာ ပို့သွားမည်ဖြစ်ကြောင်း မန္တလေးမီဒီယာစင်တာ မှသတင်း ထုတ်ပြန် ထားသည်။  သတင်းမီဒီယာ အပေါ် ၆၆ ဃဖြင့် တရားစွဲဆိုမှုသည် ယခင်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ ၇ မှုသာရှိခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ် ဧပြီလ မှ နိုဝင်ဘာလအထိ ၂၉ မှု အထိရှိခဲ့ကြောင်း  Pen Myanmar မှသိရသည် ။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*