ညာမောင်းလား ဘယ်မောင်းလား ဝေခွဲမရဖြစ်နေအုံးမယ့် (၂၀၁၉)

ညာမောင်းလား ဘယ်မောင်းလား ဝေခွဲမရဖြစ်နေအုံးမယ့် (၂၀၁၉)
October 29, 2018 Fame Asian

11:06 am
ညာမောင်းလား ဘယ်မောင်းလား ဝေခွဲမရဖြစ်နေအုံးမယ့် (၂၀၁၉)

001နေပြည်တော် အောက်တိုဘာ ၂၈

နှစ်ကုန်ခါနီးတိုင်းထုတ်ပြန်နေကြဖြစ်တဲ့ ကားတင်သွင်းခွင့်မူဝါဒက လာမယ့်နှစ်အတွက် ထွက်လာခဲ့ပါပြီ။ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ရေးစွဲထားတဲ့ အစိုးရရဲ့ပေါ်လစီအတိုင်း လာမယ့်နှစ်မှာတော့ ညာမောင်းကားတွေလုံးဝတင်သွင်းခွင့်မရှိတော့ဘဲ ဘယ်မောင်းသီးသန့် ဘဲတင်သွင်းရတော့မှာဖြစ်ပါတယ်။ဒါပေမယ့် ဈေးကွက်ထဲမှာရောက်နေတဲ့ဂျပန်ညာမောင်းကားတွေနဲ့ ၀ယ်ရောင်းတွေကိုင်ထားတဲ့တစ်ပတ်ရစ်ညာမောင်းကားတွေက ဈေးကွက်ထဲဆက်ရှိနေမှာဖြစ်ပေမယ့် ကားအသစ်တင်သွင်းမယ့်သူတွေအတွက်ကတော့ ဘယ်မောင်းကိုဘဲမဖြစ်မနေရွေးချယ်ရတော့မှာပါ။ ဒါကြောင့် လာမယ့်(၂၀၁၉)ခုနှစ်ထဲမှာ ကားဝယ်မယ့်သူတွေအတွက် ဘယ်မောင်းလားညာမောင်းလား ဆိုတာ ကိုဝေခွဲရခက်နေအုံးမှာပါ။

“ဘယ်မောင်းနဲ့ညာမောင်း ဘယ်ဟာကပိုကောင်းပါသလဲ”

တကယ်တော့ လူတွေရဲ့အကြိုက်က အကောင်းဆိုပြီးသတ်မှတ်ကြတာပါ။လမ်းစနစ်က ညာကပ်မောင်းဖြစ် တဲ့အတွက်ဘယ်မောင်းကားတွေကညာမောင်းတွေထက်ပိုပြီးsafetyဖြစ်တာကိုတော့ မဖြစ်မနေလက်ခံရမှာပါ။ဒါပေမယ်.ဘာကြောင့်ဈေးကွက်ထဲမှာ ညာမောင်းကားတွေက အခုချိန်ထိနေရာရနေသလဲဆိုတဲ့အချက်ကလည်း စဉ်းစားစရာဖြစ်ပါတယ်။

အဓိကကတော့ ညာမောင်းကားအများစုက ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ်ကားတွေဖြစ်ပြီး ကားရဲ့ကြံ့ခိုင်မှုနဲ့ အပိုပစ္စည်းလွယ်လွယ်ကူကူရနေသေးတဲ့အချက်ကြောင့်လဲဖြစ်ပါတယ်။တကယ်တော့ ကားအသစ်ဘယ်မောင်းတွေရဲ့ကြံ့ခိုင်မှုနဲ့တစ်ပတ်ရစ်ညာမောင်းတွေရဲ့ကြံ့ခိုင်မှုကနှိုင်းယှဉ်မေးခွန်းထုတ်စရာအခြေအနေတစ်ခုဖြစ်နေတာလည်းကြာပါပြီ။ပြည်တွင်းမှာတပ်ဆင်တဲ့ ကားအသစ်တွေရဲ့ ကြံ့ခိုင်မှုက ဂျပန်တစ်ပတ်ရစ်ကားတွေကို မမှီသေးဘူးလို့လည်း ကားလောကသားတွေက ဝေဖန်သုံးသပ်ထားပါတယ်။

ဒါကြောင့်လည်းဈေးကွက်ထဲမှာ တစ်ပတ်ရစ်ကားတွေကာအခုချိန်ထိ နေရာရ ပန်းပန်နေဆဲဆိုတာမျိုးဖြစ်နေတာပါ။အခုလိုအနေအထာမျိုးမှာဘယ်ဟာကပိုကောင်းတယ်ဆိုတာထက်မိမိဝင်ငွေ၊မိမိအသုံးပြုမယ့်အနေအထားနဲ့မိမိလိုချင်တဲ့ကားကိုသာရွေးချယ်ရမယ့်အခြေအနေဖြစ်ပါတယ်။

ဘယ်မောင်းညာမောင်းကွာခြားချက်ကတော့ ၀ယ်ယူတဲ့နေရာမှာ ဘယ်မောင်းကားအများစုက နှစ်ကာလတစ်ခုအထိ အရစ်ကျငွေပေးချေမှုစနစ်နဲ့ဝယ်ယူနိုင်တာဖြစ်ပြီးညာမောင်းကားတွေကတော့ လက်ငင်းငွေချေစနစ်နဲ့သာရောင်းချကြတာများပါတယ်။နှစ်ကာလတစ်ခုအထိညာမောင်းကားတွေကိုအရစ်ကျနဲ့ရောင်းတာ မရှိသလောက်ရှားပါတယ်။

ဒါကြောင့် ပုံမှန်လခနဲ့ ရပ်တည်နေသူဖြစ် ပြီး ကားတစ်စီးလိုအပ်ရင်ဖြစ်စေ ငွေကိုတစ်လုံးတစ်ခဲထဲ၏မသုံးချင်ရင်ဖြစ်စေ ဘယ်မောင်းကားအသစ်တွေကို (၁)နှစ်ကနေ(၇)နှစ်လောက်အထိနှစ်အပိုင်းအခြားနဲ့အရစ်ကျနဲ့ဝယ်ယူနိုင်ပါတယ်။ဒါပေမယ့် သတ်မှတ်ထားတဲ့ ဘဏ်တိုးနှုန်းတစ်ခုကိုတော့ မိမိဝယ်ယူတဲ့နှစ်ကာလအလိုက်ပေးရမှာပါ။

ဒါပေမယ့် လတ်တလောမှာတော့ ဒီလိုအရစ်ကျစနစ်နဲ့ဝယ်ယူနိုင်တာကို ၀ယ်ယူသူတွေကအများဆုံးရွေးချယ်နေကြ တယ်လို့ အရောင်းကိုယ်စားလှယ်တွေက ပြောကြပါတယ်။ညာမောင်းကားတွေကတော့ ဈေးကွက်ထဲမှာ အရင်နှစ်တွေထက် ဆယ်ရာခိုင်နှုန်းလောက် ပိုမြင့်သွားတဲ့အနေအထားနဲ့အရောင်းအ၀ယ်လုပ်နေကြတာ ဖြစ်ပါတယ်။ဒါကြောင့် ညာမောင်းကားတွေက ဈေးကွက်ထဲမှာ ဆက်ရှိနေအုံးမှာဆိုပေမယ့်လည်း ပြည်တွင်းကကားမူဝါဒတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာတော့ ဘယ်မောင်းကားတွေက ဘဲဈေးကွက်ကို ဦးဆောင်လာနိုင်ဖွယ်ရှိနေပါတယ်။

“ညာမောင်းရဲ့လူကြိုက်များတဲ့ အခြေအနေကို ဘယ်မောင်းကားအသစ်တွေကယှဉ်နိုင်မှာလား”

ဒီမေးခွန်းက ဘယ်မောင်းကားတွေကိုဘဲစတင်သွင်းခွင့်ပေးမယ်ဆိုထဲက တညံညံနဲ့ထွက်လာတဲ့မေးခွန်းပါ။ အများစုကတော့ပြည်တွင်းထုတ်ဘယ်မောင်းကားတွေရဲ့အရည်အသွေးက ဂျပန်တစ်ပတ်ရစ်ကားတွေရဲ့ ကွာလတီကို မမှီသေးတာမဖြစ်မနေလက်ခံရမှာပါ။ဂျပန်ညာမောင်းကားတွေရဲ့ အားသာချက်က နှစ်(၂၀)လောက်ပြည်တွင်းဈေးကွက်မှာနေရာရထားပြီးသားဖြစ်နေပြီး ကားဝယ်စီးသူတွေအတွက် မစိမ်းတဲ့ အခြေအနေဖြစ်ပါတယ်။

ညာမောင်းကားတစ်စီးပျက်လို့ပြင်မယ်ဆိုရင်လည်း အပိုပစ္စည်းက အလွယ်တကူဝယ်ယူနိုင်တဲ့အခြေအနေကို ဘယ်မောင်းကားတွေ ယှဉ်ဖို့ခက်နေဆဲဖြစ်ပါတယ်။ဒါပေမယ့်လည်း နှစ်ကာလတစ်ခုအကြာမှာတော့ညာမောင်းကားတွေကဆက်လက်တင်သွင်းခွင့်မရတော့တဲ့အတွက် တဖြေးဖြေး ဈေးကွက်နေရာကနေဖယ်ပေးရတော့မှာဖြစ်ပါတယ်။(ဒါကလည်း ဆယ်စုနှစ်တစ်ခုနီးပါးတော့ ကြာမြင့်နိုင်ပါသေးတယ်လို့ကားလောကသားတွေကသုံးသပ်ထားပါတယ်)၂၀၀၃မော်ဒယ် ဂျပန်တစ်ပတ်ရစ် Toyota Crownကားအမျိုးအစားကို လတ်တလောဘယ်မောင်းမော်ဒယ်မြင့်ကားတွေ ယှဉ်ပြိုင်ဖို့မဖြစ်နိုင်သေးတာတွေ့ရပါတယ်။ဒါကြောင့် ညာမောင်းကားတွေကို ဘယ်မောင်းကားတွေက ယှဉ်နိုင်ပြီလားဆိုတဲ့မေးခွန်းအတွက် အဖြေကတော့ လတ်တလောမှာ ယှဉ်ပြိုင်ဖို့ခက်နေသေးတယ်လို့ ဘဲပြောရမှာပါ။

“လာမယ့်နှစ်ကားဈေးကွက်က ဘာတွေဖြစ်လာမလဲ”

အခုနှစ်ထက်ပိုပြီး လမ်းမတွေပေါ်မှာ ဘယ်မောင်းကားတွေကို ပိုမြင်တွေ့ရမှာသေချာပါတယ်။ ဒါကြောင့်ဈေးကွက်ထဲမှာလည်း ညာမောင်းကားတွေနေရာမှာ ဘယ်မောင်းကားတွေ ၀င်လာဖို့ရှိနေပါတယ်။

အမှန်တကယ် ဘယ်မောင်းကားတွေမောင်းနှင်ပြီးရင်လည်း လမ်းမတွေပေါ်မှာ ညာမောင်းကားတွေထက် ပိုမိုအဆင်ပြေတဲ့ယာဉ်မောင်းနှင်မှုခံစားချက်ကို ရစေပါတယ်။ဒါပေမယ့်အခုနှစ်ကုန်အထိတော့ ဘယ်မောင်းကားတွေရဲ့အပိုပစ္စည်း ပြသနာက ရှိနေဆဲဖြစ်လို့ ၀ယ်ယူသူတွေဆီကနေ ဒီပြသနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့မျှော်လင့်နေကြတယ်လို့သိရပါတယ်။ဒါကြောင့် လာမယ့်နှစ်ကားဈေးကွက် မှာလည်း အမြင့်ဈေးနဲ့ညာမောင်းကားတွေကိုဆက်လက်မြင်တွေ့ရမှာဖြစ်သလို အပြိုင်အဆိုင်အရစ်ကျစနစ်နဲ့ရောင်းချလာမယ့် ဘယ်မောင်းကားအသစ်တွေကိုလည်း မြင်တွေ့လာရတော့မှာပါ။ဝယ်ယူသူတွေအတွက်ကတော့ မိမိတို့ရဲ့ လိုအပ်ချက်နဲ့အသုံးတည့်မှုကို မူတည်ပြီး ရွေးချယ်ကြဖို့ဖြစ်ပါတယ်။

“လွယ်ကူရိုးရှင်းတဲ့ ပြင်ဆင်မှုတွေရမှသာ ညာမောင်းတွေရဲ့ ဈေးကွက်ကို လုနိုင်မယ့် ဘယ်မောင်းကားတွေ”

ဘယ်မောင်းကားအများဆုံး ကြုံတွေ့ရတဲ့ပြသနာက ပြင်ဆင်မှုအပိုင်းမှာဖြစ်ပါတယ်။မြို့ကြီးတွေမှာထက် နယ်မြို့တွေမှာ ဆိုရင်ဒီလိုပြသနာတွေက အများဆုံးကြုံတွေ့နေရတာဖြစ်ပြီး ၀ပ်ရှော့ဆရာတွေက ဘယ်မောင်းကားအသစ်တွေကို ပြင်ဆင်ဖို့ အတွက်လုံလောက်တဲ့နည်းပညာပိုင်းအတွေ့အကြုံမရှိတာမျိုး ဖြစ်နေတယ်လို့သိရပါတယ်။ဒီအပြင် ညာမောင်းကားတစ်စီးအတွက် လုံလောက်တဲ့အပိုပစ္စည်းကို အလွယ်တကူရရှိနိုင်ပေမယ့် ဘယ်မောင်းကားတွေအတွက်တော့ ခက်ခဲနေဆဲပါ။ဒါကြောင့် လာမယ့်နှစ်တွေမှာ ဘယ်မောင်းကားတွေက ညာမောင်းကားတွေဈေးကွက်ကို လုယူနိုင်ဖို့ဆိုရင် အပိုပစ္စည်းနဲ့ ပြင်ဆင်မှုအပိုင်းမှာအလွယ်တကူ ရရှိနိုင်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

နိဂုံးချုပ်ရရင်တော့ နှစ်ပေါင်းသုံးဆယ်နီးပါး အသုံးပြုအသားကျနေတဲ့ ညာမောင်းကားတွေနေရာမှာ လမ်းစနစ်နဲ့ကိုက်ညီမယ့် ဘယ်မောင်းတွေ အစားထိုးအသုံးပြုကြစေဖို့အတွက်ဆိုရင်တော့ ဘယ်မောင်းကား အရောင်းစင်တာတွေက၀ယ်ယူသူတွေအတွက် စိတ်ကျေနပ်မှုရစေမယ့် ၀န်ဆောင်မှုတွေ ပိုမိုရရှိစေဖို့ ဆောင်ရွက်ပေးဖို့နဲ့အစိုးရအပိုင်းကလည်း ပိုမိုတိကျတဲ့ မူဝါဒသတ်မှတ်ချက်တွေရှိဖို့လိုအပ်နေပါတယ်။

အောင်ပြည့်စုံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*