သဘာဝ ဘေး အန္တရာယ်တွေ မလာခင်မှာ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ် နန်းခင်ဇေယျာ

သဘာဝ ဘေး အန္တရာယ်တွေ မလာခင်မှာ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ် နန်းခင်ဇေယျာ
September 7, 2016 Asian Fame

11:18 am
သဘာဝ ဘေး အန္တရာယ်တွေ မလာခင်မှာ ကြိုတင် ပြင်ဆင်ထားဖို့ လိုတယ် နန်းခင်ဇေယျာ

zaw_7759

၂ဝ၁၂ ခုနှစ်ရဲ့ Miss International ဖြစ်ခဲ့တဲ့ အလှမယ် နန်းခင် ဇေယျာဟာ ဧည့်လမ်းညွှန် တစ်ဦးဘဝ ကနေ အလှမယ် တစ်ဦး ဖြစ် လာခဲ့ ပါတယ်။ သူဟာ အလှမယ် တစ်ဦးဖြစ်သလို ပရဟိတ လုပ်ငန်းတွေ မှာလည်း ရှေ့တန်းက စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက် သူဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။ နာရေး ကူညီမှု အသင်း (ရန်ကုန်) နဲ့အတူ ပရဟိတ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လေ့ ရှိသလို ပြိုင်ပွဲ အသီးသီးက အလှမယ် များနဲ့ စုဖွဲ့ထားတဲ့ Miss Myanmar Charity Group မှာလည်း ပရဟိတ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်နေသူ တစ်ဦး လည်းဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် များနဲ့ ကြုံတွေ့နေရတဲ့ မြန်မာပြည် ရဲ့ ဘေးဒုက္ခတွေ မှာလည်း လက်လှမ်းမီရာ အကူအညီများ ပါဝင်ဆောင်ရွက်နေတဲ့ သူမကို ယခုအပတ် ပေါ်ပြူလာရဲ့ သဘာဝဘေး ဘယ်လို ကာကွယ် ကြမလဲ ခေါင်းစဉ်အောက်မှာ Cover Star အဖြစ် ဖော်ပြလိုက် ရပါတယ်။ သြဂုတ်လ နောက်ဆုံး ပတ်က ဖြစ်ပွားခဲ့တဲ့ ပုဂံငလျင်ဘေး မှာ သူငယ်ချင်း အလှမယ်များနဲ့ အတူ သွားရောက်ပြီး နိုင်သလောက် ကူညီ အားဖြည့်ခဲ့တဲ့ သူမက ပုဂံခရီးစဉ် အတွေ့အကြုံ ကို အခု လိုပြောပြ ခဲ့ပါတယ်။

“နန်းခင်တို့ အနေနဲ့ UNESCO အဖွဲ့အစည်း ကလူတွေနဲ့ ဆွေးနွေးမှုတွေ၊ အကြံပေးမှုတွေ လုပ်သွားမှာပါ။ သူတို့ အနေနဲ့က ဘုရားမှာ အုတ်ပုံတွေ ရှင်းလင်းတယ်။ တံမြက်စည်း လှည်းတာ တွေတော့ မလုပ်ရပါဘူး။ အဲဒီလို လုပ်မယ် ဆိုရင် ဘုရားမှာရှိတဲ့ ယဉ်ကျေးမှု အမွေ အနှစ်တွေ ပျက်စီးပြီး ပျောက်ပျက် သွားမှာပါ။ ပြန်စုရတာလည်း ခက်ခဲ နိုင်ပါတယ်။ ပုဂံက မြန်မာပြည် ရဲ့ အသည်းနှလုံး လည်းဖြစ် တယ်” လို့ သူမ ကပြောပါတယ်။ သဘာဝ ဘေးအန္တရာယ် ဆိုတာ ရှောင်လွှဲလို့ မရတဲ့ အတွက် ကြိုတင်ပြင်ဆင်ဖို့ လိုပါတယ် ဆိုတဲ့ သူမက ပရဟိတ စိတ်ဓာတ် နဲ့ ပတ်သက်ပြီးလည်း..

“ပရဟိတစိတ်ဓာတ် ဆိုတာ သူများ ဒုက္ခရောက်နေတာကို ကူညီပေးဖို့ စိတ်ပဲရှိတယ်။ ရေဘေး ပဲဖြစ်ဖြစ်၊ မီးဘေး ပဲဖြစ်ဖြစ် ခံစားရမယ်။ ကိုယ် ကလည်း သူတို့နေရာမှာ ခံစားကြည့် လိုက်မယ်ဆိုရင် တအား စိတ်မကောင်းဖြစ်ရတယ်။ မီးဘေး၊ ရေဘေး၊ လေဘေး၊ ကပ်ဘေးတွေ အားလုံးကို နန်းခင်တို့ အနေနဲ့ ရှောင်လွှဲလို့ မရပါဘူး။ ဒီလို ဘေးအန္တရာယ်တွေ မလာခင်မှာ အကောင်းဆုံး ကြို တင်ပြင်ဆင်ဖို့ လိုတယ်။ ရေဘေးဆိုလည်း ရေဘေးတွေ လာရင် ဘယ်လို စီစဉ်ရမလဲ။ အခုဆို မမျှော်လင့်ဘဲ ငလျင်ဖြစ်သွားတယ်။ ဘုရား၊ ပုထိုးတွေ မှာဖြစ်သွားတယ်။ အိမ်မှာ အခုလိုဖြစ်ရင် ကိုယ်တွေ ဘယ်လိုလုပ်မလဲ။ အဓိကက ဗဟုသုတဖြစ်စေမယ့် စာတွေ လည်း ဖတ်ထားသင့်ပါတယ်” လို့ သူမက ပြောပါတယ်။ မျှော်လင့်ထားလို့ မရနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တွေ အပေါ်မှာ ဘယ်လို ကြိုတင် ကာကွယ်ရမလဲ ဆိုတာကို သူမရဲ့ အကြံပြု စကား ကလည်း..

“အရင်တုန်းက ဆိုရင် ဒီလိုကပ်ဘေးတွေ တော်ရုံတန်ရုံ နဲ့မဖြစ်ဘူး။ အရင်နှစ်က စပြီးဖြစ်တာ။ ကမ္ဘာ မြေကြီး ကလည်း အိုဇုန်း လွှာတွေ ပေါက်ပြဲကုန်ပြီ။ နန်းခင်တို့ အနေနဲ့ ဒီလိုမျိုးမဖြစ်အောင် ပတ်ဝန်းကျင် ထိန်းသိမ်းမှ ပဲရမယ်။ အမှိုက်တွေ စနစ်တကျ ပစ်ရမယ်။ သစ်ပင်တွေလည်း အများကြီး စိုက်ရမယ်” လို့ နန်းခင်ဇေယျာ က ပြောပါတယ်။ လတ်တလော မှာတော့ နန်းခင် ဇေယျာက သူ့ရဲ့ တစ်ကိုယ်တော် စီးရီး “Non Stop” ရဲ့ MTV ကို ဒီနှစ်ကုန်မှာ ထွက်ရှိဖို့ပြင်ဆင် နေပြီး ဒါရိုက်တာ သြရသ ရိုက်ကူးတဲ့ “ကြောက် ကြောက်ကြောက်” ရုပ်ရှင် ဇာတ်ကားကြီး ကိုလည်း နေတိုး၊ ထွန်းထွန်း၊ မင်းသွေး၊ ခင်ဝင့်ဝါ၊ နန်းမြတ်ဖြိုးသင်း၊ ပိုပိုတို့နဲ့ အတူ ပြင်ဦးလွင် မှာ ရိုက်ကူးနေပါတယ်။

တွယ်တာ
ဓာတ်ပုံ- မင်းမင်းထွန်း ၊ မိတ်ကပ်- ဦးစိုး