တနိုင်းဆေးရုံမှာ ဆရာဝန်ပြတ်လပ်မှု ၃ လခန့်ကြာမြင့်ခဲ့ပြီ

တနိုင်းဆေးရုံမှာ ဆရာဝန်ပြတ်လပ်မှု ၃ လခန့်ကြာမြင့်ခဲ့ပြီ
August 13, 2018 AsianFame MediaGroup

3:11 pm
တနိုင်းဆေးရုံမှာ ဆရာဝန်ပြတ်လပ်မှု ၃ လခန့်ကြာမြင့်ခဲ့ပြီ

39036837_1920859704624652_7767737474834497536_n

တနိုင်း၊ သြဂုတ် ၁၃

ကချင်ပြည်နယ် တနိုင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆရာဝန်ပြတ်လပ်နေတာ ၃ လတာ ကြာမြင့်ခဲ့ပြီလို့ တနိုင်းမြို့နယ်ဒေသခံတွေ က ပြောပါတယ်။

တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံ ဟာ ကုတင် ၅၀ ဆေးရုံဖြစ်ပြီး အတွင်းလူနာ ၅၀ ၀န်းကျင်နဲ့ နေ့စဉ် ပြင်ပလူနာ ၄၀ ကျော် လာရောက်ပြသနေပေမယ့် လက်ထောက်ဆရာဝန် မရှိတာကြောင့် လူနာတွေ ဆေးကုသမှုအပိုင်းမှာ အခက်အခဲရှိနေတယ်လို့ ဒေသခံတွေကပြောတာဖြစ်ပါတယ်။

“ဆေးရုံတစ်ခုလုံးမှာ ဆေးရုံအုပ်တစ်ယောက်ရှိတယ်။ သူပဲ ဆေးရုံအုပ် / သူပဲ လက်ထောက်ဆရာဝန် လုပ်နေရတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့ ဆေးသွားကုတဲ့သူတွေ က ပိုအခက်အခဲဖြစ် ရတယ် ” လို့ တနိုင်းမြို့နယ်ရပ်မိရပ်ဖတစ်ဦးက ဆိုပါတယ်။

တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံရဲ့ ခွင့်ပြု လက်ထောက်ဆရာဝန်အင်အားဟာ ၆ ယောက်ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ၆ လပိုင်းကတည်းက လက်ထောက်ဆရာဝန်တစ်ယောက်မှ မရှိခဲ့တာ လို့ သိရပါတယ်။

“သူနာပြုကတော့ အင်အားပြည့်တယ်။ ၂ ယောက်လောက်ပဲလိုတယ်။ ဒါပေမဲ့ ပါမစ်နဲ့လက်ထောက်ဆရာဝန် တစ်ယောက်မှမရှိဘူး။ သိပ်မကြာသေးဘူး။ မြစ်ကြီးနား ကနေ ယာယီတစ်ယောက်ရောက်လာတယ်။ ၂ လတစ်ကြိမ်လဲတယ်ပြောတယ်” လို့ တနိုင်းမြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

အလားတူ တနိုင်းမြို့နယ် ရဲ့မြို့နယ်ခွဲ ဖြစ်တဲ့ ရှင်ဗွေယန်မြို့နယ် တိုက်နယ်ဆေးရုံမှာလည်း ခွင့်ပြုအင်အား လက်ထောက် ဆရာဝန် ၂ ယောက် ဆိုပြီး ခွင့်ပြုထားပေမယ့် လက်ရှိမှာ ဆရာဝန်တစ်ယောက်မှ မရှိတာကြောင့် ရှင်ဗွေယန်ဒေသခံတွေလည်း တနိုင်းဒေသခံတွေ ကဲ့သို့ ကျန်းမာရေးကိစ္စတွေမှာ အဆင်မပြေဖြစ်နေရတယ်လို့ ရှင်ဗွေယန် ဒေသခံ တစ်ဦးက ဆိုပါတယ်။

“ပါမစ်နဲ့ ဆရာ ၀န်ခန့်ပေးရမှာ။ ဒါပေမဲ့ မရခဲ့ဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းပေးတော့ အခု ၂လတစ်ကြိမ် တစ်ယောက်ပြောင်းစနစ်နဲ့ ယာယီ ဆရာဝန်တစ်ယောက်ရောက်နေတယ်။ ဒါပေမဲ့ ခွင့်ပြုအင်အားအတိုင်းဆို ၂ ဦးဖြစ်ရမှာ” လို့ ရှင်ဗွေယန် မြို့နယ်ရပ်မိရပ်ဖတစ်ဦးက ဆိုပါတယ်။

အလားတူ တနိုင်းမြို့နယ်အ တွင်းက ပြည်သူ့ကျန်းမာရေး ဌာန မှာ THN လို့ ခေါ်တဲ့ မြို့နယ်သူနာပြုအဆင့် ၁ ရာထူးနေရာ လစ်လပ်နေတာ လည်း ၁ နှစ်နဲ့ ၈ လကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ၊ ရှင်ဗွေယန် ကျေးလက်ကျန်းမာရေးဌာန ကျန်းမာရေးမှူး ရာထူးနေရာလည်း လက်ရှိ လစ်လပ်နေကြောင်း ၊ ထပ်မံပြီး ရှင်ဗွေယန်/တိန်ကောက်/ တရုံ စတဲ့ နေရာတွေက ကျေးလက်ကျန်းမာရေးဌာန အမျိုးသမီးကျန်းမာရေးဆရာမ LHV ရာထူးနေရာတွေလည်းလစ်လပ်နေတာကြာပြီဖြစ်ကြောင်း ၊ ဒါပေမဲ့ ယနေ့ အထိ ဖြည့်တင်းပေးခြင်းမရှိသေးကြောင်း ပေါ်ပြူလာနယူးစ်ကစုံစမ်းသိရှိရပါတယ်။

“ပြည်သူ့လွှတ်တော်မှာလည်းတောင်းတယ်။ ပြည်နယ်လွှတ်တော်မှာလည်းတောင်းတယ်။ ဒါပေမဲ့ မပေးတာတော့ ဘာကြောင့်လဲ မသိဘူး။ ခန့်ထားရင်လည်း မကြာဘူး ပြန်ပြန်ပြောင်းသွားကြတယ်” လို့ တနိုင်းဒေသခံတစ်ဦးက ဆိုပါတယ်။

တနိုင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ကြုံတွေ့ရတက်တဲ့ ဆရာဝန်အင်အားလိုအပ်ချက်နဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ၂၀၁၇ ခုနှစ်အတွင်း လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ဖူးပါတယ်။ အဲ့ဒီအပေါ် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လက်ထောက်ဆရာဝန်တွေ အလှည့်ကျထားရှိပေးမယ့်အကြောင်းနဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ လုပ်ငန်းလိုအပ်ချက်ပေါ်မူတည်ပြီး လက်ထောက်ဆရာဝန်ဖြည့်တင်းခန့်ထားပေးသွားမယ့်အကြောင်းပြန်လည်ဖြေကြားခဲ့ဖူးပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*