ကြက်ဆူပင်စိုက်ဖို့ တစ်ဧက ၁၀၀ ကျပ်နဲ့ ဧက ၃၂၀၀ကို နှစ် ၃၀ ငှားရမ်းခဲ့တဲ့ စာချုပ် ဖျက်သိမ်းပေးဖို့ လွှတ်တော်မှာအဆိုတင်

ကြက်ဆူပင်စိုက်ဖို့ တစ်ဧက ၁၀၀ ကျပ်နဲ့ ဧက ၃၂၀၀ကို နှစ် ၃၀ ငှားရမ်းခဲ့တဲ့ စာချုပ် ဖျက်သိမ်းပေးဖို့ လွှတ်တော်မှာအဆိုတင်
August 9, 2018 AsianFame MediaGroup

12:22 pm
ကြက်ဆူပင်စိုက်ဖို့ တစ်ဧက ၁၀၀ ကျပ်နဲ့ ဧက ၃၂၀၀ကို နှစ် ၃၀ ငှားရမ်းခဲ့တဲ့ စာချုပ် ဖျက်သိမ်းပေးဖို့ လွှတ်တော်မှာအဆိုတင်

38731823_1913839361993353_4474284710343737344_n

မုံရွာ၊ သြဂုတ် ၉

ကြက်ဆူပင်စိုက်ပျိုးဖို့ နှစ် ၃၀ စာချုပ်နဲ့ငှားရမ်းခဲ့တဲ့ ပေါက်အင်းတောင်ဒေသ တင်ဝင်းထွန်းကုမ္ပဏီ နဲ့ သစ်တောရေးရာဝန်ကြီးဌာနအကြားစာချုပ် ကို ဖျက်သိမ်းပေးဖို့ တိုက်တွန်းတဲ့အဆိုတစ်ရပ်ကို ဒီကနေ့ကျင်းပတဲ့ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပြီး လွှတ်တော်ကလက်ခံဆွေးနွေးဖို့ဆုံဖြတ်လိုက်ပါတယ်။

အဲ့ဒီအဆိုကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် မဲဆန္ဒနယ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က တင်သွင်းခဲ့ပြီး ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်မှာ ညွှန်ကြားရေးမှူးကိုယ်စား ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းညွှန့်က တင်ဝင်းထွန်းကုမ္ပဏီကို နှစ် ၃၀ စာချုပ်နဲ့ ကြက်ဆူပင်စိုက်ပျိုးဖို့ မြေဧက ၃၂၀၀ ငှားရမ်းခဲ့ကြောင်း၊ ဒါပေမဲ့ ငှားရမ်းထားတဲ့မြေတွေကို ကြက်ဆူပင်အမှန်တစ်ကယ်စိုက်ပျိုးခြင်းမရှိခဲ့ဘဲ စိန်တစ်လုံးသရက် ၊ ရွှေဟင်္သာသရက်နဲ့ ယူကလစ်တို့ကိုသာစိုက်ပျိုးခဲ့ကြောင်း၊ ဒါ့အပြင် စတင်ငှားရမ်းကတည်းက မြေငှားရမ်းခ ယနေ့အချိန်ထိ ပေးသွင်းခဲ့ခြင်းမရှိကြောင်း၊ ယင်းကဲ့သို့ စာချုပ်ပါစည်းကမ်းချက်တွေနဲ့ကိုက်ညီမှုမရှိတာကြောင့် အဆိုပါစာချုပ်ကို ဖျက်သိမ်းပြီး မြေ၃၂၀၀ဧက ကို ၀န်ကြီးဌာနပိုင်မြေအဖြစ်ပြန်လည်သတ်မှတ်ပေးဖို့ ဦးထွန်းထွန်းဝင်း ကတောင်းဆိုခဲ့ပါတယ်။

“စာချုပ်ချုပ်ပြီးကတည်းက ဒေသခံတောင်သူတွေဟာ တစ်ယောက်ပြီးတစ်ယောက်ထောင်ထဲကိုဝင်ခဲ့ရပါတယ်။ စာချုပ်မှာ စာမျက်နှာ ၃ မျက်နှာပါရှိပြီး ပထမစာမျက်နှာမှာ အပိုဒ် ၃ မှာ ၂၀၀၈-၉ ခုနှစ်အတွက် မြေငှားဂရမ် တစ်ဧကလျှင် ၁၀၀ကျပ်နှုန်းဖြင့် ကနီမြို့နယ်မှ ကောက်ခံစေလျက် နှစ်စဉ် မြေငှားခအခွန်အခများကို ပေးသွင်းရန် ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ ကနီမြို့နယ်အကောက်ခွန်ဦးစီးဌာနကို ကျွန်တော်ကိုယ်တိုင်စာဖြင့်ဆက်သွယ်မေးမြန်းရာ ၂၀၀၈-၉ ဘဏ္ဍာနှစ်မှ ၂၀၁၈ ယနေ့အချိန်အထိ တင်ဝင်းထွန်း ကုမ္ပဏီ မှမြေငှားခအခွန်အခလုံးဝပေးသွင်းထားခြင်းမရှိကြောင်း တွေ့ရှိရပြီး စာချုပ်ပါအချက်အလက်များကိုလိုက်နာမှုမရှိပါ ” လို့ ၎င်း ကဆိုပါတယ်။

စာချုပ်ပါ စည်းကမ်းချက် အပိုဒ် ၁၁ မှာလည်း မြေကို ထပ်ဆင့်ငှားရမ်းခြင်း လွှဲပြောင်းခြင်း ရောင်းချခြင်းမပြုဖို့ ကိုယ်တိုင်စိုက်ပျိုးခြင်းမပြုနိုင်ရင် သစ်တောရေးရာဝန်ကြီးဌာနကို လွှဲပြောင်းပေးရမယ်လို့ပါရှိကြောင်း၊ ဒါပေမဲ့ တင်ဝင်းထွန်းကုမ္ပဏီဟာ ဒေသခံတောင်သူတွေထံကို ငှားရမ်းလုပ်ကိုင်နေကြောင်း ဦးထွန်းထွန်းဝင်း ကထပ်လောင်းဆိုပါတယ်။

လက်ရှိ အဆိုပါ ဒေသမှာ ဒေသခံတောင်သူတွေနဲ့တင်ဝင်းထွန်းကုမ္ပဏီကြားဖြစ်နေတဲ့ပြဿနာတွေကြောင့် ဒေသခံတောင်သူ ၇ ဦးဟာ ထောင်ဒဏ် ၁ နှစ်၊ ၉လ ၊ ၃လ စသဖြင့် အသီးသီးကျခံခဲ့ရပြီး ၄ဦးဟာ အရေးယူခံထားရဆဲဖြစ်ကြောင်း၊ ဒါ့အပြင် ၁၄ ဦးဟာ တရားရင်ဆိုင်နေရပြီး သူတို့ရဲ့ မိသားစုဝ-င် ၆၃ ဦးဟာ အမှုရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ပေါက်အင်းတောင်သစ်တောကြိုးဝိုင်းကို ၂၀၀၆ ခုနှစ်မှာ ကြက်ဆူစီမံကိန်းအထူးဇုန်အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်ချိန်မှာ အဆိုပါဧရိယာအတွင်းနေထိုင်နေတဲ့ ဒေသခံတောင်သူလယ်သမားတွေလည်းရှိနေခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအဆိုပါဒေသဟာ သစ်တောကြိုးဝိုင်းဧရိယာဖြစ်ပေမယ့် ဒေသခံအိမ်ခြေ ၅၀၀ ကျော်ရှိပြီး လူဦးရေ ၁၅၀၀ ကျော်နေထိုင်ကြတယ်လို့ သိရပါတယ်။

ဦးထွန်းထွန်းဝင်းရဲ့ အဆိုကို ကသာမြို့နယ် မဲဆန္ဒနယ် ၂လွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ထောက်ခံဆွေးနွေးခဲ့ပြီး အလားတူဖြစ်စဉ်မျိုးဟာ စစ်ကိုင်းတိုင်ဒေသကြီးကြီးအတွင်းရှိမြို့နယ် အများစုမှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေဖြစ်ကြောင်း ၊ ဒါကြောင့် ဒေသအတွင်းမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ ချုပ်ဆိုတဲ့စာချုပ်တွေကို စစ်ဆေးပြီး စာချုပ်အတိုင်းလိုက်နာမှုရှိ/မရှိ စစ်ဆေးပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုကို ဆက်လက်ဆွေးနွေးဖို့ သင့်မသင့်မဲခွဲဆုံးဖြတ်တဲ့အခါ ကန့်ကွက်သူမရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်ဥက္ကဌက ဆုံးဖြတ်ခဲ့ပါတယ်။

ဒီကနေ့ လွှတ်တော်မှာတင်သွင်းတဲ့အထက်ပါအဆို ကို ပေါက်အင်းတောင်ဒေသဖြစ်စဉ်မှ တရားစွဲခံထားရတဲ့ဒေသခံ တောင်သူတွေ လွှတ်တော်အစည်းအဝေးခန်းအတွင်း လာရောက်နားထောင်ခဲ့ကြတယ်ပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*