ချင်းဒုက္ခသည်တွေအပေါ် UNHCRရဲ့ ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်

ချင်းဒုက္ခသည်တွေအပေါ် UNHCRရဲ့ ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်
July 25, 2018 Asian Fame Media

3:28 pm
ချင်းဒုက္ခသည်တွေအပေါ် UNHCRရဲ့ ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်

UNHCR

ရန်ကုန်၊ ဇူလိုင် ၂၅

မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်တွေကို ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသာနေခွင့်ပြုတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ UNHCR ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ချင်းနိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ကြပါတယ်။

အဓိကကန့်ကွက်တဲ့အကြောင်းအရင်းကတော့ လက်ရှိချင်းပြည်နယ်ဟာတည်ငြိမ်အေးချမ်းမှုရှိနေပြီလို့သတ်မှတ်ပြီး လာရောက်ခိုလှုံနေတဲ့ ချင်းဒုက္ခသည်တွေကို လာမယ့် ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်နေ့အထိသာနေခွင့်ပြုတော့တဲ့ကိစ္စ မြန်မာနိုင်ငံ နေရပ်ဖြစ်တဲ့ ချင်းပြည်နယ်ကို ပြန်ခိုင်းတဲ့ကိစ္စတွေအပေါ် ချင်းနိုင်ငံရေးပါတီတွေက ကန့်ကွက်လိုက်ကြတာလည်းဖြစ်ပါတယ်။

ချင်းနိုင်ငံရေးပါတီတစ်ခု ဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က”ချင်းပြည်နယ်ဟာ တည်ငြိမ်မှုရှိ/မရှိ စုံစမ်းတဲ့အခါ လွယ်လင့်တကူ လေးစုံစမ်းပြီး တည်ငြိမ်နေပြီလို့ ပြောသွားတာ။ ချင်းပြည်နယ်မြောက်ပိုင်းက မြို့ ၁မြို့ ၂ မြို့လောက်မှာ ဒေသခံတစ်ယောက် နှစ်ယောက်လောက်ကိုမေးမြန်းပြီး တုံ့ပြန်မှုအပေါ် ဆုံးဖြတ်လိုက်တာကတော့ ပြည့်စုံမှုမရှိဘူး။ ဒေသခံတွေကိုညှိနှိုင်းတာလည်းမရှိဘူး။ ချင်းပြည်နယ်တောင်ပိုင်းဆို တိုက်ပွဲတွေရှိနေတုန်းပဲ။ ဒါတွေကို ထည့်မတွက်ဘဲ ချင်းပြည်နယ်တည်ငြိမ်နေပြီလို့ ပြောတာဟာ ခိုင်လုံမှုမရှိဘူး။ တည်ငြိမ်နေပြီလို့ပြောတာဟာ အရမ်းစောသေးတယ်” လို့ ပေါ်ပြူလာနယူးစ်ထံမှတ်ချက်ပြုပါတယ်။

ဒီအတွက် ချင်းအခြေစိုက်နိုင်ငံရေးပါတီ ၆ ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံြ့ဖိုးတိုးတက်ရေးပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ တို့က စုပေါင်းကန့်ကွက်လိုက်ကြတာဖြစ်ပါတယ်။

ချင်းပြည်နယ်တည်ငြိမ်မှုရှိ/မရှိ UNHCR အနေနဲ့ကွင်းဆင်းစစ်ဆေးခဲ့တာကိုလည်း ချင်းနိုင်ငံရေးပါတီတွေအနေနဲ့မသိရှိခဲ့ရကြောင်း ၊ ၂၀၁၅ ခုနှစ်ကကွင်းဆင်းဆောင်ရွက်ခဲ့တဲ့ ကွင်းဆင်းစစ်ဆေးခြင်းခရီးစဉ်အပေါ် အခြေပြုပြီး အခုလို တရားသေကောက်ချက်ချလိုက်တာဟာ ချင်းတိုင်းရင်းသားတွေ နေ့စဉ်ကြုံတွေ့ခံစားနေရတဲ့ လက်ရှိပကတိအနေအထားနဲ့လက်ရှိပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် မျက်ကွယ်ပြုရာရောက်တယ်လို့လည်း ချင်းနိုင်ငံရေးပါတီတွေက ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ဖော်ပြခဲ့ကြပါတယ်။

ဒါကြောင့် မလေးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ အခြေစိုက်နေတဲ့ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ရုံးရဲ့ လက်တလောဆုံးဖြတ်ချက်တွေနဲ့အကောင်အထည်ဖော်ဆောင်ရွက်မှုတွေအပေါ် ကန့်ကွက်ကြောင်း၊ ဆုံးဖြတ်ချက်တွေအပေါ်ပြန်လည်သုံးသပ်ပေးဖို့လိုကြောင်း ချင်းနိုင်ငံရေးပါတီတွေကဆိုပါတယ်။

လက်ရှိ မလေးရှားနိုင်ငံ မှာ ချင်းတိုင်းရင်းသား/ချင်းဒုက္ခသည် ၃၀၀၀၀ လောက်ရှိနေပေမယ့် လတ်တလောUNHCR ရဲ့ ဆုံးဖြတ်ချက်အတိုင်းဆိုရင် ၂၀၁၉ ဒီဇင်ဘာအကုန်မှာ နေရပ်ပြန်လာရမယ့် ချင်းဒုက္ခသည်အရေအတွက်ကိုတော့ အတိအကျပြောဖို့ခက်နေတယ်လို့ ချင်းနိုင်ငံရေးပါတီတာဝန်ရှိသူတွေထံကနေသိရပါတယ်။

UNHCR ဆုံးဖြတ်ချက်မှာတော့ ချင်းဒုက္ခသည်တွေအတွက် နည်းလမ်း ၂ခုကိုရွေးချယ်ခွင့်ပေးထားတာတွေ့ရပါတယ်။ ပထမနည်းလမ်းကတော့ လက်ရှိကိုင်ဆောင်ထားတဲ့ UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်တမ်းထားရှိမယ့်နည်းလမ်း၊ ဒုတိယနည်းလမ်းကတော့ နိုင်ငံတကာရဲ့အကာကွယ်ပေးမှု ဆက်လက်လိုအပ်နေသေးတယ်လို့ မိမိကိုယ်ကိုယ်ယူဆရင် UNHCR နဲ့ တွေ့ဆုံ မေးမြန်းခြင်းကိုခံယူပြီး နှစ်လအတွင်းအကြောင်းပြန်ကြားပေးမှာဖြစ်ကြောင်း၊ အဲ့ဒီအကြောင်းပြန်ကြားမှုအပေါ်မူတည်ပြီး အခုလက်ရှိနေထိုင်ရာနိုင်ငံမှာဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကိုထွက်ခွါဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကိုပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမယ့်နည်းလမ်းတို့ပဲဖြစ်ပါတယ်။

UNHCR ရဲ့အထက်ပါ ဆုံးဖြတ်ချက်အပေါ်ကန့်ကွက်တဲ့အနေနဲ့ လူ ၅၀၀ လောက်ဟာ ဇွန် ၂၉ ရက်နေ့က မလေးရှားနိုင်ငံ UNHCR ရုံးရှေ့မှာ ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။

AF-178

ပုံစာ- ဇွန် ၂၉ ရက်နေ့က မလေးရှားနိုင်ငံရှိ UNHCR ရုံးအနီးတွင် ချင်းဒုက္ခသည်များဆန္ဒထုတ်ဖော်နေမှုမြင်ကွင်း
Photo Credit – Alliance of Chin Refugees

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*