တနိုင်းမြို့မှာ စက်သုံးဆီပြတ်လို့ ဆီဆိုင်အားလုံးနီးပါးပိတ်ထားရ

တနိုင်းမြို့မှာ စက်သုံးဆီပြတ်လို့ ဆီဆိုင်အားလုံးနီးပါးပိတ်ထားရ
December 5, 2017 Fame Asian

11:17 am
တနိုင်းမြို့မှာ စက်သုံးဆီပြတ်လို့ ဆီဆိုင်အားလုံးနီးပါးပိတ်ထားရ

tanine

တနိုင်း ၊ ဒီဇင်ဘာ ၅

ဆီနဲ့ဆန်ကို အကန့်အသတ်နဲ့ ရရှိနေတဲ့ တနိုင်းမြို့မှာ လက်ရှိစက်သုံးဆီပြတ်လပ်ပြီး ဆီဆိုင်အားလုံးနီးပါး ပိတ်ထားရတယ်လို့သိရပါတယ်။

အခုလ တနိုင်းမြို့အတွက် တောင်းထားတဲ့ ဆန်နဲ့စက်သုံးဆီခွဲတန်းမှာ ဆန်ပဲ ရရှိသေးပြီး စက်သုံးဆီမရရှိသေးတဲ့အတွက် အခုလိုပြတ်လပ်ပြီး ဒေသခံတွေဒုက္ခရောက်နေရတာဖြစ်တယ်လို့ တနိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ဆန်ရောက်ပြီ ဆီကမကျသေးဘူး။ တရားဝင်လိုင်စင်နဲ့ရောင်းတဲ့ ဟိန်းအောင်ဆီဆိုင်လည်းပိတ်ထားလိုက်ပြီ။ ဆီပြတ်သွားလို့လို့ပြောတယ် ” လို့ သူကဆိုပါတယ်။

တနိုင်းမြို့မှာ ဟိန်းအောင်တစ်ဦးတည်းသာ တရားဝင်ရောင်းခွင့်ရထားတဲ့ဆီဆိုင်ဖြစ်ပါတယ်။

အလားတူ တစ်ခြားခွက်ချိန်နဲ့ရောင်းချတဲ့ဆိုင်တွေ ၊ ဆီကိုယ်စားလှယ်ဆိုင်တွေ အားလုံးနီးပါး ပိတ်ထားရပြီလို့ တနိုင်းမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးစောမင်းအောင် က ပြောပါတယ်။

ဒီလို ဖြစ်တာကတော့ ၃ ရက်လောက်ရှိပြီလို့ သူကထပ်လောင်းဆိုပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့မှာ ဆီတစ်ဂါလံကို ကျပ် ၅၀၀၀ ထိ ဈေးထိုးတက်သွားပြီး ဒီဇင်ဘာ ၅ ရက်နေ့ ဒီကနေ့မှာတော့ လုံးဝရောင်းမယ့်သူမရှိလောက်အောင်ရှားသွားတယ်လို့ တနိုင်းမြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ပြောပါတယ်။

တနိုင်းနဲ့ရှင်ဗွေယန် မြို့ကို ကုန်ပစ္စည်းတင်မော်တော်ယာဉ်မောင်းတဲ့ ကိုမင်းဟန် က တော့ ဖောက်သည်တွေ ၊ ယာဉ်လိုင်းတွေ အတွက်တော့ ချန်ထားပေးတဲ့ ဆီဆိုင်ရှိတဲ့အတွက် ပုံမှန်အလုပ်လုပ်နေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က ဖောက်သည်ဝယ်နေကျ ယာဉ်လိုင်းဆိုတော့ မရောင်းဘဲ ချန်ထားပေးတယ်။ အသိဆိုင်တွေပေါ့။ ဖွင့်တော့မဖွင့်တော့ဘူး ပိတ်ထားလိုက်ပြီ။ တစ်ဂါလံကို ၄၃၀၀ ပေးရတယ်။ ပုံမှန်ဈေးပေါ့။ အခု ၅၀၀၀ ပေးတောင်ဝယ်လို့မရတော့ဘူး။ ဒုက္ခရောက်တာပေါ့ဗျာ” လို့သူကဆိုပါတယ်။

ပြီးခဲ့တဲ့ လအတွက် တနိုင်းမြီု့ပေါ်မှာ ဒေသခံတွေ အသုံးပြုဖို့ ဆန်အိတ် ၃၀၀၀ ကျော်နဲ့ ဆီ ပီပါ ၂၅၀၀ ကျော် ခွဲတန်းရရှိခဲ့ပါတယ်။

တနိုင်းဒေသမှာ တပ်မတော်နဲ့ kia ကြား တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက် ၂၀၁၇ ခုနှစ် ၆ လပိုင်း မှာ တနိုင်းဒေသရှိ ရွှေနဲ့ပယင်းမှော်ဆယ်ခုကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ တပ်မတော်က ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက် တနိုင်းမြို့ကို တစ်ခြားဒေသတွေက နေ ဆီနဲ့ဆန် သယ်ဆောင်ခွင့် လုံးဝမပြုတော့ဘဲ လမ်းတစ်လျှောက်မှာရှိတဲ့ တပ်မတော်ဂိတ်တွေက စစ်ဆေးခဲ့ပါတယ်။

တနိုင်းမြို့မှာ အသုံးပြုနေတဲ့ စက်သုံးဆီ နဲ့ဆန် တွေဟာ အမှန်တစ်ကယ်လိုအပ်တဲ့ပမာဏထက် ပိုပြီး ၀င်ရောက် ပိုလျှံနေတဲ့အတွက် KIA ထိန်းချုပ်မှာ မှော်များအတွင်းဝင်ရောက်သွားတာကြောင့် လိုအပ်တဲ့ ပမာဏထက်ပိုမရောက်စေဖို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ထိန်းသိမ်းကြပ်မတ်ပေးပါလို့ ဆိုထားတဲ့ စာကို ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ကချင်ပြည်နယ်အစိုးထံပေးပို့ခဲ့ပါတယ်။

ထပ်မံပြီး တနိုင်းလမ်းပိုင်း ဒွန်ဘန်ကျေးရွာကနေ တစ်ဆင့် ကန့်သတ်မှုပြုလုပ်သွားမယ်ဆိုတဲ့ ၁၃ရက် ၁၂ လ ၂၀၁၆ ပါ စာကိုလည်း ကချင်ပြည်နယ်အစိုးရအဖွဲ့ထံ ထပ်မံပေးပို့ပြီး နောက်ပိုင်း တနိုင်းဒေသမှာ ဆန်နဲ့စက်သုံးဆီ သယ်ဆောင်ခွင့် လုံးဝပိတ်ခဲ့တာဖြစ်ပါတယ်။

ပိတ်ပြီး ၅ လအကြာ တနိုင်းဒေသမှာ ဆိုးဆိုးဝါးဝါး ဆန်ပြဿနာ ကြုံတွေ့ခဲ့ရတဲ့အတွက် ဆန်နဲ့ဆီခွဲတန်း အကန့်အသတ်နဲ့သယ်ဆောင်ခွင့်ကို ပြန်လည်ချပေးခဲ့ပါတယ်။

တနိုင်းမြို့နယ် ထွေအုပ် ဌာန က တနိင်းမြို့မှာရှိတဲ့ လူဦးရေ ၃၄၁၇၅ ဦးမှာ တစ်ဦးကို တစ်ရက် ဆန်နို့ဆီဗူး ၃ လုံး နှုန်းနဲ့တွက်ချက်ပြီး တစ်လစာအတွက် ဆန် ၁၅၉၉၀ အိတ် ၊ တနိုင်းကိုရောက်လာတဲ့ရွှေ့ပြောင်းလုပ်သား ခန့်မှန် ၇၅၀၀ အတွက် တစ်လစာ ဆန် ၃၅၁၅.၄ အိတ် ၊ တစ်လစာ စက်သုံးဆီ ၂၀၁၀ ပီပါ ၊ ဒေသထွက်စပါးထည့်တွက်ပါက စုစုပေါင်း တစ်နှစ်လုံးစာအတွက် စက်သုံးဆီ ၂၄၁၂၀ ပီပါ နဲ့ ဆန် ၄၂၁၈၄.၈ အိတ် လိုအပ်ကြောင်း ၂၀၁၇ ခုနှစ် ၅ လပိုင်း ၆ ရက်နေ့ ရက်စွဲနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ထံတင်ပြခဲ့ပါတယ်။

တနိုင်းမြို့ထဲမှာ ဓာတ်ဆီတစ်ဂါလံ ပုံမှန် ၄၃၀၀ ကျပ်နဲ့ရပေမယ့် KIA ထိန်းချုပ်ရာမှော်တွေအပေါက်ဝထိသွားရောင်းရင်တော့ ၈၀၀၀ နဲ့ ၉၀၀၀ ထိရရှိပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*