တိုက်ပွဲအရှိန်တွေလျော့ချဖို့ တပ်မတော်နဲ့KIA အလွတ်သဘောဆွေးနွေး

တိုက်ပွဲအရှိန်တွေလျော့ချဖို့ တပ်မတော်နဲ့KIA အလွတ်သဘောဆွေးနွေး
February 6, 2018 Fame Asian

12:17 pm
တိုက်ပွဲအရှိန်တွေလျော့ချဖို့ တပ်မတော်နဲ့KIA အလွတ်သဘောဆွေးနွေး

27459071_1685364868174138_4422213792474190414_n

မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၆

ကချင်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်လို့ စစ်ရေးအရှိန်လျော့ချဖို့ရည်ရွယ်ချက်နဲ့ပြုလုပ်တဲ့ တပ်မတော်နဲ့ KIA တို့ရဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းမှာပြုလုပ်ခဲ့တာဖြစ်ပြီး တပ်မတော်ဘက်က ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ၊ KIA ဘက်က ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ နဲ့ ဗိုလ်ချုပ်ဂွမ်မော် တို့ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးပွဲနဲ့ပတ်သတ်လို့ တပ်မတော်ဘက်ကရော ၊ KIA ဘက်ကရော ဒီကနေ့ အချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုတာ ၊ သတင်းထုတ်ပြန်တာ မျိုး မရှိသေးပေမယ့် ကချင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ဧရိယာတွေမှာ နေထိုင်နေတဲ့ ဒေသခံတွေကတော့ ဆွေးနွေးပွဲအဆင်မပြေဖြစ်တဲ့အတွက် တိုက်ပွဲတွေ ပိုမြင့်တက်လာမှာစိုးရိမ်နေတယ်လို့ ဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး KIA ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နော်ဘူ ကို ပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာ “ဆွေးနွေးကြတယ်ဆိုတာကတော့မှန်ပါတယ်။ ကြားသလောက်ကတော့ ဒီစစ်ရှိန်လျော့ချရေး လုပ်ဖို့အတွက်က စစ်အတွင်းအလွတ်သဘောတွေ့ဆုံတဲ့အစည်းအဝေးလောက်ပဲထင်တယ်။ ဆွေးနွေးတာ ဆုံးဖြတ်တာတွေကို ထုတ်ပြန်တာလဲမရှိဘူး။ ညွှန်ကြားတာလည်းမရှိဘူး။ သူတို့ အစည်းအဝေးမှတ်တမ်းတွေလည်းမရဘူး။ အသေးစိတ်ကတော့ဘယ်သူမှမသိဘူးထင်တယ်။ အကုန်လုံးကတော့ ဝေဖန်ကြတာတွေ နေမှာပါ။ အတိအကျဆုံးဖြတ်ချက်တွေ ဘာမှမှမရှိတာ” လို့ ဆိုပါတယ်။

အခုလို တိုက်ပွဲအရှိန်တွေလျော့ချဖို့အတွက် တရားဝင်ဆွေးနွေးပွဲပြုလုပ်တဲ့အဆင့်ကို မရောက်ခင် အလွတ်သဘောတွေ့ဆုံပွဲပြုလုပ်တဲ့သဘောမျိုးဖြစ်တာကြောင့် သဘောထားထုတ်ပြန်တာ ဆုံးဖြတ်ချက်ချတာမျိုးမရှိကြောင်း ၊ လက်ရှိ ဒေသခံတွေကြားမှာပျံ့နှံ့နေတဲ့ သတင်းတွေကိုတော့ အတည်ပြုဖို့ စောပါသေးတယ်လို့ သူကထပ်လောင်းဆိုပါတယ်။

“အမှန်ဆိုရင်တော့ နံပါတ်၁ အဆင့်ကတော့စစ်ရှိန်လျော့ချရေး ဆိုတဲ့ ဒီအချက်တွေကို လုပ်နိုင်ဖို့ တပ်နေရာချထားရေးကို အရင်ဆွေးနွေးကြတာဖြစ်မှာပါ။ ဒီတော့တပ်နေရာချထားရေးဆွေးနွေးဖို့အတွက်က အခုလိုမျိုး ဒီအလွတ်သဘောတွေ့ဆုံတဲ့အစည်းအဝေးကနေ တရားဝင်တွေ့ဆုံတဲ့အစည်းအဝေး ကို သူတို့ပြန်ရောက်ရမှာဖြစ်မှာပါ။ အခုက တရားဝင်တွေ့ဆုံတဲ့အဆင့်လည်းမရောက်သေးဘူးဆိုတော့ သဘောထားထုတ်ပြန်တာတွေ ဆုံးဖြတ်ချက်ချတာတွေ သဘောတူညီမှုထုတ်ဖို့ တွေကတော့ ဒီအလွတ်သဘောတွေ့ဆုံတဲ့နေရာမှာမရှိပါဘူး ” လို့ ၎င်းက ပြောပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ တနိုင်းမြို့ဒေသခံတစ်ဦးက “ကြားရတဲ့ သတင်းမှာ လုပ်တဲ့ဆွေးနွေးပွဲအဆင်မပြေဘူုးဆိုလို့ တနိုင်းကနေပဲထွက်ပြေးရတော့မလားပေါ့။ တနိုင်းဒေသခံတွေကလည်း နားယဉ်နေပါပြီ။ သေနတ်သံမကြားရရင် စားမ၀င်အိပ်မပျော်တော့ဘူး” လို့ပေါ်ပြူလာနုယူးစ်ကိုပြောပါတယ်။

အခုဆိုရင်လည်း တနိုင်းဒေသ KIA ရင်း ၁၄ တည်ရှိရာတစ်ဝှိုက်က ပယင်းမှော်တွေအတွင်းမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်စစ်ဘေးရှောင်တွေဟာ ထောင်ချီရှိနေပါတယ်။ သူတို့အထဲက အချို့မှာ တနိုင်းကတစ်ဆင့် နေရပ်အသီးသီးကိုပြန်နိုင်ခဲ့ကြပြီဖြစ်ပေမယ့် တစ်ထောင်ကျော်လောက်ဟာ ဒီကနေ့အထိ တနိုင်းမြို့မရောက်ခင်အပြန်ခရီးမှာပဲ ပိတ်မိနေဆဲဖြစ်ပါတယ်။ သူတို့ နေရပ်ကိုကောင်းမွန်စွာပြန်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဒေသခံတွေက စီတန်းလမ်းလျှောက်ဆန္ဒပြမှုကိုဖေဖော်ဝါရီ ၅ ရက်နေ့ကပြုလုပ်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်းက ဇနန်တံတားကို KIA ကဖျက်စီးခဲ့တဲ့နောက်ပိုင်း ပူတာအိုလမ်းပိုင်းဆက်သွယ်မှုပြတ်တောက်သွားလို့ ဒေသခံတွေဟာ ဓါတ်ဆီတစ်ပုလင်း ၅၀၀၀ ကျပ်အထိပေးသုံးနေရာပြီး စားသောက်ကုန်လူသုံးကုန်တွေအားလုံးကို ဈေးနှုန်းကြီးမြှင့်စွာနဲ့ ၀ယ်ယူသုံးစွဲနေကြရပါတယ်။ ပူတာအိုလမ်းပိုင်းလုပ်သားတွေဟာလည်း နှစ်ဖက်တပ်ရဲ့တိုက်ပွဲကြား ပိတ်မိမှာစိုးလို့ ပူတာအိုမြို့ထဲကို တိမ်းရှောင်ထွက်ပြေးပြီါ် အခု နေရပ်မပြန်နိုင်ဘဲ သောင်တင်နေကြပြန်ပါတယ်။

အလားတူ ဆွမ်ပရာဘွမ်ဒေသတစ်ဝှိုက်က ရွာတွေမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲဖြစ်ပွားလို့ ရွာသူ/သား ၇၀၀ ကျော်ဟာ တောထဲဝင်ပြေးပြီး ဒုက္ခရောက်နေကြရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*