နိုင်ငံအ၀ှမ်းဆင်ခြေထောက်ရောဂါကင်းဝေးရေးကို ငွေကျပ်သန်းပေါင်း၂၀၀၀ နီးပါးဖြင့် အစိုးရ ဆောင်ရွက်မည်

နိုင်ငံအ၀ှမ်းဆင်ခြေထောက်ရောဂါကင်းဝေးရေးကို ငွေကျပ်သန်းပေါင်း၂၀၀၀ နီးပါးဖြင့် အစိုးရ ဆောင်ရွက်မည်
January 16, 2018 AsianFame MediaGroup

2:11 pm
နိုင်ငံအ၀ှမ်းဆင်ခြေထောက်ရောဂါကင်းဝေးရေးကို ငွေကျပ်သန်းပေါင်း၂၀၀၀ နီးပါးဖြင့် အစိုးရ ဆောင်ရွက်မည်

26804531_1686431508085791_3051984895686886925_n

မန္တလေး၊ဇန်န၀ါရီ ၁၆

၂၀၁၈ ခုနှစ်အတွက် နိုင်ငံအ၀ှမ်းဆင်ခြေထောက်ရောဂါကင်းဝေးရေးဆောင်ရွက်ရာမှာ လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းစီမံချက်နဲ့ ၁၀ ရက်ကြာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီကသိရပါတယ်။

အဲဒီစီမံချက်ကို ဇန်န၀ါရီ ၂၂ ရက် မှ ၃၁ ရက်အထိ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၁ ခုက မြို့နယ် ၁၉၂ မြို့နယ်မှာဆောင်ရွက်သွားမှာပါ။

“မြန်မာနိုင်ငံအ၀ှမ်း ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ ခု၊ မြို့နယ်ပေါင်း ၁၉၂ မြို့နယ်မှာ ဆင်ခြေထောက်ရောဂါပိုးကူးစက်ခံနိုင်ခြေရှိတဲ့ပြည်သူလူထုကို ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် စီမံချက်နဲ့ဆေးတိုက်ကျွေးသွားမှာပါ” လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာဇော်လင်း(ဆင်ခြေထောက်ရောဂါကာကွယ်နှိမ်နှင်းရေးစီမံချက်) ကပြောပါတယ်။

ဆင်ခြေထောက်ရောဂါဟာ လတ်တလောသေစေနိုင်တဲ့ရောဂါမဟုတ်ပေမယ့်လည်း ခြေလက်အင်္ဂါပုံသဏ္ဍန်ပျက်ယွင်းတာကြောင့် လူမှုရေးနဲ့စီးပွားရေး တို့မှာ ထိခိုက်နစ်နာဆုံးရှုံးမှုတွေတော့ရှိတတ်ပါတယ်။

ကမ္ဘာ့လူဦးရေရဲ့သန်းပေါင်း ၁၄၀၀ ဟာ ဆင်ခြေထောက်ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်ရှိတဲ့နိုင်ငံပေါင်း ၇၃ နိုင်ငံမှာနေထိုင်လျက်ရှိပြီး အဲဒီထဲကမှ လူဦးရေသန်း ၁၂၀ ဟာ ဆင်ခြေထောက်ရောဂါကူးစက်ခံနေကြရသလို သန်း ၄၀ ကျော် ရောဂါလက္ခဏာတစ်ခုခုခံစားနေကြရပြီး သန်း ၇၀ ကျော်က တော့ ရောဂါလက္ခဏာမပြဘဲရောဂါငုပ်နေတဲ့အခြေအနေမှာရှိနေတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီကသိရ ပါတယ်။

“မန္တလေးတိုင်းဒေသကြီးမှာ ထူးထူးခြားခြားဆေးမကျွေးရမယ့်မြို့ ၆ မြို့(ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ မတ္တရာ၊ စဥ့်ကူး နဲ့ ညောင်ဦး)ရှိပါတယ်၊ နှစ်စဉ်နှစ်တိုင်းဆေးတိုက်ခဲ့တယ်၊ အဲဒီမြို့နယ်တွေဟာ ဆင်ခြေ ထောက်ရောဂါဆေးကျွေးတာကို ရပ်ဆိုင်းနိုင်သလားလို့စမ်းစစ်တဲ့လုပ်ငန်းစဉ် ၄ ဆင့် အနက် အဆင့် ၂ ဆင့်ကျော်လွှားသွားပြီ၊ ဆေးတိုက်ဖို့မလိုတော့ဘူး၊ တစ်နည်းပြောရရင် ဆင်ခြေထောက်ရောဂါကူးစက်ဖို့အတွက် တော်တော်လေး အခွင့်အရေးနည်းပါးသွားပြီ၊ ၂၀၂၀ မှာ ဆင်ခြေထောက်ရောဂါကင်းဝေးရေးရည်မှန်းချက်ထဲ မြန်မာနိုင်ငံလည်းပါပါတယ်၊ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့စီမံချက်နဲ့ဆောင်ရွက်နေကြတာပါ” လို့လည်း ဒေါက်တာဇော်လင်းကဆိုပါတယ်။

စီမံချက်ဖော်ဆောင်မယ့် ၁၀ ရက်အတွင်း အိမ်တိုင်ရာရောက်ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပြီး ပြည်သူလူထုအနေနဲ့ သေသေချာချာသောက်သုံးပေးကြဖို့ ၄င်းကတိုက်တွန်းမေတ္တာရပ်ခံထားပါတယ်။

အဆိုပါစီမံချက်အတွက် နိုင်ငံတော်ဘတ်ဂျက်မှ ကျပ်သန်းပေါင်း ၆၆၃ သန်းကျခံသုံးစွဲသွားမှာဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကျပ်သန်းပေါင်း ၅၄၃ သန်းတန်ဖိုးရှိတဲ့ DEC ဆေးပြားများ နဲ့ GSK ဆေးကုမ္ပဏီက ကျပ်သန်းပေါင်း ၇၃၉ သန်းတန်ဖိုးရှိတဲ့ Albendazole ဆေးပြားများ လှူဒါန်းထား တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဆီကသိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*