ထိုင်းမှပြန်ဝင်လာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ ထိုင်းလ၀က ကို တရားဝင် အကြောင်းကြားရန် လိုအပ်

ထိုင်းမှပြန်ဝင်လာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ ထိုင်းလ၀က ကို တရားဝင် အကြောင်းကြားရန် လိုအပ်
December 8, 2017 Asian Fame

1:35 pm
ထိုင်းမှပြန်ဝင်လာမည့် မြန်မာရွှေ့ပြောင်း လုပ်သားများ ထိုင်းလ၀က ကို တရားဝင် အကြောင်းကြားရန် လိုအပ်

Thai(မြ၀တီ ၊ ဒီဇင်ဘာ ၈)

ဒီဇင်ဘာ ၇ရက်နေ့က ထိုင်းကနေ ပြန်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၇ ဦးဟာ ထိုင်းဖက်က လ၀ကကို တရားဝင်အကြောင်းမကြားခဲ့တာကြောင့် မြန်မာနိုင်ငံဖက်ခြမ်း(မြ၀တီ)ကျောက်လုံးကြီးစခန်းက ချက်ခြင်းဝင်ခွင့်မပြုခဲ့ပါဘူး။ 

အဆိုပါ လုပ်သား ၁၀၇ ဦးဟာလဲ ထိုင်းဘက်အခြမ်း ချစ်ကြည်ရေးတံတားအနီးမှာ ထိုင်စောင့်နေခဲ့ရပြီး နေ့လည်ခင်း ၂ နာရီခန့်မှသာ မြန်မာဘက်အခြမ်းကိုဝင်ခွင့်ရခဲ့ကြပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မြ၀တီကျောက်လုံးကြီးစခန်းတာဝန်ခံ ဦးသန်းထိုက်ဦး က “အလုပ်သမားတွေက ဟိုဘက်အခြမ်းကထိုင်းလ၀က ကိုတရားဝင်အကြောင်းမကြားဘဲ ၀င်လာခဲ့တယ်။ ၀င်မယ်ဆိုရင် ဟိုဘက်ကတည်းက ထိုင်းလ၀က ကို တရားဝင်အကြောင်းကြားရတယ်။ အဲ့ဒီလိုမဟုတ်ဘဲ တစ်ဦးတစ်ယောက်ကနေ ဒီအလုပ်သမားတွေကို ခေါ်ပေးပါဆိုရင် ကျွန်တော်တို့ဘက်ကခေါ်ဖို့ခဲယဉ်းတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြောတယ်။ ဒီလူတွေကို ထိုင်းလ၀ကဆီကို သတင်းသွားပို့ပေးပါလို့။ ထိုင်းလ၀က နဲ့သူတို့ရောက်နေတဲ့ နေရာက ဘယ်လောက်မှမဝေးဘူး။ သူတို့က ထိုင်းလ၀က ကိုအကြောင်းကြားလိုက်တာနဲ့ ထိုင်းလ၀က က ဒီလူတွေကို အမည်စာရင်းကောက်ပြီး ကျွန်တော်တို့ကို အကြောင်းကြားတယ်။ အဲ့လိုဆို နှစ်နိုင်ငံချစ်ကြည်ရေးတံတားကိုဖြတ်ပြီး ကျွန်တော်တို့က အလုပ်သမားတွေကို ကားတွေနဲ့တရားဝင်သွားခေါ်လို့ရတယ်။ ထိုင်းဘက်ကမှာ အလုပ်သမားတစ်ယောက်က အခက်အခဲဖြစ်နေပြီ ပြန်လာမယ် ဆိုရင်ပထမဥိးဆုံးဆက်သွယ်ရမှာ က အလုပ်သမားသံအရာရှိပဲ ။ သံအရာရှိ ၅ ဦးရှိတယ်။ သူတို့အနေနဲ့ အလုပ်သမားအခက်အခဲဖြစ်နေတယ်ဆိုရင် ထိုင်းလ၀က ရုံးကိုတရားဝင်သတင်းပို့ရင်ပို့ မပို့ရင် သံအရာရှိကိုဆက်သွယ် ဒီလိုလုပ်မှရတယ်။ မဟုတ်ရင် အခုလိုကြတော့ နှစ်နိုင်ငံအရ ကျွန်ောတ်တို့ဘက်က လုပ်ရကိုင်ရတာတော်တော်လေးခက်ခဲတယ်။ ပြီးတော့ ကျွန်တော်တို့က လက်မခံဘူးလို့မပြောဘူး ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်

လုပ်သားတွေဝင်ခွင့်မရတဲ့ကိစ္စနဲ့ပတ်သတ်ပြီး လုပ်သားတွေကို သွားရောက်ကူညီခဲ့တဲ့ ထိုင်းအခြေစိုက် AAC အဖွဲ့(Aid Alliance Committee For Myanmar Workers)က ကိုရဲမင်းက သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ကျောက်လုံးကြီးစခန်းက ဘာကြောင့်လက်မခံတာလဲလို့ ရေးသားထားပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေအနေနဲ့ နေ့ခင်း ၂ နာရီလောက်မှာ ၀င်ခွင့်ရခဲ့ ပြီး ညနေ ၆ နာရီမှာအလုပ်သမားတွေအားလုံး သက်ဆိုင်ရာဒေသတွေကို ပြန်သွားခဲ့တယ်လို့သိရပါတယ်

အဆိုပါ အလုပ်သမား ၁၀၇ ဦးအထဲက ရန်ကုန်ထိသာပြန်မယ့် ၃ ဦးကို ရန်ကုန်အထိကားလက်မှတ်ဖြတ်ပေးလိုက်ကြောင်း ၊ ရန်ကုန်ကနေ ခရီးဆက်ရမယ့် ၈၁ ဦးကို ကားလက်မှတ်ဖြတ်ပေးလိုက်တဲ့အပြင် ကျပ်တစ်သောင်း စီလည်း ထပ်ပေးလိုက်ကြောင်း၊ ညနေစာကျွေးမွေးပြီး ရန်ကုန်အပြန်ကားပေါ်တွင်စားသောက်ရန် ထမင်းထုပ်များပါထည့်ပေးလိုက်ကြောင်း ဦးသန်းထိုက်ဦးက ဆိုပါတယ်။

ဒီအလုပ်သမား ၁၀၀ ကျော်ထဲမှာ ၂၃ ဦးကတော့ အေဂျင်စီတွေ နဲံ့ပတ်သတ်တဲ့အတွက် အေဂျင်စီတွေအနေနဲ့ သူတို့ရဲ့ ကိစ္စအ၀၀ကိုတာဝန်ယူရမယ်ဆိုပြီး အေဂျင်စီတွေလက်ထဲ အပ်လိုက်ကြောင်း သိရပါတယ်။

“အေဂျင်စီနဲ့သွားတာတော့မဟုတ်ဘူး။ ဒါပေမဲ့ အေဂျင်စီတွေရဲ့ပတ်သတ်ရာပတ်သတ်ကြောင်း ၀န်ထမ်းတွေ ပွဲစားတွေက တရားမ၀င်ပို့လိုက်တဲ့ဟာတွေ ။ ဒီအတွက် အေဂျင်စီတွေအနေနဲ့လည်း သူတို့ ၀န်ထမ်းတွေအပေါ်မှာ ဘယ်လို action ယူမလဲဆိုတာတွေကိုလည်းဖြှေရှင်းဆောင်ရွက်ပေးဖို့ အလုပ်သမားတွေ ဆုံးရှုံးမှုတွေကိုလည်း ဖြည့်ဆည်းပေးဖို့ အေဂျင်စီတွေကို တာဝန်ပေးလိုက်ပါပြီ “လို့ ဦးသန်းထိုက်ဦးကထပ်လောင်းဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိလုပ်ကိုင်နေတဲ့ အထောက်အထားမဲ့ လုပ်သားတွေနဲ့ပတ်သတ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်တွေပါဝင်တဲ့ ဥပဒေတစ်ရပ်ကို ထိုင်းအစိုးရက ထုတ်ပြန်ပြီးနောက်ပိုင်း ဖမ်းဆီးမယ့်ကာလကိုတော့ ၆ လဆိုင်းငံ့ပေးထားပါတယ်။ ဒီ ၆လအတွင်းမှာ ထိုင်းကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားတွေကို ရှာဖွေပြီး စုစည်းထားကာ မြန်မာဘက်အခြမ်းကို တရားဝင်အကြောင်းကြားပြီးလွှဲပြောင်းပေးတာဖြစ်ပါတယ်။ အလားတူ မိမိတို့သဘောဆန္ဒအလျောက်ပြန်လာချင်တဲ့အလုပ်သမားတွေအနေနဲ့လည်း ထိုင်းလ၀က ကိုအကြောင်းကြားပြီးပြန်လာလို့ရနေပါတယ်။

ထိုင်းအခြေစိုက် ရွှေ့ပြောင်းလုပ်သားအခွင့်အရေးကွန်ရက် MWRN ဥက္ကဌ ဦးစိန်ဌေးက တော့ ဒီလိုပြဿနာဟာ ဖြစ်နေကျမဟုတ်ဘူးလို့ ဆိုပါတယ်။

“မြန်မာပြည်ပြန်တယ်ဆိုရင် ကျောက်လုံးကြီးစခန်းက ထိုင်းလဝက မြန်မာလဝက အလုပ်သမားဌာန အဲ့လိုနှစ်ဖက်ညှိနှိုင်းပြီးပို့ကြ ကြိုကြတာပေါ့။ အဲ့ဒီမှာလည်း အဓိက က အထောက်အထားမဲ့တဲ့သူတွေ ထိုင်းရဲဖမ်းတာခံရသူတွေကိုကြိုတာပါ ။ တကယ်လို့ စီအိုင် ပတ်စ်ပို့ စတဲ့အထောက်အထားတွေရှိနေရင်တော့ ကိုယ့်ဖာသာ တရားဝင် အဝင်အထွက် ပြည်ဝင်ပြည်ထွက်ပေါ့လေ။ တံဆိပ်တုံးထုပြီး ပြန်နိုင်ပါတယ်။ အခုဖြစ်တဲ့ကိစ္စကတော့ ကျွန်တော်လည်း အချက်အလက်အတိအကျ အသေအချာမသိရတော့ ဘာကြောင့် ဘာအခက်အခဲဖြစ်လဲ မပြောနိုင်ဘူးပေါ့” လို့ ဦးစိန်ဌေးက မှတ်ချက်ပြုပါတယ်။

ထိုင်းနိုင်ငံကိုရောက်ရှိနေပြီး အထောက်အထားမဲ့ဖြစ်နေတဲ့ မြန်မာလုပ်သားတွေ ကျောက်လုံးကြီးစခန်းကနေတစ်ဆင့် ပြည်တော်ပြန်ကြခဲ့တာဟာစခန်းစဖွင့်တဲ့ ၆ လပိုင်းကနေဒီကနေ့ထိဆိုရင် ၄၈၀၀၀ ကျော်ပြီဖြစ်ပါတယ်။

စိုင်းလမင်း + ရဲလွင်
Photo – AAC

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*