မြန်မာနိုင်ငံတွင် တစ်နာရီကို ၁ယောက်နှုန်း HIV ပိုး ကူးစက်ခံရသူလူသစ်များရှိနေ

မြန်မာနိုင်ငံတွင် တစ်နာရီကို ၁ယောက်နှုန်း HIV ပိုး ကူးစက်ခံရသူလူသစ်များရှိနေ
December 1, 2017 Asian Fame

2:46 pm
မြန်မာနိုင်ငံတွင် တစ်နာရီကို ၁ယောက်နှုန်း HIV ပိုး ကူးစက်ခံရသူလူသစ်များရှိနေ

ရန်ကုန်၊ဒီဇင်ဘာ၁

နိုင်ငံအတွင်း HIV ပိုး ကူးစက်နေမှုပမာဏမှာ နေ့စဉ် လူသစ်၃၀ခန့်ကိုကူးစက်နေ၍ တစ်နာရီကို ၁ယောက်နှုန်းကူးနေသည်ဟု ပြောနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။

ရန်ကုန် သူနာပြုတက္ကသိုလ်တွင် ယနေ့ကျင်းပသည့် ၂၀၁၇ခုနှစ်၊ကမ္ဘာ့ခုခံအားကျဆင်းမှုတိုက်ဖျက်ရေးနေ့အခမ်းအနား၌ အထက်ပါစကားကိုပြောခြင်းဖြစ်သည်။

၂၀၁၆ခုနှစ် အတွင်းမြန်မာနိုင်ငံတွင် HIV ပိုးကူးစက်ခံရသူအသစ် ၁၁၀၀၀ခန့် ရှိပြီး၊၎င်းတို့အနက်မှ ဦးတည်အုပ်စုများဖြစ်သည့် မူးယစ်ဆေးအကြောထဲထိုးသွင်းသူများတွင် ၂၉ရာခိုင်နှုန်း၊လိင်လုပ်သားများ၏ အမျိုးသားလိင်ဆက်ဆံဖော်များတွင် ၂၃ရာခိုင်နှုန်း၊
အမျိုးသားချင်းလိင်တူဆက်ဆံသူများတွင် ၁၃ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်လုပ်သားများတွင် ၇ရာခိုင်နှုန်း ရှိကြောင်းလည်း ညွှန်ကြားရေးမှူးချုပ်က ဆက်ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် HIV ပိုးရှိသူကို လွန်ခဲ့သော ဆယ်စုနှစ် ၃ခုနီးပါးက စတင်တွေ့ရှိခဲ့ပြီး၊၂၀၁၆ ခုနှစ်တွင် HIV ပိုးရှိသူ ၂သိန်း၂သောင်း ခန့် ရှိကြောင်း ၎င်းထံမှသိရသည်။

HIV ပိုးရှိသူ ၂သိန်း၂သောင်း ခန့် ပမာဏထဲတွင် ညွှန်ကြားရေးမှူးချုပ်ယခုပြောသည့် HIV ပိုး ကူးစက်ခံရသည့် လူသစ်များအရေအတွက် ပမာဏမပါသေးပေ။

ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက မြန်မာနိုင်ငံ၏ HIV ပိုး ကူးစက်မှု ပမာဏမှာ အာရှ-ပစိဖိတ် ဒေသအတွင်း ဆဌမမြောက်အများဆုံး ဖြစ်နေသည်ဟု ပြောသည်။

ကချင်ပြည်နယ်၊ရှမ်း(မြောက်)၊မန္တလေးတိုင်းနှင့်ရန်ကုန်တိုင်းတို့တွင် HIV ဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်နေသည်ကို တွေ့ရကြောင်းပါ ဦးနိုင်ငံလင်းက ပြောသည်။

MTA/သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*