တစ်နှစ်မှာ ၅ လပုံမှန် ဆန်စပါးပြတ်တဲ့ နာဂတို့မြို့နယ် နန်းယွန်း

တစ်နှစ်မှာ ၅ လပုံမှန် ဆန်စပါးပြတ်တဲ့ နာဂတို့မြို့နယ် နန်းယွန်း
November 20, 2017 Asian Fame

11:14 am
တစ်နှစ်မှာ ၅ လပုံမှန် ဆန်စပါးပြတ်တဲ့ နာဂတို့မြို့နယ် နန်းယွန်း

1ဆန်စပါးရှားလို့ တစ်နှစ်မှာ ၅ လ ပုံမှန်အခက်ကြုံနေရတဲ့ နန်းယွန်းမြို့အတွက် ဆန်နဲ့စက်သုံးဆီခွဲတန်းကို အခုစတင်ယူထားတယ်လို့သိရပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် ၃ ခုထဲက တစ်မြို့နယ်ဖြစ်တဲ့ နန်းယွန်းမြို့နယ်ဟာ တောင်ကြားမှာတည်ထားတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အတွက် တောင်ယာသာရှိပြီးတောင်ယာစပါးကိုသာအဓိကမှီိခိုစားသောက်ရပါတယ်။

နန်းယွန်းမြို့နယ်ထဲမှာ တောင်ယာ ၄၈၀၀ ဧက နဲ့ ရွှေ့ပြောင်းတောင်ယာ ၁၇၀၄ ဧကရှိပါတယ်။

မြေပြန့်မှာလို ထွန်ယက်ရေသွင်းပြီးစိုက်ပျိုးတာမျိုးမဟုတ်ဘဲ တောင်စောင်းမှာပေါက်ပြားနဲ့ပေါက်ပြီးစပါးစိုက်တာ ၊ တုတ်ချောင်းနဲ့ထိုးပြီးစပါးစိုက်တာမျိုးဖြစ်ပါတယ်။ အားလုံးကတော့ လက်မှုလယ်ယာလို့ ဆိုရမှာဖြစ်ပါတယ်။ တစ်ခြားသီးညှပ်အနေနဲ့ ပီလောပီနံ ၊ မျောက်ဥ ၊ ပိန်းဥ တွေစိုက်ပျိုးပြီးဆန်စပါးပြတ်လပ်တဲ့အခါမှာ ဒါတွေကိုစားသုံးကြပါတယ်။

ရှိတဲ့တောင်ယာဧကနဲ့ သေချာစိုက်ပျိုးရင် ဆန်စပါးလုံလောက်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နန်းယွန်းမြို့ဟာ တစ်နှစ်ဟာ ပုံမှန် ၅ လလောက် ငတ်ရတယ်လို့ နန်းယွန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

“စပါးက ၁၀ လပိုင်းမှာစပေါ်တယ်။ တောင်ယာစပါးပဲပေါ့နော်။ စပါးပေါ်ပြီး ဇန်န၀ါရီလ ၊ ဖေဖော်ဝါရီ ၊ မတ် ၊ အဲ့ဒီလတွေမှာ အဆင်ပြေတယ်။ ပြီးရင် ဧပြီ ၊ မေ ၊ ဇွန် ၊ ဇူလိုင် ၊ သြဂုတ် ၊ အဲ့ဒီလတွေက အငတ်ဆုံးလတွေပဲ ။ ငတ်တာမှ စားစရာမရှိလောက်အောင်ကိုငတ်တာ ” လို့ နန်းယွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် ကပြောပါတယ်။

နန်းယွန်းမြို့ရဲ့ တောင်ယာတွေဟာ မြေဆီမြေသြဇာ ကောင်းမွန်ခြင်းမရှိတာကြောင့် တစ်ဧကမှ စပါး ၃၅ တင်းသာထွက်ရှိပါတယ်။

စပါးပိုထွက်စေဖို့ ရွှေ့ပြောင်းတောင်ယာ ၁၇၀၄ ဧကကို အခြေချတောင်ယာအဖြစ်ပြောင်းလဲနိုင်ရေးဆောင်ရွက်ခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ လက်မခံတာကြောင့် ဒီအစီအစဉ်ဟာ မအောင်မြင်ခဲ့ဘူးလို့ နန်းယွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမော်မော်က ပြောပါတယ်။

“ရွှေ့ပြောင်းတောင်ယာဆိုတာက ဒီနှစ် ဒီနေရာမှာစိုက်တယ်။ စပါးပေါ်လို့ရိပ်သိမ်းပြီးရင် နောက်နှစ်မှာနောက်တစ်နေရာကို တောင်ယာခုတ်ထွင်ရှင်းလင်းပြီး ပြောင်းစိုက်တယ်။ အဲ့လိုတွေစိုက်သွားစိုက်သွားပြီး နောက်ဆယ်နှစ်လောက်ကြာရင် အရင်ဆုံးစိုက်ခဲ့တဲ့နေရာမှာပြန်လာစိုက်တယ်။ ရွှေ့ပြောင်းစိုက်နေတဲ့အတွက် မြေအသစ်မှာ ပြောင်းပြောင်းစိုက်နေတော့ မြေဆီမြေသြဇာကျွေးစရာမလိုတော့ဘူး။ တစ်ကယ်လို့ အခြေချတောင်ယာစိုက်မယ်ဆိုရင်တော့ နှစ်စဉ်မြေကိုပြန်လည်ပြုပြင်တာ မြေဆီထည့်တာ မြေသြဇာထည့်တာတွေ လုပ်ရမယ်။ ဒါကို ဒေသခံတွေက မလုပ်ချင်ကြဘူး။ ကျွန်တော်တို့ ဟောပြောပွဲတွေများစွာလုပ်ပြီး စည်းရုံးတယ်။ မရဘူး။ အခြေချတောင်ယာဖြစ်လာမယ်ဆိုရင်တော့ ဧကပိုများလာပြီးစပါးပိုထွက်လာနိုင်တယ်။ ဒါဆို ဆန်ရှားတဲ့ပြဿနာကိုတစ်နည်းလမ်းနဲ့ဖြေရှင်းရာရောက်တယ်” လို့ ဦးမော်မော်က ဆိုပါတယ်။

ဒီလိုစိုက်ပျိုးတဲ့အထဲမှာမှ မိုးများရင်သော်လည်းကောင်း ၊ ကြွက်ကိုက်ရင် သော်လည်းကောင်း တောင်ယာပျက်လို့ စပါးအထွက်ကျပါသေးတယ်။
တောင်ယာစိုက်ပျိုးသူ တစ်ဦးက “မနှစ်က ကြွက်နှိပ်စက်လို့ တော်တော်လေးပျက်စီးတယ်။ ကျွန်တော့စပါးတွေလည်းပျက်စီးတယ်။ မြေသြဇာဖိုးတွေ ကြတော့ ကျွန်တော်တို့အနေနဲ့မတက်နိုင်ကြဘူးလေ။ တစ်ခြားစီးပွားရေးကလည်း ဒီမှာဘာမှလုပ်စရာမှမရှိတာ” လို့ ဆိုပါတယ်။

အဆိုပါတောင်ယာစပါးတွေကို စားသောက်ဖျက်စီးတက်တဲ့ကြွက်ဟာ မြေပြန့်ဒေသကလို လယ်ကြွက်မဟုတ်ဘဲ တစ်လက်မသာသာရှိတဲ့ ကြွက်အသေးစားလေးတွေဖြစ်ပါတယ်။
“ကြွက်ဆိုလို့ အောက်ပိုင်းမှာလို လယ်ကြွက်မဟုတ်ဘူးနော်။လက်မလောက်ရှိတဲ့ကြွက်သေးသေးလေးတွေ။ ကြွက်ဖလောင်းခေါ်မလားပဲ။ အကောင်းသေးတော့ စပါးကို အနှံထိပ်ဖျားထိ တက်စားတယ်” တောင်ယာစိုက်ပျိုးသူတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် နန်းယွန်းမြို့မှာ ဆန်စပါးရှားပါးပြီး ငတ်ရခြင်းအခြားသောအကြောင်းအရင်းတွေများစွာရှိနေပါသေးတယ်။ မြေပြန့်ဒေသခံနဲ့ အလှမ်းကွာပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ ၊ ခေတ်မီတိုးတက်မှုနည်းပါးတာတွေကလည်း နန်းယွန်းမြို့ရဲ့ ဆန်းစပါးပြဿနာကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေများစွာထဲက တစ်ခုဖြစ်နေပါတယ်။

နန်းယွန်းမြို့ကတောင်ယာစိုက်ပျိုးသူတွေဟာ ဆန်စပါးကို စားလောက်ရုံသာစိုက်ပျိုးကြပါတယ်။ ရှိတဲ့တောင်ယာမြေဟာလည်း စားလောက်ရုံသာစိုက်ပျိုးလို့ရပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် က ” တောင်ယာတစ်ခုနဲ့တစ်ခုနဲ့က အထွက်မတူကြဘူး။ ဥပမာ တစ်ယောက်ရဲ့လယ်ကနေ ဒီနှစ်အတွက် စပါးတင်း ၅၀ ထွက်တယ်ဆိုပါစို့ ။ သူတို့မိသားစုစားတာက ဒီနှစ်အတွက် တင်း ၇၀ ဆိုရင် သူ့မှာ တင်း ၂၀ လိုအပ်တယ်။ နောက်မိသားစုတစ်ခုက စပါးတင်း ၁၀၀ထွက်တယ်ဆိုပါစို့ ၊ သူ့မိသားစုစားတာက တင်း၇၀ ဆိုရင် သူ့မှာ တင်း ၃၀ ပိုတယ်။ ဒါပေမဲ့ သူက အဲ့ဒီပိုနေတဲ့ တင်း ၃၀ ကို ထုတ်မရောင်းဘူး။ အရင့်အရင်တွေက ဖြစ်လာတဲ့ ဆန်စပါးရှားတာ ၊ ငတ်ခဲ့တာတွေကြောင့် သူဟာ ထုတ်မရောင်းတော့ဘူး သိုလှောင်ထားလိုက်တယ်။ ဒီတော့ ခုနက စပါးတင်း ၂၀ လိုတဲ့ မိသားစုက ၀ယ်စားစရာနေရာမရှိဘူး ” လို့ပြောပါတယ်။

ဒါကြောင့်ပြီးခဲ့တဲ့ လပိုင်းကဖြစ်ပွားခဲ့တဲ့ နန်းယွန်းမြို့ရဲ့ အငတ်ဘေးပြဿနာမှာ ဆန်းစပါးသိုလှောင်ထားတဲ့ အိမ်တွေကနေ ရှိတာထဲက တစ်ချို့တစ်ဝက်ကို ထုတ်ရောင်းပေးဖို့ပြောဆို ကာဝေငှစားသောက်ခဲ့ရတယ်လို့ သူကထပ်လောင်းဆိုပါတယ်။

လက်ရှိဆိုရင်လည်း အဆိုပါဒေသမှာ စပါးပေါ်ချိန်လို့ဆိုရမှာဖြစ်ပြီး အချို့ကျေးရွာတွေမှာ စပါးစတင်ရိပ်သိမ်းနေပြီဖြစ်ပါတယ်။

6စပါးရိပ်သိမ်းမှုနဲ့ပတ်သတ်လို့ နန်းယွန်းမြို့ဒေသခံအချို့မှာ ပြုလုပ်လေ့ရှိတဲ့အမူအကျင့်တစ်ခုရှိပါသေးတယ်။ စပါးပေါ်ချိန်ရောက်တာနဲ့ တောင်ယာပိုင်ရှင်ဟာ စပါးကို တစ်နေ့စာ တစ်နေ့စားလောက်ရုံပဲ သွားရောက်ရိပ်သိမ်းတာဖြစ်ပါတယ်။ တစ်ရက် တစ်ပြည်ကုန်ရင် တစ်ရက်တစ်ခါ တစ်ပြည် သာ သွားရောက်ရိတ်သိမ်းတဲ့ပုံစံ၊ စိုက်ပျိုးသမျှရဲ့ သုံးပုံပုံ ၂ ပုံကိုသာရိတ်ထားပြီးစားသောက်တဲ့ပုံစံ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး စိုက်ပျိုးရေးဦးစီးအရာရှိ ဦးမော်မော်က “လိုသလောက်ပဲသွားရိတ်ပြီး ကျန်တာကိုဒီအတိုင်းထားထားတယ်။ ဒီတော့ သူ့တောင်ယာကစပါးလည်းကုန်ရော သူလည်းစားစရာမရှိရော ” လို့ ဆိုပါတယ်။
နန်းယွန်းမြို့နယ်ထဲက ဒုံဟီးမြို့နယ်ခွဲကတော့ နန်းယွန်း-လဟယ်လမ်းပေါ်မှာတည်ရှိပြီး ဆန်စပါးလုံးဝမထွက်ပါဘူး။ ဆန်စပါး အစား ခွေးမြှီးဆန်လို့ခေါ်တဲ့ အ၀ါရောင်ဘက်သန်းတဲ့ ဆန်တစ်မျိုးကို ဒေသခံတွေစားသောက်ကြပါတယ်။ အစေ့ထုတ်ပြောင်းကိုလည်း စိုက်ပျိုးကြပါပြီး စားသောက်ကြပါတယ်။ နေထိုင်သူအားလုံးနီးပါးဟာ နာဂတိုင်းရင်းသားများသာဖြစ်ပြီး ယခင်ကတည်းက အဆိုပါ ဆန်မျိုးကိုစားသောက်လာတဲ့အတွက် အခက်အခဲသိပ်မရှိပေမယ့် ဒုံဟီးမြို့နယ်ထဲက ကျေးလက်ကျောင်းတွေ ရုံးတွေမှာတာဝန်သွားရောက်ထမ်းဆောင်တဲ့ မြေပြန့် ၀န်ထမ်းတွေအတွက် တော့ စားသောက်နိုင်ဖို့ခက်ခဲပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးပိုမိုခက်ခဲတဲ့အတွက် သယ်ယူပို့ဆောင်ရေးဟာလည်းမလွယ်ကူလှပါဘူး။

နန်းယွန်းမြို့နယ်ထဲက ပန်ဆောင်မြို့နယ်ခွဲကတော့ မြန်မာ-အိန္ဒိယ နယ်စပ်မှာတည်ရှိပြီး ရေခံမြေခံကောင်းမွန်တဲ့အပြင် ချိုင့်ဝှမ်း ၊ အင်းတစ်ခု ၊ နဲ့ လယ်ဧကတော်တော်များများကိုပိုင်ဆိုင်ထားတဲ့ တစ်နှစ်တစ်နှစ်ကို
ဆန်းစပါးတော်တော်များများထွက်ရှိပါတယ်။ လယ်ဧက ၄၅၄၅ ဧကရှိပြီး တောင်ယာ ၄၆ ဧက ရှိပါတယ်။

5နန်းယွန်းမြို့မှာ ရေမြေမကောင်းလို့ တစ်ဧက တင်း ၃၅ တင်းသာထွက်ရှိပေမယ့် ပန်ဆောင်မြို့ပေါ်မှာတော့ တစ်ဧက ကို တင်း ၉၀ ပတ်ဝန်းကျင်မှာထွက်ရှိပါတယ်။
ဒါပေမဲ့ နန်းယွန်းနဲ့ ပန်ဆောင်မြို့ဟာ မိုင် ၃၀ကျော်ဝေးပြီး လမ်းခရီးကြမ်းတမ်းခက်ခဲလွန်းတာကြောင့် နန်းယွန်းမြို့ရဲ့ဆန်စပါးရှားပါးမှုပြဿနာကို ပန်ဆောင်မြို့ဟာမကူညီနိုင်ခဲ့ပါဘူး။
ရံဖန်ရံခါ ဆိုင်ကယ်နဲ့တစ်အိတ်စ နှစ်အိတ်စ သယ်ဆောင်ပြီး နန်းယွန်းမှာ ခွဲဝေစားသောက်ခဲ့တယ်လို့ နန်းယွန်းဒေသခံ တစ်ဦးက ဆန်းစပါးရှားပါးခဲ့စဉ်ကာလက ကြုံတွေ့ခဲ့ရတဲ့အခြေအနေအပေါ်ပြန်ပြောပြပါတယ်။

9ဒီဒေသမှာ ဆန်တစ်အိတ်ဟာ ပုံမှန်ဈေး ကျပ်သုံးသောင်းပတ်ဝန်းကျင်မှာ ရှိပေမယ့် ဆန်းရှားပါးစဉ်က နန်းယွန်းမြို့မှာ ကျပ် ၆၅၀၀၀ ထိ တက်သွားခဲ့ပါတယ်။ ဒီဈေးနှုန်းကို ဒေသခံတွေ မတက်နိုင်တဲ့အတွက် အခက်အခဲဖြစ်ကြရတယ်လို့ နန်းယွန်းမြို့အတွင်း ဈေးဆိုင်ဖွင့်ထားတဲ့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။

ဒီလိုခက်ခဲတဲ့အခြေအနေတွေကြောင့် ပြည်နယ်အစိုးရကနေတစ်ဆင့် တင်ပြညှိနှိုင်းဆောင်ရွက်ပြီး အခုလ နန်းယွန်းမြို့အတွက် ဆန်ခွဲတန်း အိတ် ၂၅၀၀ နဲ့ စက်သုံးဆီ ပီပါ ၇၀၀ ယူခဲ့ရတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဆိုပါတယ်။
အဆိုပါ ဆန်နဲ့ စက်သုံးဆီ သယ်ဆောင်တဲ့လမ်းကြောင်းဟာ ကချင်ပြည်နယ်ထဲကနေတစ်ဆင့် စစ်ကိုင်းတိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၀င်ရောက်ရတာဖြစ်ပါတယ်။ ကချင်ပြည်နယ်ထဲက မိုးကောင်း(သို့) နမ္မတီး – တနိုင်း – ရှင်ဗွေယန် – နန်းယွန်း စတဲ့လမ်းကြောင်းအတိုင်းသယ်ဆောင်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လပိုင်း အတွင်းက တနိုင်းဒေသမှာရှိတဲ့ ရွှေနဲ့ပယင်းထွက်ရှိရာ မှော်ဆယ်ခုကို တပ်မတော်ကနေ နယ်မြေရှင်းလင်းရေးလုပ်မယ်ဆိုတဲ့ အကြောင်းကြားစာတွေ ရဟက်ယာဉ်ပေါ်က ကြဲချပြီးနောက်မှာ KIA ထိန်းချုပ်ဧရိယာက မှော်တွေထဲကို ဆန်နဲ့စက်သုံးဆီဖြတ်မယ်ဆိုပြီး မိုးကောင်း(သို့)နမ္မတီး – တနိုင်း – ရှင်ဗွေယန် လမ်းတစ်လျှောက်မှာ ဆန်နဲ့စက်သုံးဆီသယ်ဆောင်ဖြတ်သန်းခွင့်ကို ပိတ်ထားခဲ့တာ အခုထိပါပဲ။ ဒါကြောင့် နန်းယွန်းမြို့အတွက် လိုအပ်တဲ့ ဆန်နဲ့ဆီကို ခွဲတန်းတောင်းဆို သယ်ဆောင်ရတာဖြစ်ပါတယ်။

“သယ်မယ်ဆိုတော့ ယာဉ်တန်းနဲ့တစ်ခါတည်း သယ်ရမယ် ဆိုတော့ ကျွန်တော်တို့ ဒီဘက် ရှင်ဗွေယန်နဲ့ နန်းယွန်းလမ်းပိုင်းကြတော့ အဆင်မပြေတော့ဘူး။ သရီးကရောင်းကာတစ်စီးက ဆန် ၂၅၀ အိတ်တင်တယ်။
7ဒါပေမဲ့ ရှင်ဗွေယန်ရောက်ရင် အိတ် ၂၅၀ ကို ၂ စီးခွဲပြီး သယ်ရတယ်။ တောင်တက်ခရီးမို့လို့။ မိုးရွာရင်လည်းသယ်မရဘူး။ ဒီလိုအခက်အခဲတွေကြောင့် ခွဲပြီးသယ်ဖို့ပြောဆိုညှိနှိုင်းကြည့်တော့ ခွဲသယ်ခွင့်ရတယ်။ အခုတော့ ဆန်အိတ် ၉၅၀ နဲ့ ဆီပီပါ ၂၀၀ ရောက်ပါပြီ။ ကျန်တာတွေဆက်သယ်ဖို့လုပ်နေတုန်းပါ ” လို့ နန်းယွန်းထွေအုပ် ဦးဇော်မော်အောင်က ပြောပါတယ်။

နန်းယွန်းမြို့ရဲ့ နှစ်စဉ်ဆန်စပါးရှားပါးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့အရေးဟာ ဒေသခံတွေရဲ့ အသိညဏ်ပညာ တိုးတက်ဖို့ ၊ ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးတွေ အဆင်ပြေချောမွေ့ဖို့ စတဲ့ အကြောင်းအရင်းတွေ အပေါ်အခြေခံနေတယ်လို့ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

နန်းယွန်း-ရှင်ဗွေယန် လမ်းပိုင်း ၊ နန်းယွန်း- ပန်ဆောင် လမ်းပိုင်းကိုလည်း လာမယ့် ၂၀၁၈-၁၉ မှာ ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ဖို့ ဘက်ဂျက်တင်ထားတယ်လို့ သိရပါတယ်။

3“ကျွန်တော်တို့က ဒီဒေသမှာ ရုပ်ပိုင်းဆိုင်ရာ(physically) ပြောင်းလဲဖို့ကိုတော့ ဆောင်ရွက်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒေသခံတွေရဲ့ ဘယ်လိုပြောရမလဲ အသိညဏ်၊ ခေတ်မှီတိုးတက်အောင် ပွင့်လင်းလာအောင် မလုပ်နိုင်သေးဘူး။ ဒါကလည်း အခုကြုံနေရတဲ့ပြဿနာတွေကို ရေရှည်နေစေတဲ့အကြောင်းအရင်းတွေလို့ပဲ ဆိုရမလားပဲ ” လို့ နန်းယွန်းမြို့နယ် အာဏာပိုင် အဖွဲ့အစည်းက အမည်မဖော်လိုသူအရာရှိတစ်ဦးက မှတ်ချက်ပြုပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*