တပ်မတော်နှင့် TNLA တိုက်ပွဲအတွင်း အရပ်သားအဖွားအိုတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

တပ်မတော်နှင့် TNLA တိုက်ပွဲအတွင်း အရပ်သားအဖွားအိုတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး
May 3, 2017 Asian Fame

2:17 pm
တပ်မတော်နှင့် TNLA တိုက်ပွဲအတွင်း အရပ်သားအဖွားအိုတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

ရဲလွင်
ရန်ကုန်၊ မေ ၂

မေလ ၂ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ တပ်မတော်နှင့် တအာင်း/ပလောင် TNLA တို့ကြား ဖြစ်ပွားသည့် တိုက်ပွဲအတွင်း အရပ်သားအဖွားအိုတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

မေလ ၂ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲသည် ရှမ်းမြောက်ဒေသ နမ့်ခမ်းမြို့နယ်၊ ကောင်း ခေကျေးရွာနှင့် ပန်စံကျေးရွာကြားတွင် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲ ကြောင့် နမ့်ဟွမ်ကျေးရွာရှိ ဒေါ်အမ်(ခ)ယားလိုင် နေအိမ်ကို လက်နက်ကြီးကျည် ထိမှန်ကာ နေအိမ်အတွင်းရှိ အသက် ၈ဝ အရွယ် ဒေါ်အမ်(ခ) ယားလိုင် သေဆုံးသွားကြောင်း တအာင်း/ ပလောင် TNLA က သတင်းထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ မေလ ၂ ရက် ညနေပိုင်း သတင်းရေးသားချိန်အထိ တပ်မတော်မှသတင်းတစ်စုံတစ်ရာ ထုတ်ပြန်မှုမရှိသေးသော်လည်း TNLA ကမူ တပ်မတော်၏ လက်နက်ကြီးကျည်ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု စွပ်စွဲ ပြောဆိုထားသည်။ မေလ ၂ ရက်နေ့ နေ့လယ်ကဖြစ်ပွားသည့် အဆိုပါတိုက်ပွဲမှာ ညနေ ၄ နာရီခန့်အထိ ပစ်ခတ်မှုများရှိနေသေးကြောင်းသိရသည်။

တပ်မတော် တပ်မ ၈၈ နှင့် TNLA တပ်ရင်း ၅၇၁တို့တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်၊ ၃ဝ ရက်နေ့များကလည်း နမ့်ခမ်းမြို့နယ်၊ မန်တုံမြို့နယ်နှင့် ကွတ်ခိုင်မြို့ နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သတင်းထုတ်ပြန်မှု များအရ သိရသည်။ ဧပြီလ ၇ ရက်နေ့နောက်ပိုင်း ရှမ်းမြောက်ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားမှု ခေတ္တ ရပ်တန့်ခဲ့ပြီး ဧပြီ ၂၉ ရက်နေ့တွင် ပြန်လည် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

TNLA သည် NCA စာချုပ် လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး NCA စာချုပ်ကို သွေဖည်ကာ ကော်မတီသစ်တစ်ရပ်ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးသွားမည်ဟူသော ကြေညာချက်တစ်စောင်ကို (ဝ) အဖွဲ့ UWSA နှင့်ပူးပေါင်း ထုတ်ပြန်ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*