ရန်ကုန်တွင် M-150 အချိုရည် ပုလင်းခွံ အသုံးပြု၍ ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြ သူတို့မှာ “အယ်လ်ယံကီး (ခံယူချက်)” အဖွဲ့ဝင်များဖြစ်နေ

ရန်ကုန်တွင် M-150 အချိုရည် ပုလင်းခွံ အသုံးပြု၍ ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြ သူတို့မှာ “အယ်လ်ယံကီး (ခံယူချက်)” အဖွဲ့ဝင်များဖြစ်နေ
November 15, 2017 Asian Fame

4:18 pm
ရန်ကုန်တွင် M-150 အချိုရည် ပုလင်းခွံ အသုံးပြု၍ ဖောက်ခွဲမှု ကျူးလွန်ခဲ့ကြ သူတို့မှာ “အယ်လ်ယံကီး (ခံယူချက်)” အဖွဲ့ဝင်များဖြစ်နေ
ယမန်နှစ် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဒေါပုံမြို့နယ် Capital Hyper Mart တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က (ဓာတ်ပုံ - ကိုမျိုး)

ယမန်နှစ် နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဒေါပုံမြို့နယ် Capital Hyper Mart တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့စဉ်က
(ဓာတ်ပုံ – ကိုမျိုး)

(ရန်ကုန်၊ နိုဝင်ဘာ ၁၅)

ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးဝင်း၊ ဒေါပုံ Capital Hyper Mart နှင့်တောင်ဒဂုံလ.၀.ကရုံးတို့ကို M-150 အချိုရည်ပုလင်းခွံအသုံးပြုပြီး ယမန်နှစ်က ဖောက်ခွဲမှုများ ကျူးလွန်ဆောင်ရွက်ခဲ့သည့် မောင်မောင်လွင်ပါ ၈ဦးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တရားမ၀င်ဖွဲ့စည်းထားသော “အယ်လ်ယံကီး(ခံယူချက်)”အဖွဲ့သို့ ၀င်ရောက်ထားကြသည့် အဖွဲ့ဝင်များဖြစ်နေကြောင်း သက်ဆိုင်ရာမှ သိရသည်။

၂၀၁၆ နိုဝင်ဘာလအတွင်းက ရက်အနည်းငယ်သာခြားပြီး ရန်ကုန်မြို့က အရေးကြီးနေရာတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံးဝင်းအပါအ၀င် နေရာ ၃ခု၌ ၎င်းတို့ ဖေါက်ခွဲမှုများ ကျူးလွန်ခဲ့ကြသည်။

ယင်းအမှုများနှင့်ပတ်သက်၍ မာင်မောင်လွင်(ခ)ကျော်မင်းလွင်၊ လှမြင့်(ခ)ရိုမင်လာ၊ ကျော်လွင်(ခ)ကိုကိုကြီး၊ မောင်မောင်(ခ)ယူနွတ်၊ မိုးနိုင်(ခ) ဇာနည်ရှား၊ ၀င်းနိုင်ဦး(ခ)အီဆာ၊ လှိုင်ဝင်း(ခ)မော်လပီဆိုင်ဖူလာ၊ မင်းမင်း(ခ)ဆွာလေး တို့ကို ယမန်နေ့က တာမွေတရားရုံး၌ ရုံးထုတ်ခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

ယင်းတို့အနက်မှ မိုးနိုင်(ခ) ဇာနည်ရှားသည် ပြီးခဲ့သည့် ၂၀၁၄ ခုနစ်က ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများအနက် ဗုံးဖောက်ခွဲမှုတစ်ခုပြုလုပ်ခဲ့သူ တစ်ဦးဖြစ်နေကြောင်းသိရသည်။

၎င်းတို့ ၈ဦးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကိုထိခိုက်အောင်ပြုလုပ်မှု၊ ဖောက်ခွဲရေးပြုလုပ်ရာတွင် အသုံးပြုသည့်ပိုတက်ဆီယမ် နိုက်ထရိတ်အမှုန့်များစုဆောင်းမှု တို့အပြင် ဖောက်ခွဲရေးပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ တရားမ၀င်ဖွဲ့စည်းထားသော “အယ်လ်ယံကီး(ခံယူချက်)”အဖွဲ့သို့ ၀င်ရောက်မှု အစရှိသည့် ပုဒ်မများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

မင်းသုအောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*