လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့်IT နည်းပညာတလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုအစိုးရအဖွဲ့ကပါ ထောက်ခံ၊ယနေ့ ကျင်းပသည့်လွှတ်တော်တွင် အဆိုကိုအတည်ပြုခဲ့

November 8, 2017 Fame Asian

1:11 pm
လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့်IT နည်းပညာတလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်ထောင်စုအစိုးရအဖွဲ့ကပါ ထောက်ခံ၊ယနေ့ ကျင်းပသည့်လွှတ်တော်တွင် အဆိုကိုအတည်ပြုခဲ့

23231562_1613724048689871_5926580291130580121_n

နေပြည်တော်၊နိုဝင်ဘာ၈

ဂန့်ဂေါ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းထားသည့် လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့်IT နည်းပညာတလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို ကို ပြည်ထောင်စုအစိုးရကိုယ်စား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင် က အတည်ပြုသင့်ကြောင်းယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် ထောက်ခံခဲ့သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များကပါ ထောက်ခံခဲ့ကြ၍ ပြည်သူ့လွှတ်တော်က ယနေ့တွင် အတည်ပြုခဲ့သည်။

အဆိုကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးခဲ့ပြီး နောက် သက်ဆိုင်ရာဝန်ကြီးဌာနကပါ အဆိုကို ပါဝင်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၁၇ စက်တင်ဘာလ အထိ ဆင်းကဒ် သုံးစွဲမှု ၅၆.၁၂၇ သန်း၊အင်တာနက်သုံးစွဲမှု ၄၆.၃၉၁ သန်း ရှိနေပြီး၊၂၀၁၇ ဇန်န၀ါရီလ အထိ Facebook ၊Twitter စသည့် လူမှုကွန်ယက်သုံးစွဲသူ အရေအတွက်မှာ ၁၄သန်းရှိနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

အဆိုကို ဆွေးနွေးခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်အများစုက ပြည်ထောင်စုအစိုးရက IT နည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်လိုလားကြောင်း အသီးသီးတင်ပြခဲ့သည်။

နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က နိုင်ငံတွင် သတင်းအမှားများကို လူထုက အမှန်ဟု ထင်နေကြသဖြင့် နိုင်ငံ၏ စီးပွားရေး၊တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲရလဒ်တွေအထိ သက်ရောက်နိုင်သည်မို့ အလေးအနက်ထားပြီးဖြေရှင်းသင့်ကြောင်း ပြောဆိုခဲ့သည်။

အချို့ကလည်း IT သုံးစွဲမှုကို အစိုးရ က စောင့်ကြည့် ထိန်းချုပ်ပါက မကြာသေးခင်က မှပြဌာန်းထားသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥပဒေ နှင့် ကိုက်ညီ မှုမရှိဟု ထောက်ပြကြပြီး၊FACEBOOK တွင်မမှန် သတင်းဖြန့်ဝေသူများရှိသလို မှန်ကန်သည့်အချက်အလက်များဖြန့်ဝေသူများလည်း ရှိနေကြောင်း၊မမှန်သတင်းဖြန့်ဝေမှုသည် သုံးစွဲသူ တစ်ယောက်ခြင်းစီ၏ စိတ်ဓါတ်နှင့်သာ သက်ဆိုင်ကြောင်း၊”IT နည်းပညာသုံးစွဲမှုကြောင့် လူငယ်များအကျင့်စာရိတ္တပျက်ပြားနေကြတာလား၊IT နည်းပညာသုံးစွဲမှုကြောင့် ရပ်ရွာအေးချမ်းသာယာရေးတွေ ပျက်ပြားနေတာလား”‘ ဆိုပြီး အဆိုရှင်ကို မေးခွန်းပြန်လည်ထုတ်ခဲ့မှုများလည်းရှိနေသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကမူ facebook ပေါ်တွင်အများစုအချိန်ကုန်နေကြပြီး၊အကျိုးပြုစာအုပ်စာပေများကို ဖတ်ရှုမှုနည်းပါးနေခြင်းတို့ကြောင့် နိုင်ငံအတွက် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာမှုကိုပါ များစွာထိခိုက်ဆုံးရှုံးနေကြောင်း ထည့်သွင်းထောက်ပြကာ အချို့သောသုံးစွဲသူတို့သည် အဖွဲ့တစ်ခုနှင့်တစ်ခုကြား၊လူမျိုးတစ်ခုနှင့်တစ်ခုအကြား အမုန်းတရားများဖြစ်အောင် ငွေကြေးအမြောက်အမြားအကုန်ခံပြီး လုပ်ဆောင်နေကြကြောင်း ပြောဆိုခဲ့သည်။

ယင်းအပြင် ဖုန်းအသုံးပြု၍ ဖောက်ခွဲမှုများလုပ်လာသည်ကိုတွေ့နေရကြောင်း၊ဆင်းကဒ်များကိုလည်း အထောက်အထားမရှိဘဲ ကိုင်နေကြကာ တဆင့်စီလွဲပြောင်းနေခြင်းတို့ကိုပါလုပ်နေ၍ နိုင်ငံတော်လုံခြုံရေးကိုစိုးရိမ်ရကြောင်း ၎င်းက ဆက်ပြောပြီး၊ IT နည်းပညာအလွဲသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်မှာ ငွေကြေးအမြောက်အများကုန်မည်ဖြစ်၍ လက်ရှိအခြေအနေနှင့်သင့်/မသင့် စဉ်းစားရန်နှင့် ပြည်ပအကူအညီရယူတည်ဆိုပါက လုံခြုံရေးကိုပါထည့်သွင်းစဉ်းစားရန် တပ်မတော်သားကိုယ်စားလှယ်က ပြည်ထောင်စုအစိုးရက အကြံပြုကာ အဆိုကို ထောက်ခံခဲ့သည်။

PN/စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*