ဘာသာပေါင်းစုံဆုတောင်းပွဲ တက်ရောက်နိုင်ခြင်းမရှိသူတွေ အနေနဲ့ မိမိတို့နေအိမ်မှာပဲ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပေးကြဖို့ မန်း ၀န်ကြီးချုပ် မေတ္တာရပ်ခံ

ဘာသာပေါင်းစုံဆုတောင်းပွဲ တက်ရောက်နိုင်ခြင်းမရှိသူတွေ အနေနဲ့ မိမိတို့နေအိမ်မှာပဲ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပေးကြဖို့ မန်း ၀န်ကြီးချုပ် မေတ္တာရပ်ခံ
October 10, 2017 Asian Fame

11:11 am
ဘာသာပေါင်းစုံဆုတောင်းပွဲ တက်ရောက်နိုင်ခြင်းမရှိသူတွေ အနေနဲ့ မိမိတို့နေအိမ်မှာပဲ ဖယောင်းတိုင် မီးထွန်း ဆုတောင်းပေးကြဖို့ မန်း ၀န်ကြီးချုပ် မေတ္တာရပ်ခံ

Mann-(မန္တလေး ၊အောက်တိုဘာ၁၀)

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ ကျင်းပပြုလုပ် သွားမယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားမှာ တက်ရောက်နိုင်ခြင်း မရှိသူတွေ အနေနဲ့ မိမိတို့နေအိမ်မှာပဲ ဖယောင်းတိုင် မီးထွန်းဆုတောင်းပေးကြဖို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီနေ့မနက်ပိုင်းမှာပဲ ပြည်သူသို့မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

“ကျွန်တော်တို့က မေတ္တာရပ်ခံတာပါ၊ ကွင်းမလာနိုင် သူတွေရှိမယ်၊ သူတို့အနေ နဲ့က အိမ်မှာပဲ ဖယောင်းတိုင် မီးဆီမီးလေးထွန်းပြီးဆုတောင်းပေးရုံပါပဲ မြန်မာနိုင်ငံကြီးငြိမ်းချမ်းပါစေ ဆိုတာကို ဆုတောင်းပေးကြရုံပါ” လို့ မန်းဝန်ကြီးချုပ်ကပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၀ ရက် အင်္ဂါနေ့ညနေပိုင်း ကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ကျင်းပပြုလုပ်သွားမယ့် ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကဦးဆောင် စီစဉ်တာလို့ သိရပြီး နိုင်ငံငြိမ်းချမ်းရေး အတွက် ရည်ရွယ်တာဖြစ်တာကြောင့်လည်း ပြည်သူ့ဝန်ထမ်းတွေပါ ပါဝင်ပူးပေါင်းစေချင်တယ် လို့ ၀န်ကြီးချုပ်က ဆိုပြန်ပါတယ်။

နိုင်ငံတော်အစိုးရက နိုင်ငံတော် စီမံခန့်ခွဲရေး လုပ်ဆောင်နေချိန်မှာ ငါတို့ကတော့ ၀န်ထမ်းပဲ ဆိုပြီးတော့ ဘေးမထွက်စေချင်ဘူး၊ နိုင်ငံရေးမှာဝန်ထမ်းတွေ မသက်ဆိုင်ဘူး ဆိုတာ မဟုတ်ပါဘူး၊ ဒီငြိမ်းချမ်းရေး ဆုတောင်းပွဲမှာ ၀န်ထမ်းတွေကိုလည်း ပါဝင်စေချင်တယ်” လို့လည်း ၀န်ကြီးချုပ် ကပြောပါတယ်။

ရခိုင်အရေးပြဿနာ နောက်ဆက်တွဲ အဖြစ် မြန်မာနိုင်ငံ အပေါ် ပြည်ပနိုင်ငံ တစ်ချို့ရဲ့ မုန်းတီးမှုတွေပေါ်ပေါက် လာတာမှာ ပြည်တွင်းငြိမ်းချမ်းရေး မြတ်နိုးသူ တွေက မြန်မာပြည်သူတွေဟာ မြန်မာအစိုးရ အထူးသဖြင့် နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တစ်သားထဲ ရှိနေပါတယ်ဆို တာကိုပြသတဲ့ အနေနဲ့ နိုင်ငံတော် ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ်အားထောက်ခံပွဲတွေ ကျင်းပခဲ့ကြပါတယ်။

အခုဘာသာပေါင်းစုံဆုတောင်းပွဲက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်တာဖြစ်ပြီး အဓိက ရည်ရွယ်ချက် နဲ့ပတ်သက် လို့တော့ ၀န်ကြီးချုပ်က “မြန်မာနိုင်ငံငြိမ်းချမ်းပါစေ ဆိုတဲ့ရည်ရွယ်ချက် နဲ့လုပ်တဲ့ ဆုတောင်းပွဲပါ၊ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသူနိုင်ငံသား အားလုံးအတွက်ရည် ရွယ်ပြီးဆုတောင်းတာဖြစ်တယ်၊ ဘာကြောင့်ဆုတောင်းရသလဲ ဆိုတော့ ပဋိပက္ခတွေ ဖြစ်နေတဲ့နေရာတွေရှိတယ်၊ စစ်မက်ဖြစ်နေတဲ့ နေရာတွေရှိတယ်၊ ပဋိပက္ခဖြစ်နေတာရော အမုန်းတရားတွေ ရှိနေတာရော အားလုံးကို ကျွန်တော်တို့က မေတ္တာနဲ့ကျော်လွှားချင် လို့ဆိုပြီးတော့ ဆုတောင်းတာပါ၊ ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတွေ အားလုံးက မေတ္တာ ထားတတ်တယ်၊ ကရုဏာထားတတ်တယ်၊ မုဒိတာ ထားတတ်တယ်၊ ဥပက္ခောထားတတ်တယ် မြင့်မြတ်တဲ့ အကျင့်တရားကို ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေက ကျင့်သုံးနေကြတယ် ဆိုတာကိုလည်း (ကမ္ဘာ)သိစေချင်လို့ ဘာပဲဖြစ်ဖြစ် ရှိနေတဲ့အမုန်း တရားတွေကို ကျွန်တော်တို့က မေတ္တာ နဲ့ကျော်လွှားအောင်မြင်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ဆုတောင်းပွဲကျင်းပ တာပါ” လို့ ပြောပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားတွေမှာ ဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာ ဟိန္ဒူဘာသာ အစ္စလာမ်ဘာသာ ဘဟာ အီဘာသာ တွေပါဝင်မှာဖြစ်ပြီး အောက်တိုဘာ တစ်လလုံး အပတ်စဉ် အင်္ဂါနေ့တိုင်း ကျင်းပပြုလုပ်သွားကြဖို့ စီစဉ်ထားတယ် လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*