ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကို NLD ဘာ့ကြောင့်လုပ်တာလဲ

ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကို NLD ဘာ့ကြောင့်လုပ်တာလဲ
October 9, 2017 Fame Asian

2:11 pm
ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကို NLD ဘာ့ကြောင့်လုပ်တာလဲ

22365268_1583005618428381_4824465644800338154_n

မန္တလေး၊အောက်တိုဘာ၉

ဘာသာပေါင်းစုံဆုတောင်းပွဲတွေ ကျင်းပပြုလုပ်ဖို့ စီစဉ်တာဟာ အမုန်းတရား နဲ့ ဖိအားတွန်းအားတွေအပေါ် ပြည်သူလူထုက မေတ္တာနဲ့တုန့်ပြန်တယ်ဆိုတာကို ဖော်ထုတ်ပြသဖို့ဆိုတဲ့ ရည်ရွယ် ချက်တစ်ခုကြောင့်ပဲဖြစ်တယ် လို့ ဒီနေ့ အောက်တိုဘာ ၉ ရက်က ဒီ/ချုပ်ပါတီ မန္တလေးတိုင်း ဒေသကြီးရုံးမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ တိုင်းဒေသကြီးအလုပ်အမှုဆောင်ဥက္ကဌက ပြောပါတယ်။

“အမုန်းတရားတွေ ဖိအားတွေ တွန်းအားတွေကို ပြည်သူလူထုကမေတ္တာနဲ့တုန့်ပြန်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဦးဆောင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သွားမှာလည်းဖြစ်ပါတယ်၊ အထက်မြန်မာပြည်အနေနဲ့ကတော့ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့နဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာပါ” လို့ ဥက္ကဌဦးတင်ထွဋ်ဦးကပြောပါတယ်။

အဲဒီလိုကျင်းပပြုလုပ်တာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဆက်ဆံတဲ့အနေအထားတွေမှာ ဖိအားတွေ အမုန်းတရားတွေနဲ့ ရင်ဆိုင်နေရချိန် အရာရာကို ကျော်လွှားရင်ဆိုင်ဖို့ အသင့်ဖြစ်နေပေမယ့်လည်း သူ့နောက်က ရပ်တည်မယ့် ပြည်သူလူထုအနေနဲ့ အမုန်းတရားတွေ၊ အာဃာတတွေ၊ ဒေါသတွေနဲ့ မရပ်တည်ဘဲ မေတ္တာတရားနဲ့ပဲ ရပ်တည်နေတယ်ဆိုတာကို ပြသလိုတဲ့ရည်ရွယ်ချက်ကြောင့်လည်းဖြစ်တယ်လို့သိရပါတယ်။

“ဘရူနိုင်းညစာစားပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ပြောခဲ့တာ အားလုံးအသိပဲဖြစ်မှာပါ မီးကို မီးနဲ့ငြှိမ်းလို့မရဘူး၊ မီးကို ရေနဲ့ ငြှိမ်းမှရတယ်၊ အမုန်းကို အမုန်းနဲ့ ငြှိမ်းလို့မရဘူး၊ အမုန်းကို မေတ္တာနဲ့ငြှိမ်းမှရတယ် တဲ့ ပြည်သူလူထုကိုသင်ကြားပေးပြီး ဆွဲခေါ်သွားတယ်လို့ထင်ပါတယ်၊ ပြည်တွင်းက လူထုအားနဲ့ကျော်လွှားသွားရမှာပါ၊ အဲဒီ ပြည်သူလူထုအားကို ပြချင်တာပါ ခေါင်းဆောင်ရဲ့ရည်ရွယ်ချက်နဲ့ စိတ်ကူးစိတ်သန်းကိုသိစေချင်တာပါ” လို့လည်း ၄င်းကဆိုပါတယ်။

ဘာသာပေါင်းစုံဆုတောင်းပွဲအစီအစဉ်မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ ဘဟာအီဘာသာ စတဲ့ ဘာသာပေါင်းစုံ စုစည်းမှုနဲ့ ဖယောင်းတိုင်ဆီမီးတွေထွန်းညှိသွားမှာဖြစ်ပြီး စီတန်းလှည့်လည်ခွင့်တော့မပေးထားဘူးလို့လည်းသိရပါတယ်။

အဆိုပါ ဘာသာပေါင်းစုံဆုတောင်းပွဲတွေကို မနက်ဖြန် အောက်တိုဘာ ၁၀ ရက် အင်္ဂါနေ့က စလို့ အပတ်စဉ်အင်္ဂါနေ့တိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးကျင်းပပြုလုပ်သွား ဖို့စီစဉ်ထားတယ်လို့သိရပြီးမန္တလေးတိုင်းဒေသကြီးမှာလည်း အလားတူစီစဉ်ထားရာ မနက်ဖြန် ညနေ ၆ နာရီမှာ မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းအတွင်း ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*