ဆန်၊စက်သုံးဆီ ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်ကတနိုင်းမြို့

ဆန်၊စက်သုံးဆီ ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်ကတနိုင်းမြို့
October 3, 2017 Fame Asian

3:45 pm
ဆန်၊စက်သုံးဆီ ရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ ကချင်ပြည်နယ်ကတနိုင်းမြို့

22089828_1965274517059452_7718887177459118294_n (1)

တနိုင်း ၊ အောက်တိုဘာ ၃

တနိုင်းဒေသမှာလက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီနဲ့ ဆန် ပြဿနာအတွက် အစိုးရအဖွဲ့အတွင်းအစည်းအဝေးပြုလုပ်ဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ် တနိုင်းဒေသမှာဆိုရင် စက်သုံးဆီ ဈေးနှုန်းကြီးမြှင့်မှု ၊ ဆန်အခက်အခဲတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တနိုင်းမြို့ထဲမှာ စက်သုံးဆီဈေးနှုန်း ကျပ် ၃၀၀၀ ကျော်ကနေ ၄၀၀၀ ကျော်ထိတက်သွားတဲ့ပြီး စက်သုံးဆီဆီကိုလည်းလက်လီပုလင်းနဲ့ဝယ်ယူလို့မရတော့လို့ ၄မိုင်လောက်အကွာမှာသွားဝယ်နေရတဲ့အကြောင်း ဒေသခံတွေက ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး တနိုင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ စက်တင်ဘာ ၂၉ ရက်နေ့ကမြစ်ကြီးနားမြို့မှာတွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့သေးတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်က “တွေ့ဆုံပွဲတုန်းကလည်း လွှတ်တော်ကိုယ်စားလှယ်တွေက တနိုင်းမှာ ဆန်/ ဆီ ဈေးအရမ်းကြီးနေတဲ့ကိစ္စကိုပြောပါတယ်။ တင်ပြသွားတဲ့ကိစ္စအပေါ်ကျွန်တော်တို့ပြည်နယ်အစိုးရကလည်း ဒီဖြေလျော့မှုအတိုင်းအတာမျိုးပေါ့လေ တစ်ချို့ဟာတွေကလည်းပြန်လည်ဆွေးနွေးရဦးမယ့်ကိစ္စတွေရှိပါသေးတယ်။ ဒေသခံတွေအဆင်ပြေအောင်တော့ ဖြေလျော့မှုတစ်ခုခုမျိုးဆောင်ရွက်သွားမှာပါ။ အမှန်ပြောရရင်တော့ဒီဒေသမှာက သယ်ယူခွင့် သယ်ဆောင်ခွင့်ကိုနယ်မြေလုံခြုံရေးအခြေအနေအရ စစ်တပ်ကထိန်းချုပ်ထားတယ်လေ။ ဆန်နဲ့ဆီကိစ္စပါပဲ တစ်ခြားကိစ္စတော့မရှိပါဘူး။ သိပ်မကြာခင်မှာ အကောင်းဆုံးဖြစ်သွားမှာပါ။ ဒါကိုလည်း အစိုးရအဖွဲ့အတွင်းမှာ အစည်းအဝေးတစ်ချို့လုပ်ရင်းဆွေးနွေးသွားပြီး ဆောင်ရွက်ပေးသွားမှာပါ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တနိုင်းမြို့နယ် မုန်ဒိန်ရပ်ကွက် ဒေသခံတစ်ဦးကတော့ ပြီးခဲ့ရက် ၂ ရက်ကပဲ မြို့ထဲမှာစက်သုံးဆီလိုက်ဝယ်တာ ၀ယ်လို့မရခဲ့ဘူးလို့ ပြောပါတယ်။
သယ်ယူပို့ဆောင်မရတဲ့အခက်အခဲကြောင့် တနိုင်းမှာ ဆန်လည်းရှားပါးနေတယ်လို့သူကဆက်ပြောပါတယ်။

တနိုင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက “ဆီကရှာလို့ရသေးတယ်။ ဆန်ကတော့ ရှားကိုရှားနေတာ။ ရောင်းမယ့်ဆိုင်ကိုမရှိသလိုဖြစ်နေတယ်။ ဆီကလည်းမြို့ထဲမှာရောင်းခွင့်မပေးထားဘူး” လို့ ဆိုပါတယ်။

အရင်ကတော့ တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့ကို လိုအပ်တဲ့ တစ်လလိုအပ်တဲ့ ဆန်ပမာဏဘယ်လောက်ဆိုပြီးခွဲတန်းချကာ သယ်ယူပို့ဆောင်ရေးပိုင်းထိန်းချုပ်ထားတဲ့သူတွေက သယ်ယူခွင့်ပြုပေးခဲ့တယ်လို့သိရပါတယ်။

“ပြီးခဲ့တဲ့ ၅ လပိုင်းကတည်းက တနိုင်းအတွက် ဆန်ခွဲတန်းကမရတော့ဘူး။ ခွဲတန်းဆိုတာက ဒီလိုပါ။ တနိင်းနဲ့ ရှင်ဗွေယန်ကို တစ်လကို ဆန်ဘယ်နှစ်အိတ် ဆီဘယ်နှစ်အိတ်ဆိုပြီး ခွဲတန်းချပေးပြီး သယ်ယူခွင့်ပေးတာ။ အဲ့ခွဲတန်းကို မရတော့တာ ။ ဒီသယ်တဲ့လမ်းပိုင်းမှာလည်း ဘယ်သူတွေ ထိုင်နေတယ်ဆိုတာ အားလုံးသိတာပဲဗျာ” လို့ ဦးလင်းလင်းဦးက ဆက်ပြောပါတယ်။

ဒီသယ်ယူပို့ဆောင်ရေးပိုင်းမှာ ဘယ်သူက အဓိကတာဝန်ရှိတယ်ဆိုတာကို ဘယ်သူမှ တိတိကျကျပြောဆိုခြင်းမရှိပါဘူး။

ဒ့ါအပြင် နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်း ၊လမ်းပိုင်းတစ်လျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ၊ ပုဂ္ဂလိကငွေကောက်ခံတဲ့ဂိတ်တွေ ၊ တပ်မတော်ဂိတ်တွေနဲ့ ရှုပ်ထွေးနေတာတွေကလည်းပြဿနာတစ်ခုအဖြစ်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

“၅ ဂါလံ တစ်ပုံးကို ၁၈၅၀၀ ပေးရတယ်ဗျ။ အဲ့ဒါတောင် ပြီးခဲ့တဲ့ ၂ ရက်လောက်က လိုက်ဝယ်တာဝယ်မရဘူး။ ကျွန်တော်လည်း မုံရွာက မှာလိုက်ပြီး ပါလာတဲ့ ဆီလေးသုံးပြီးမောင်းနေရတယ်။ ဒေသခံအများစုကတော့ လေးမိုင်အကွာလောက်မှာ အောင်ဟိန်းဆိုတဲ့ ဆီပန့်နဲ့ရောင်းတဲ့ဆိုင်ရှိတယ်။ အဲ့ဒီမှာသွားဝယ်နေကြတယ်” လို့ မုန်ဒိန်ရပ်ကွက် ဒေသခံကဆိုပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်တာဝန်ယူထားတဲ့ ပြည်နယ်ဥပဒေချုပ် ဦးDဆင်ရမ် ကတော့ တနိုင်းရဲ့လက်ရှိ ဆီနဲ့ဆန်ပြဿနာဟာ ပြည်နယ်အစိုးရက တစ်စုံတစ်ရာပိတ်ထားတာမျိုးမဟုတ်ဘူးလို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

Ye Lwin

Photo- Moe Tein

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*