10:54 am
မန္တလေး၊စက်တင်ဘာ၂၂
ငြိမ်းချမ်းရေးရမှသာ ဒီမိုကရေစီရှင်သန်နိုင်မှာဖြစ်တဲ့အတွက် တိုင်းပြည်ရဲ့အနာဂတ်အတွက် ငြိမ်းချမ်းရေးဟာအလွန်အင်မတန်အရေးကြီးတယ်လို့ မန္တလေးမြို့က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။
“ငြိမ်းချမ်းရေးရမှ ဒီမိုကရေစီရှင်သန်ခိုင်မာအောင်လုပ်လို့ ရမယ် ဒါမှလည်း ကျွန်တော်တို့နိုင်ငံရဲ့အနာဂတ်ဟာ ရေ ရှည်တည်တံ့ခိုင်မြဲဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်လာမယ် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ကျွန်တော်တို့ဖခင်ဗိုလ်ချုပ်အိပ်မက်မက်ခဲ့တာကို သူ့သမီး ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်နေပါတယ် ။နောက်ကွယ်ကနေ ရပ်တည်ပေးရမှာက ပြည်သူ့တာဝန်ပါ” လို့ ၀န်ကြီးချုပ်ကဆိုပါတယ်။
စက်တင်ဘာ ၂၁ ရက်က မန္တလေး မနော်ရမ္မံအဆင့်မြင့်ကစားကွင်းအတွင်း အရပ်ဖက်အဖွဲ့အစည်း ၂၀ ပူးပေါင်းစီစဉ်တဲ့ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားမှာ ပြည်သူသို့တိုက်တွန်းပြောဆိုလိုက်တာပါ။
မနေ့ကကျရောက်တဲ့ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကိုနိုင်ငံအနှံ့အပြားကမြို့ကြီးတွေမှာကျင်းပခဲ့ကြသလို မန္တလေးမြို့မှာလည်း ကျင်းပခဲ့တာမှာ မန္တလေးမြို့ရဲ့ အခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ တက်ရောက်အားပေးခဲ့ ပါတယ်။
“ဒါ ကျွန်တော်တို့က အရပ်ဖက်အဖွဲ့အစည်းတွေစုစည်းမှု နဲ့ကျင်းပတာပါ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိလာစေဖို့ အခုလိုစီစဉ်ကျင်းပရတာပါ” လို့ အခမ်းအနားကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အခမ်းအနားကျင်းပရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဘိုဘိုမျိုးက ပြောပါတယ်။
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူတွေဘက်က အမှန်တကယ်လိုလားတယ်ဆိုတာပေါ်လွင်စေဖို့ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကဏ္ဍစုံပါဝင်ဆွေးနွေးမှုကို အလေးထားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်းရှိတယ်လို့ ၄င်းကပြောပါတယ်။
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို ၁၉၉၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်ကစတင်ပြီး ရည်ရွယ်ချက် ၃ ချက်နဲ့ ကျင်းပလာခဲ့ကြတာဖြစ်ပြီး အဲဒီကစလို့ အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားတွေကို ကမ္ဘာ့နိုင်ငံ အသီးသီးမှာ တစ်ရက်တည်းတစ်ပြိုက်နက်တည်း ကျင်းပလာခဲ့ကြတာဖြစ်ပါတယ်။
မန္တလေးမြို့က အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခမ်းအနားကို ညနေ ၅ နာရီ မှ ည ၈ နာရီအထိကျင်းပတာပဲဖြစ်ပြီး ပြခန်းတွေ ဖျော်ဖြေရေးအစီအစဉ်တွေ ကဗျာရွတ်ပွဲတွေလည်းပါဝင်ပါတယ်။
အခမ်းအနားအပြီးမှာ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဖက်အဖွဲ့ အစည်းတွေကို ပြင်ပကနေမဟုတ်ဘဲ ထဲထဲဝင်ဝင်ပါဝင် ခွင့်ပေးဖို့ကိုလည်း တောင်းဆိုသွားပါတယ်။
News & Photos by စောထွေး